ဒီနေ့ MRTV-4 ကနေတိုက်ရိုက်လွှင့်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသော သမ္မတ မိန့်ခွန်းကို ကြည့်ဖြစ်တယ်။

ပြည်တွင်းငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ ကျန်းမားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ အစိုးရစနစ်စီမံခန့်ခွဲမှုပြင်ဆင်နေပုံ (အဂတိ တိုက်ဖျက်ရေး )၊ ဝန်ထမ်းလစာ (မတိုး)ရေး နဲ့ စတဲ့အပိုင်းတွေ ပြောတာ ကြားမိ မှတ်မိပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြဖို့ ဆိုတဲ့သဘောကိုပြောပါတယ်။ တစ်ချိန်က သေနတ်ကိုင်ခဲ့တဲ့သူတွေ လက်ပ်တော့ ကိုင်ပြီး ထည်ဝါခန့်ငြားစေချင်ပါတယ်တဲ့။ (နောက်ဆိုရင် လက်နက်နဲ့ လက်ပ်တော့ လဲလှယ်ရေး လုပ်ကြတော့မယ်ထင်တယ် ) ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကြပါစို့တဲ့။ ( DKBA နဲ့တော့ ပြန်ဆော်နေကြပြန်တယ် နော်။ အောက်ခြေမြေပြင်မှာ နှစ်ဖက်စလုံးက ရဲဘော်တွေကို ထိမ်းရတာတော့လွယ်မယ်မထင်ဘူးဗျ။ တစ်ဘက်နဲတစ်ဘက် ပစ်ခတ်သတ်ဖြတ်လာတဲ့သူခြင်း အထက်က စားပွဲပေါ်မှာ ငြိမ်းချမ်းရေးလုပ်တာနဲ့ ချက်ခြင်း အောက်ကမြေပြင်မှာ ယုံကြည်ပီး မပစ်ပဲနေရဲဖို့ ဆိုတာ ရဲဘော်အဆင့်တွေရဲ့ နားလည်စွမ်း လိုမယ်ထင်တယ်ဗျ။)

သမ္မတကြီးကပြောပါသေးတယ်။ သူတို့ အစိုးရအဖွဲ့ကို ဝေဖန်နေကြတာတွေ ကြားပါတယ်တဲ့။ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုတွေလည်း ကြားရပါတယ်တဲ့။ (ကျနော်တို့တော့အမြဲတမ်း အပြုသဘောပဲဆောင်ဖို့ကြိုးစားပါတယ်)။ လက်ရှိအစိုးရအဖွဲ့မှာ အပျော့ဂိုဏ်း အမာဂိုဏ်း မရှိပါဘူးတဲ့။ ( ကဲ ဘယ် သချီးထူ တွေတုန်း စွပ်စွဲကြတာ၊ အပျော့တွေ အမာတွေ ဆိုပြီး။ အကုန်အတူတူပဲတဲ့ ) တူညီသော ရည်ရွယ်ချက်နဲ့ အကောင်းဆုံးတွေကို ဖော်ဆောင်နေတာပါတဲ့။ လူ့သဘာဝအလိုက်တစ်ဦးချင်းစီစိတ်ထားနဲ့သဘာဝ ကွဲလွဲမှု အနည်းငယ်သာရှိတာပါတဲ့။

စီးပွားရေးမှာလည်း လူနည်းစုအတွက်ထက် လူအများစုကြီးကို အကျိုးခံစားခွင့်ရစေဖို့ ဦးတည်ဆောင်ရွက်နေပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့လာဖို့ ကြိုးစားနေပါတယ်။ လက်ဝါးကြီးအုပ်တာတွေလျှော့နည်းအောင်လုပ်ပါမယ်။ အများစိတ်ဝင်စားနေကြတဲ့ ဖုန်းကိုလည်း အဆင်ပြေတဲ့အချိန်မှာ ချထားပေးနိုင်ဖို့ စီစဉ်ပါမယ် တဲ့။ ( အလွန်စိတ်ဝင်စားစရာပါပဲ )။ ကားဈေးနှုန်းတွေကိုလည်း နိုင်ငံတကာ ဈေးနှုန်းအတိုင်း အများဝယ်ယူနိုင်အောင် စီစဉ်ပေးပါ့မယ်တဲ့။ ( ကြိုက်ကြတယ်မဟုတ်လား မောင်တို့ )။ စီးပွားရေးမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုပါဝင်လာအောင် ကြိုးစားပါ့မယ်တဲ့။ Equality and Fairness ဖြစ်တဲ့အခွန်စနစ်ကိုလည်း တည်ဆောက်ပါမယ်တဲ့။ သမ္မတက အစ နိုင်ငံသားအားလုံးအခွန်ပေးဆောင်ဖို့လည်း လိုပါသတဲ့။

ကျန်းမာရေး စနစ်ကို ပိုမိုကောင်မွန်အောင်လုပ်မယ်။ ယူနီဗာဆယ် ကျန်းမာရေးအာမခံစနစ် ကိုလည်း အကောင်အထည်ဖော်ဖို့ကြိုးစားနေတယ် တဲ့။ အလွန်ကောင်းမွန်တဲ့အချက်ပါဗျား။ ကျန်းမာရေးအာမခံစနစ်ရှိလာမှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်ပြည်စုံမှာပါ။

ပညာရေးအတွက်လည်း အခြေခံပညာကျောင်းများအဆင့်မှ တက္ကသိုလ်များအထိ တိုးတက်အောင် ကြိုးစားနေတဲ့အကြောင်း၊ တက္ကသိုလ်များကို အနာဂတ်မှာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ပြုတော့မည့်အကြောင်းတွေအပါအဝင်ပေါ့လေ။ (ကောင်းပါတယ်ဗျာ။ တက္ကသိုလ်ကောင်စီ ဆိုတာ တက္ကသိုလ်တိုင်းမှာ တက္ကသိုလ် ဥပဒေနဲ့အညီ ရှိသင့်ပါတယ်။ တက္ကသိုလ်အာဏာပိုင်တွေက ကိုယ့်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲမှုလုပ်သင့်ပါတယ်။ အဲဒါမှသာ တကယ်တိုးတက်မှာပါ။)

လူမှုဖူလုံရေး စနစ်ကို ကောင်းမွန်အောင်ပြန်လည်ပြင်ဆင်နေတယ်ဆိုတာမျိုးလည်းပြောသွားပါသေးတယ်။ လူတန်းစားအဖွဲ့အစည်းအသီးသီးရဲ့ အသင်းအဖွဲ့များပေါ်ပေါက်လာစေရေး စီမံနေတဲ့အကြောင်း လည်းပါတယ်။ အရပ်ဖက်လူ့အဖွဲ့အစည်း ( Civil Society ကိုပြောတာပါ )တွေ အားကောင်းပြီး ဒီမိုကရေစီ ကူးပြောင်းရေးမှာ ဝိုင်းဝန်းကြဖို့လည်း တိုက်တွန်းသွားပါတယ်။

အဂတိလိုက်စားမှု အမြစ်တွယ်နေတာကို ရှေ့အစဉ်အဆက် စနစ်များကြောင့်ဖြစ်ပါတယ်လို့ ပြောကြားသွားပြီး ဒီကိစ္စကို ကိုင်တွယ်ဖို့ အလေးအနက် လုပ်နေကြောင်းလည်းပြောပါတယ်။ အသိပေးခြင်း ၊ သတိပေးခြင်း၊ စစ်ဆေးအရေးယူခြင်းများလည်း လုပ်နေပါတယ်တဲ့။ ဝန်ထမ်းတွေလစာတိုးဖို့တော့ မဖြစ်နိုင်သေးပါဘူးလို့ ပြန်လည်ချေပသွားပါတယ်။ လူဦးရေ ရဲ့ ၃.၃% သာရှိတဲ့ အစိုးရဝန်ထမ်းတွေကို လစာတိုးပေးရင် ကျန်ရှိသော ၅၈သန်းကျော် လူဦးရေအများစုကြီးကို ထိခိုက်မှာမို့လို့ ဆိုပါတယ်။
Rule of The Law ရှိဖို့။နေရာတိုင်းမှာ ကိစ္စတိုင်းမှာ Rule of the Law ဖြစ်ဖို့အရေးကြီးကြောင်းလည်း အလေးအနက်ပြောပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဝိုင်းဝန်းကူညီကြဖို့။ မြန်မာပြည်ကို တစ်ဒေါ်လာပေးတိုင်း မြန်မာ့လူ့အဖွဲ့အစည်းတည်ငြိမ်တိုးတက်ဖို့ တစ်ဒေါ်လာ ကူညီတာဖြစ်ကြောင်းလည်းပြောသွားပါသေးတယ်။

အချုပ်အနေနဲ့ကတော့ လူအများ တစ်သက်လုံးမျှော်လင့်နေကြတဲ့ တစ်ဦးချင်းဝင်ငွေတိုးရေး၊ စီးပွားရေးစနစ်ကောင်းမွန်လာရေး၊ ဥပဒေစည်းကမ်းနဲ့အညီ လုပ်ကိုင်ဆောင်ရွက်တဲ့စနစ်ဖြစ်ပေါ်လာရေး ဒီမိုကရေစီ နိုင်ငံကြီးမှာ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ရေး အစွမ်းကုန်ကြိုးစားပါမည့်အကြောင်း အစိုးရအဖွဲ့ကိုလည်း မိဘပြည်သူ များက ဝိုင်းဝန်ထိမ်းကြောင်းပေးဖို့ တိုက်တွန်းပါကြောင်း ပြောသွားပါတယ်။ (ဘယ်လိုထိမ်းကြောင်းပေးရမှာလည်းတော့ မပြောသွားတော့ ထိမ်းကြောင်းပေးချင်ပေမယ့် ဘာလုပ်ပေးရမယ်မှန်းမသိဖြစ်နေတယ်ဗျာ။)

အားလုံးကောင်းမွန်ပါသည်။ ပြောဆိုသွားချက်များအားလုံးကိုထောက်ခံပါသည်။ တကယ်အကောင်အထည်ပေါ်လာစေဖို့ အမြန်ဆုံး ဖြစ်လာစေဖို့ ဆုတောင်းပါသည်။

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism