ကိုနေဘုန်းလတ်ကို TIME မဂ္ဂဇင်းက လွှမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ် ၁၀ဝ စာရင်းတွင် ထည့်သွင်းထား

nyanayJune 6, 20101min510

-
-
ကိုနေဘုန်းလတ်က ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသူဖြစ်သည်။
ကရင်ပြည်နယ် ဘားအံထောင်တွင် အကျဉ်းချခံထားရသော ဘလော့ဂါ ကိုနေဘုန်းလတ်ကို ကမာ္ဘကျော် TIME မဂ္ဂဇင်းကြီးမှ နှစ်စဉ်ရွေးချယ်လေ့ရှိသော လွှမ်းမိုးမှုအရှိဆုံးသော လူပုဂ္ဂိုလ် ၁၀ဝ စာရင်းတွင် ၂၀၁ဝ ခုနှစ်အတွက် ထည့်သွင်းဖော်ပြလိုက်သည်။

TIME မဂ္ဂဇင်းက ကိုနေဘုန်းလတ်ကို “သူရဲကောင်းများ” ဟူသော ကဏ္ဍအောက်တွင် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ဟောလီးဝုဒ်အကျော်အမော် မင်းသား ဂျက်လီ၊ အိုင်ဗရီကို့စ် ဘောလုံးအသင်းခေါင်းဆောင် ဒရော့ဘာ၊ တင်းနစ်ဝိဇ္ဖာ ဆရီနာဝီလျံ၊ နယ်လ်ဆင်မင်ဒဲလား၏ ဇနီးလည်းဖြစ်၊ အာဖရိကလူ့အခွင့်အရေး ခေါင်းဆောင်လည်းဖြစ်သူ မဒမ် ဂရာကာမာရှယ် အစရှိသူတို့နှင့်အတူ ၂၀၁ဝ အတွက် ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

ထိုသို့ရွေးချယ်ခံရသော ပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို အခြားသော အထင်ကရ ပုဂ္ဂိုလ်များက ရေးသားပေးခဲ့ကြရာ ကိုနေဘုန်းလတ်အတွက် ကမာ္ဘကျော် ဗြိတိန်စာရေးဆရာကြီး Salman Rushdie က ရေးသားပေးခဲ့သည်။ Salman Rushdie သည် “ဆာ” ဘွဲ့ရ စာရေးဆရာတစ်ဦးဖြစ်သလို ဗြိတိသျှဘုရင်မကြီး ချီးမြှင့်သည့် သူရဲကောင်းဆု (KBE) ကိုလည်း ၂၀၀ရ ခုနှစ်တွင် လက်ခံရရှိထားသူဖြစ်သည်။ ၎င်းက ကိုနေဘုန်းလတ်နှင့် ပတ်သက်၍ “စစ်အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုများအကြားမှ လွတ်လပ်မှုကို ရှာဖွေနေသော မျိုးဆက်ကောင်းတို့၏ စံပြ” ဖြစ်သည်ဟု မကြာခင်က ကိုနေဘုန်းလတ်ကို ချီးမြှင့်ခဲ့သော PEN/Barbara Goldsmith Freedom လူ့အခွင့်အရေးဆုကို ရည်ညွှန်းရေးသားထားသည်။

Source : Time
Written by သတင်းထောက် ဧရာကျော် from http://www.thanlwin.com