ဒီစာစုလေးက ကျနော် Feb 13 မှာ တင်ထားခဲ့တဲ့ post ရဲ့နောက်ဆက်တွဲပါ။

အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ထောင်ချထားတယ်လို့ ခံစားနေရလို့ အကူအညီတောင်းခဲ့တဲ့ post လေးပါ။ နဲနဲလေး  ပြန်ကောက်ပေးပါဦးမယ်။

………………………………

အာဇာနည် ဗိမ္မာန်မှာ

အဖ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ထောင်ချထားတယ်လို့များ မမြင်မိကြဘူးလားဟင်?

တနှစ်လုံးမှာ တစ်ရက်တည်း အဲဒီ့တစ်ရက်တည်းမှာတောင် နာရီအကန့်အသတ်နဲ့ ထောင်ဝင်စာ တွေ့ခွင့်ပေးနေတယ်လို့ မခံစားရဘူးလား?  ကျနော်တော့ အဲဒီ့လိုပဲ ခံစားမိတယ်ဗျာ။

…………………………….

ဘက်စုံ ချွတ်ခြုံ ကျနေတဲ့ တိုင်းပြည်တစ်ပြည်ကို လမ်းကြောင်းပြောင်း ပြန်လည်တည်ဆောက်ယူရာမှာ အရေးကြီးဆုံး လိုအပ်တာက “  စိတ်ဓါတ် ” ပါ။

ကျနော်မြင်နေတဲ့ ကိုးကွယ်ရာကတော့ “အောင်ဆန်ုးစိတ်ဓါတ် ” ပါပဲ။

ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ပြန်လည်ထုတ်ဝေသင့်ပါပြီ။

ပိတ်ထားခဲ့၊ ပိတ်ထားဆဲ အာဇာနည်ဗိမ္မာန် ကိုလည်း အများပြည်သူအတွက် ပြန်ဖွင့်ပေးသင့်ပါပြီ။ အာဇာနည်ဗိမ္မာန် ကို သွားရောက်အလေးပြုရင်း “အောင်ဆန်ုးစိတ်ဓါတ်” တွေ များများလာစေဖို့ပါ။

အခုလွှတ်တော်ကြီးကျင်းပနေတုန်းမှာ အာဇာနည်ဗိမ္မာန်ကို ပြန်ဖွင့်ပေးဖို့အတွက် မီဒီယာတွေက အသံပြုစေချင်ပါတယ်။

…………………………………………….

 

အဲဒီ့ post ကို ပထမဆုံး သူကြီးက (post တင်ပြီး နာရီပိုင်းအတွင်း) ဒီလို Comment စပေးခဲ့ပါတယ်။

 

kai says:

မြန်မာစစ်တပ်ဟာ ..ပရောဖက်ရှင်နယ်..စစ်တပ်စစ်စစ်ဖြစ်ဖို့.. အနည်းဆုံး ၁၀နှစ်တော့ စောင့်ရလိမ့်မယ်…။

သမ္မတဦးသိန်းစိန်နဲ့.ဒေါ်အောင်ဆန်းစုကြည်က.. ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံရှေ့.. စကားပြောခဲ့ကြတာမို့.. ဗိုလ်ချုပ်အောင်ဆန်းအခန်ကဏ္ဍ ..ပြန်ပွင့်လင်းလာမယ်ထင်မိပါတယ်..။
အာဇာနည် ဗိမ္မာန်ကတော့.. (ပိတ်ထားရင်တောင်).. ပြန်ဖွင့်လာတော့မယ်ထင်မိပါကြောင်း…။

 

သူကြီးရယ်… လက်ရှိ ဦးသိန်းစိန် အစိုးရဟာ စစ်အစိုးရကနေ အ၀တ်ပြောင်းဝတ်၊ ဗိုလ်ချုပ်ကနေ ဦး နာမည်ပြောင်းထားတဲ့ အစိုးရပါ။ သူတို့အတွက် အသာရနေသရွေ့ မှိန်းနေခဲ့တဲ့ အစိုးရပါ။ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကိုဘဲကြည့်ပါ။

အော်လွန်းမကအော်.. စစ်ရာဇ၀တ်ခုံရုံးနဲ့ ခြိမ်းခြောက်တော့မှ လွှတ်ပေးခဲ့တာပါ (ဒါတောင် ကျန်နေသေး၊ ချန်ထားသေး)။ သူတို့ (စစ်အစိုးရ) ဦးနေ၀င်းက အစ ကြောက်နေခဲ့တာက အဖ ဗိုလ်ချုပ်အောင်ဆန်းဗျ၊ အဲဒါကြောင့် သူ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို နှိပ်ကွပ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံရိပ်ကို လူမြင်ကွင်းကနေ ကွယ်ပျောက်နေအောင် နှစ်ရှည်လများ ကြိုးစားနေခဲ့တာပါဗျာ။

သူတို့ပြောင်းလဲပါပြီဆိုပြီး ပြန်ဟန်ဆောင်ခဲ့တာ ဦးသိန်းစိန်နဲ့ ဒေါ်စုတွေ့ချိန် (ပြင်ပဖိအား များလွန်းအားကြီးလို့ မဖြစ်မနေ လက်ခံရတော့မယ့် အချိန်) ကျမှပါ။  ဒါတောင်ခဏလေးပဲနော်။ နောင်ဧည့်သည်တွေနဲ့ သမ္မတ တွေ့ဆုံမှုမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ မပြတော့ပါဘူး။ (သဲကန္တာရထဲ ရောက်နေရတာမို့ Internet သတင်းတွေကိုဘဲ ကိုးကားမိပါတယ်။ အကယ်၍  ဦးသိန်းစိန်ကို အဖဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံအောက်မှာ ထပ်ပြီး ဖေါ်ပြ / တွေ့ နေခဲ့သေးတယ်ဆိုရင်တော့ ဒီရေးသားမှုအတွက် ခွင့်လွှတ်ပေးပါ။)

အခု အာဇာနည်ဗိမ္မာန်ကို ပိတ်ထားတဲ့ကိစ္စ သူတို့သဘောနဲ့သူတို့  ပြန်ဖွင့်တာကို စောင့်မယ်ဆိုရင် … သူကြီးရေ… ကိုစိန်ပေါက်ပေါက်ရဲ့ စကားငှားသုံးရရင် “နောက်ဘုရားတောင် မှီပါ့မလားဘဲ” …  ထပ်ပြောချင်တာက  မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ဦးဆောင်မှုပေးခဲ့တဲ့၊ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျဆုံးသွားရရှာတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဘယ်လိုထားထားခဲ့သလဲ ဆိုတာပါ။ ဘယ်လိုထားနေသလဲ ဆိုတာပါ။

ဒီမှာ အလုပ်အတူလုပ်နေတဲ့ ဖိလစ်ပိုင်တွေကို မေးကြည့်မိတယ်။ သူတို့တွေ ဂုဏ်ယူဝံ့ကြွားစွာနဲ့ Internet ပေါ်က Philippine Web-site တွေဖွင့်ပြတယ်ဗျ။ သူတို့ပြတဲ့ ဓါတ်ပုံတွေထဲမှာ ကျနော်တို့ဆီက ပြည်သူ့ရင်ပြင်လို ပန်းခြံကြီးထဲမှာ မိန်းလမ်းမနဲ့ ကပ်လျက် သံပန်းတံခါးတွေ လုံးဝ ကာရံမထားတဲ့ နေရာမှာ သူတို့ရဲ့ National Hero ဂျိုဆေရီဇယ် ရဲ့ အုတ်ဂူကို အမြင့်မှာတင်ထားတယ်။ ရှေ့မှာ ဂုဏ်ပြုတပ်သားတစ်ယောက် ရှိတယ်။ လုံးဝမလှုပ်မရှားရပါဘူး။ နာရီဝက်ကြာရင် တာဝန်လဲယူမယ့် နဲနဲ လွတ်လွတ်လပ်လပ် နေခွင့်ရတဲ့ နောက်တစ်ယောက်က နောက်ဖက်မှာ ရှိတယ်တဲ့။  တစ်နာရီ တစ်ခါ စစ်ရေးပြနဲ့ အဲဒီ့ ၂ ယောက်ကို နောက်ထပ် ၂ ယောက်က တာဝန်လာလဲ ပေးတယ်တဲ့။ အဲဒီ့နေရာမှာ ရပ်ခွင့်ရတဲ့ ဂုဏ်ပြုတပ်ဖွဲ့ဝင် ဖြစ်ဖို့ အရမ်းကြိုးစားရပြီး.. အရမ်းဂုဏ်ယူကြတယ်ဆိုဘဲ။  အဲဒီ့မှာ ဂုဏ်ပြုတပ်သားတွေနဲ့ တွဲပြီး ဓါတ်ပုံရိုက်နေကြတာတွေ ကလေးငယ်လေးတွေ (ကျောင်းသားလေးတွေ ထင်ပါတယ်) အုပ်စုလိုက် ဂါရ၀ပြုနေကြတာတွေ … အားကျ…လိုက်..တာ…ဗျာ….

သူကြီးတို့ဆီမှာလည်း နာမည်ကျော် စစ်သင်္ချိုင်းတွေရှိပါတယ်။ အာလင်တန်..ဆိုလား?  ဆိုဖာပေါ်ကနေမိန့်မိန့်ကြီး ထိုင်ကြည့်နေတဲ့ ဟို မုတ်ဆိတ်ဖားဖားနဲ့ ခပ်ပိန်ပိန်လူကြီး ရုပ်ထုလည်း ရှိနေပါကောလား?

ကျနော်တို့ရင်ထဲက အဖဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ကြီးတွေခမျာမှာတော့ ဂုဏ်ပြုတပ်ဖွဲ့ဝေးလို့ ပတ်ချာလည် သံပန်း၊ သံချွန်တွေ ကာရံပြီး ဂိတ်ပေါက်ဝမှာ သေနတ်နဲ့ စောင့်ပြီး ထောင်ချခံထားရတာပါ။ နိုင်ငံခြားက သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ၊ သံတမန်တွေ ဘယ်နှခါများ ဂရ၀ပြုဘူးပါသလဲ? ။ ပြုခွင့်ပေးခဲ့ပါသလဲ? ဒေါ်ကလင်တန်ကြီးတောင် မရောက်ခဲ့၊ တွေ့ခွင့်မရခဲ့ဘူး ဟုတ်?…

ဘယ်ပြရဲမှာလဲဗျာ… ပစ်ထားတဲ့နေရာမို့ သန့်ရှင်းရေးမှ မလုပ်နိုင်တာ။ ခြုံနွယ်ပိတ်ပေါင်းတွေ တောထလို့.. ဗဟန်း လင့်လမ်းမှတ်တိုင် ကနေ ရွှေတိဂုံဘက်ကို ပတ်ကြည့်ရင် ခြုံပုတ်တွေပဲ မြင်နေရတာပါ။ အများပြည်သူ လွတ်လွတ်လပ်လပ် ဂရ၀ပြုနိုင်အောင် အမြဲဖွင့်ပေးထားရင်တော့ အမြဲသန့်ရှင်းပေးနေနိုင်ပြီး အောင်ဆန်းစိတ်ဓါတ် ပြန့်ပွားရေးမှာ အများကြီး အထောက်အကူပြုလာမှာပါ။

ဒါကြောင့်မို့ အာဇာနည်ဗိမ္မာန်ကို မြန်မြန်ပြန်ဖွင့်ပေးစေချင်တာပါ။ .

ပြည်သူလူထုရဲ့ တခဲနက်တောင်းဆိုမှု (သို့) မီဒီယာတွေမှာ အသံမထွက်ဘဲနဲ့ လုံးဝ (လုံးဝ) ဖွင့်ပေးမည်မဟုတ်ပါ။ ဒါ့ကြောင့် ကျနော်ယုံကြည်တဲ့- ကျနော့်ကို ယုံကြည်စွာ ရေးသားခွင့်ပေးထားခဲ့တဲ့ ဒီဂေဇက် စာမျက်နှာတွေကနေ စပြီး မီဒီယာတွေကို အကူအညီတောင်းရတာပါ။

အံ့သြစရာတစ်ခုသွားတွေ့ရတာက အမိမြန်မာပြည်ကြီး တိုးတက်ကောင်းစားရေးအတွက် လိုလားသူတွေ အများစု ရေးနေ၊ ဖတ်နေ၊ မန့်နေပါတယ်လို့ ယုံကြည်နိုင်လောက်တဲ့ ဂေဇတ်ရွာသူရွာသားတွေရဲ့ စိတ်ဝင်စားမှုနဲ့ တုန့်ပြန်မှုပါ၊ အဖဗိုလ်ချုပ်အောင်ဆန်းနဲ့ ပါတ်သက်ပြီး ဒီ ဖေဖေါ်ဝါရီ (၁၃) ရက်မတိုင်ခင် တင်ထားခဲ့ကြတဲ့ post  လေးတွေကို သီးသန့်စုကြည့်မိခဲ့တယ်။

ဒီလိုတွေ့တယ်။

ဗိုလ်ချုပ်နှင့်မိသားစု (မသဲနုအေး) 228 hits, 11 comments.

ဗိုလ်ချုပ်အမှတ်တရ (မသဲနုအေး) 187 hits, 11 comments.

ဗိုလ်ချုပ်ကို ဘာလို့ချစ်ကြတာလဲ (Black chaw) 634 hits, 49 comments.

ဖေဖေါ်ဝါရီ (၁၃) မှသည် ဇူလိုင် (၁၉) ဆီသို့ (စွယ်တော်ရွက်) 153 hits, 7 comments

သြော် ဗိုလ်ချုပ်.. ဗိုလ်ချုပ် (ကြီးမိုက်) 209 hits, 5 comments.

ဖေဖေါ်ဝါရီ (၁၃)၉၇ နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ (မသဲနုအေး) 115 hits, 2 comments

တွေးမိလိုက်တာက စစ်အစိုးရ နှစ်ရှည်လများ ရည်ရွယ်ချက်ရှိရှိ အကောင်အထည်ဖေါ်နေခဲ့တဲ့ အဖဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံရိပ် ပျောက်ကွယ်သွားစေရေး စီမံကိန်းကြီးများ အောင်မြင်သွားပြီလားလို့ပါ။

“ပြည်သူအများစု နိုင်ငံရေးဘက်ကို အာရုံမစိုက်နိုင်အောင် စီးပွားရေးချွတ်ခြုံကျနေပြီး နေထွက်က နေ၀င်  ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေပါစေ” ဆိုတဲ့ နိုင်ငံရေး လမ်းလွှဲကလည်း တကယ်အလုပ်ဖြစ်နေတုန်းပါ။

သွေးခွဲအုပ်ချုပ်ရေး (Devide and Rule) policy အရ စစ်တပ်နဲ့ အရပ်သားကြား ဘယ်လိုမှ ညီညွတ်မှု မရှိအောင် တပ်တော်ဆေးတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ် စတာတွေ ဖွင့်ပြီး စစ်တပ်က အသာစီးရနေအောင် သင်ရိုးညွှန်းတမ်းက အစ ခွဲခြားထားပြီးသားပါ။

ပြီးတော့ (၈၈) အရေးအခင်းအပြီး သူတို့စခဲ့တဲ့ အကြီးကျယ်ဆုံး သွေးခွဲမှုက တိုင်းရင်းသားတွေကြားမှာ စစ်အစိုးရ တက်လာပြီးမှ (၁၃၇) မျိုးဆိုပြီး တံဆိပ်ကပ် သွေးခွဲပစ်ခဲ့တာ ပြန်စေ့လို့ကို မရနိုင်တော့တဲ့ အထိပါဘဲ။  စာရင်းပြုစု ထုတ်ပြန်ခဲ့တာက ကာကွယ်ရေး ၀န်ကြီးဌာန၊ စစ်ဗျူဟာလေ့လာရေးနှင့် သုတေသန ဌာနကြီးတဲ့ခင်ဗျ။

အဲဒီ့လောက် နှစ်ရှည်လများ Brain Wash အလုပ်ခံထားရတဲ့ ကျနော်တို့ ပြည်သူတွေ ဆင်းရဲသည်ထက် ဆင်းရဲ၊ ညံ့သည်ထက် ညံ့လာနေတာ ထူးဆန်းလားဗျာ။

သူကြီးခင်ဗျား.. အနုမြူဗုံးချခံလိုက်ရတဲ့ ဂျပန်ပြည်သူတွေမှာ ပြာပုံထဲက ထလာရတယ်ဆိုပေမယ့် သူတို့ရဲ့ စိတ်ဓါတ်တွေက အမြင့်ဆုံးမှာ အားကျဖွယ်ရှိနေခဲ့ကြတယ်ခင်ဗျ။ အမေရိကန်ရဲ့ တရားမျှတတဲ့ ထောက်ပံ့အုပ်ချုပ်ရေးတွေနဲ့ ကာကွယ်ရေးထီးရိပ်အောက်မှာ စစ်အသုံးစရိတ်ကို GDP ရဲ့ ၁% ပဲသုံးပြီး ပညာရေးနဲ့ စီးပွားရေး (စက်မှုလုပ်ငန်း) မှာ ပုံအောမြုပ်နှံခဲ့လို့ ဒီနေ့ ဂျပန်ဖြစ်လာခဲ့ရတာ သူကြီးက ပိုသိမှာပါဗျာ။

ကျနော်တို့ဆီမှာ ပြောင်းပြန် – စစ်တပ်အတွက် အလုပ်ရှိနေအောင်ရော- နှစ်နိုင်ငံ တိုက်ရိုက်တွေ့တဲ့ နယ်စပ်ပြသနာ နည်းပါးအောင် တိုင်းရင်းသား လက်နက်ကိုင်တွေကို နယ်စပ်ဒေသတွေမှာ Buffer သဘောမျိုး မွေးထားခဲ့တာရောနဲ့ နှစ်ပေါင်းများစွာ တပ်မတော်အသုံးစရိတ်တွေက  GDP ရဲ့ အများဆုံး % သုံးခဲ့လို့ တိုင်းပြည်လည်း ချွတ်ခြုံကျနေခဲ့၊ ကျနေရတာပါ။

တပ်မတော်အင်အားရှိဖို့ တိုင်းပြည်အင်အားချိခဲ့ရတာပါ ခင်ဗျ။

အတွင်းက လှိုက်စားလာတာတွေ များလွန်းလာလို့ တပ်မတော်ကြီး ကိုယ်တိုင် ယိုင်နဲ့လာနေတဲ့ အခြေအနေရောက်တော့မှ လေသံပစ်၊ ဟန်ဆောင်ပြောင်းတယ်လို့ပဲ မြင်နေဆဲပါ။

ပိတ်ဆို့မှုတွေ ဖယ်ရှားပေးပြီးသွားရင် နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အခြေအနေ ရှိနေဆဲပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကို ခွင့်ပြုထားလို့ပါ။

ဘက်ပေါင်းစုံက ချွတ်ခြုံကျနေရတဲ့ မြန်မာပြည်သူပြည်သားတွေ အနေအထားက အနုမြူဗုံးဒဏ်ခံ၊ ပြာပုံထဲက စစ်ရှုံးဂျပန်ပြည်သူ တွေထက် ပိုမို ဆိုးဝါးတဲ့ အနေအထားမှာ ရောက်နေပါတယ်။

စိတ်ဓါတ်ပိုင်း၊ အကျင့်သီလပိုင်း ယိုယွင်းမှုပါ။

လူထုအများစုရဲ့ ရင်ထဲမှာ ပျောက်ဆုံးလာနေတဲ့ Soft Power ပါ။

အဲဒီ့ Soft Power ကိုပြန်မြှင့်တင်ဖို့ တစ်ခုတည်းသော ကိုးကွယ်ရာသည် အောင်ဆန်းစိတ်ဓါတ် လို့ ကျနော်ညွှန်းချင်တာပါ။

NLD ရဲ့ ခွပ်ဒေါင်းအလံတွေ တလူလူ လွင့်နေတဲ့အချိန်၊ ကျွဲကူးရေပါဖြစ်အောင်“အောင်ဆန်းစိတ်ဓါတ်” ပြန့်ပွားစေချင်လွန်းလို့ ဒီစာစုကို ထပ်ရေးဖြစ်လိုက်ပါတယ် သူကြီးခင်ဗျား…။

((ဒေါ်ဒေါ်)ခင်လတ်၊ (ကို) ကြီးမိုက်၊ စိန်ပေါက်ပေါက်၊ Green Rose ၊ မမ နဲ့ (မမ) ပဒုမ္မာတို့ရဲ့ comment များအတွက် reply ကို မူရင်း post မှာဘဲ ပြန်ဖြည့်ပေးထားပါတယ် ခင်ဗျာ။)

 

With respect

Swal Taw  Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012