ငုံ့ခံမလား တုံ့ပြန်မလား Do or Die

ငါ့အစာ လာမလုနဲ့....

ဒီနေ့ ဒီဗွီဘီသတင်းမှာ စစ်ကိုင်းတိုင်း ကသာခရိုင် အမျိုးသားလွှတ်တော် (Upper House) အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးစောလှိုင်ကို ရွေးဂေါက်ပွဲကော်အသေမှ လက်မခံပယ်ဖျက်ကြောင်း ဖတ်ရပါတယ်။ ကာယကံရှင်၊ မိဘနှစ်ပါးစလုံး နိုင်ငံသားဖြစ်ရမည့် အချက်နဲ့ ငြိစွန်းကြောင်း ကြက်ဖွတ်ပါတီမှ တိုင်တယ်လို့ သစ်ထူးလွင်သတင်းမှာ ရေးထားတယ်။ ဦးစောလှိုင်သည် ၁၉၉ဝခုနှစ်ရွေးကောက်ပွဲတုန်းမှာ အရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ် ဖြစ်ခဲ့ပြီး အခု၂၀၁၂ခုနှစ်ကြမှ ဘယ့်နှယ်လုပ် ရွေးဂေါက်ပွဲဥပဒေနဲ့ မကိုက်ညီ ဖြစ်သွားရလည်း အစဉ်းစားရခက်လှတယ်။ အတည်ဖြစ်ရင် ပေးထားတဲ့ မစို့မပို့ ၄၈နေရာ (အထက်၊ အောက်၊ ဒေသလွှတ်တော် နေရာစုစုပေါင်း တထောင်ကျော်မှာ) ကြားဖြတ်ရွေးဂေါက်ပွဲမှာ ရှင်နည်းရာ အဂ္ဂလူအထွက် ခံရပါဦးမယ်။ ဒေါ်စု ဘာလုပ်မှာလည်း..။ ထိုင်ခုံတထောင်ကျော်မှာ တနေရာ ဝ.၁ရာခိုင်နှုန်း မရှိဆိုပေမယ့် လေးဆဲ့ရှစ်နေရာ အမြင်နဲ့ကြည့်ရင် ၂ရာနှုန်းထက် ပိုပါ၏။
ဘောလုံးစကားနဲ့ပြောရင် အန်အယ်လ်ဒီအသင်း ကွင်းထဲမရောက်ခင် ဟိုဖက်အသင်းက ဝီရိယကောင်းစွာနဲ့ အန်အယ်လ်ဒီဂိုးစည်းထဲ ဘောလုံးထည့်ထားလိုက်ပါပြီ။ ဟုတ်ကဲ့..တဂိုး ဂိုးမရှိနဲ့ ပွဲစတင်ပါတော့မယ်။ ၂၀၁ဝ ကြိုတင်မဲကောက်ပွဲမှာ ရခိုင်တိုးတက်ရေးပါတီ အလားတူ ခံရဖူးတယ်။ အနိုင်ရ ရခိုင်အမတ်တဦး ရွေးဂေါက်ပွဲ စည်းရုံးရေးဥပဒေ ညှိစွန်းတယ်ဆိုပြီး ကြက်ဖွတ်ကိုယ်စားလှယ်နဲ့ အစားထိုးလိုက်တယ်။ နေ့ခင်းကြောင်တောင် အနုကြမ်းအစီးတာပါ။ ရခိုင်ပါတီကလည်း ပြောလို့မရနိုင်မှန်းလည်းသိ၊ တဖက်မှာလည်း အခြားနေရာများမှာ နိုင်လိုက်တဲ့ ထိုင်ခုံအရေအတွက်ကိုငှဲ့ပြီး လက်လျှော့လိုက်ပုံရတယ်။
ကြားဖြတ်ပွဲ မတိုင်ခင် သွေးတိုးစမ်းတဲ့သဘော ဖြစ်နိုင်တယ်။ ရခဲ့ရင် ထပ်လုပ်လိမ့်မယ်။ ဘယ်နေရာတွေမှာ လုပ်ဖို့ကြိုးစားမှာလည်း၊ သုံးမျိုးသုံးစား ခွဲကြည့်နိုင်ပါတယ်။။ နေပြည်တော် လေးနေရာ၊ မတ္ထီလာမြို့နယ်လို ပါတီတွင်း အက်ကြောင်းရှိတဲ့နေရာ၊ ပြည်နယ်များလို ဥပဒေစိုးမိုးမှု အားနည်းပြီး အတိုက်အခံ အချင်းချင်း အားပြိုင်ရင်း မဲပျံ့သွားနိုင်တဲ့ နေရာများ ဖြစ်ပါတယ်။ အန်အယ်လ်ဒီကို ၈ဝရာခိုင်နှုန်း မဲအသာရခွင့် ပေးမယ်။ အနိုင်အရှုံး မကြေငြာခင် အနိုင်ရသွားတဲ့အထဲက ဆယ်နေရာလောက်ကို ကြက်ဖွတ်ပါတီက တိုင်ချက်ဖွင့်၊ အဲဒီထဲက တဝက်နီးပါးကို ဗဟိုခုံရုံးတင်စစ်မယ်။ နောက်ဆုံးမှာ နှစ်နေရာ သုံးနေရာလောက် ပယ်ဖျက်ခံရမယ်။ ဖြစ်နိုင်ချေ တွေးကြည့်တာပါ။ လတ်တလော ဖြစ်ရပ်များကိုကြည့်ပါ။ ဒေါ်စု ကိုယ်စားလှယ်လောင်းကိစ္စမှာ အထစ်အငေါ့ထားပြီး အနိုင်ပေးတယ်၊ နောက်တဦးကြတော့ အရှုံးထားမယ်။ အကွက်ချလုပ်နေတာနော်၊ အန်အယ်လ်ဒီက အလျှော့မပေးရင် လောဘကြီးသူ၊ သဘောထား တင်းမာသူအဖြစ် ဒလျှိုဒလန် များကတဆင့် ပုံဖော်မယ်၊ ဖော်လည်းဖော်ခဲ့ကြတယ်။
၁၉၉ဝခုနှစ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ ၈၂ရာနှုန်းကျော် အနိုင်ရတယ်။ အခုတခေါက် ဘယ်လိုလဲ။ အန်အယ်လ်ဒီအနေနဲ့ နေရာအားလုံး နိုင်မှ အနိုင်ရတယ်လို့ သတ်မှတ်ရပါလိမ့်မည်။ အဲဒီထက် နည်းရင် အရှုံးသတ်မှတ်ချင်ပါသည်။ လိမ်ညာ မဲခိုးမှုမပါ ရိုးရိုးသားသား မဲရှုံးသွားခဲ့ရင် ပြောတာပါ။ ၁၉၉ဝခုနှစ် ရွေးကောက်ပွဲတုန်းက အားကောင်းတဲ့ မဟာမိတ် တိုင်းရင်းသားပါတီများနဲ့ ပြည်နယ်များမှာ နေရာခွဲဝေယူခဲ့ ရတယ်၊ ဥပမာ – ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်။ အခု တခေါက် သူတို့ မပါဘူး။ ယှဉ်ရမည့် တိုင်းရင်းသား အဖွဲ့ဆိုတာလည်း သူတို့လို ဒီမိုကရက်တစ် အစဉ်အလာမရှိဘူး။ ပြည်နယ်တွေမှာ နေရာလွတ်လည်း သိပ်မများလို့ အန်အယ်လ်ဒီအနေနဲ့ ရှိသမျှအင်အားကို ပုံသုံးနိုင်တယ်။ ရှုံးခဲ့ရင်တော့ ပါတီအနေအထား၊ ရပ်တည်ချက်များကို အလေးအနက် ပြန်ဆန်းစစ်ဖို့လိုပြီ။
ရှိစုမဲ့စုအထဲက နေရာတချို့ အနှိုက်ခံရတဲ့အခါ ထိပ်ပိုင်း ခေါင်းဆောင်များနဲ့ ဒေါ်စု ဘယ်လိုတွက်မှာလည်း။ အရေအတွက်ထက် အရည်အချင်း အရေးကြီးတယ် ပြောမှာလား၊ ဒါမှမဟုတ် သမဒဂျီးကို ယုံပါတယ်ဆိုပြီး ပုံအပ်ဦးမှာလား…စိတ်ဝင်စားစရာ ကောင်းပါတယ်။ ၄၈နေရာစလုံးမှာ ကျမတို့ပါတီ အနိုင်ရချင်တယ်လို့ ဒေါ်စုပြောထားတယ်။ အပြောမဟုတ် အတိအကျ ဆုံးဖြတ်ထားတဲ့ သတိပေးချက်လို့ ယူဆပါရစေ။ အကယ်၍ ရွေးဂေါက်ပွဲကော်အသေ သတ်မှတ်တဲ့ စည်းမျဉ်း ငြိစွန်းတယ်ဆိုရင် ဘယ်လိုဖြစ်တာလည်း၊ ဘာကြောင့်လည်း၊ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ မကွယ်မဝှက် တင်ပြရမယ်။ တနေရာ ဆိုရင် ဆိုသလောက် တန်ဖိုးရှိလို့ မတော်တဆ မဖြစ်တန်ကောင်းရဲ့ တွေးမိပါ၏။
ရွေးဂေါက်ပွဲကော်အသေကတော့ သီးခြားလွတ်လပ်သောအဖွဲ့ ဘာညာနဲ့ လုပ်ပါဦးမယ်။ အန်အယ်ဒီအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း သွားတာလည်းသွား၊ တဖက်မှာ ဥပဒေမဲ့အလုပ်ခံရရင် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိရမယ်။ ဒီလို အချိုးမျိုးဆိုတာ အခုမှ ကြုံတာ မဟုတ်ဘူး၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ အန်အယ်လ်ဒီသည် ရွေးကောက်ပွဲ၊ လွှတ်တော်တွင်း လမ်းကြောင်း ရွေးချယ်ခဲ့ပြီမို့ ထိရောက်အောင် လုပ်ပြဖို့ လုပ်ပါတယ်။ ရွေးကောက်ပွဲမှပေးမည့် အရှိန်အဟုန်ကို အသုံးချနိုင်ဖို့ စနစ်ပြောင်းဖို့ ကြိုးစားနေပါတယ်ဆိုတဲ့ နိုင်ငံရေးပါတီတခုအတွက် အသက်တမျှ အရေးကြီးတယ်။ အဆုံးစွန်ပြောရရင် ပါတီတခုအတွက်သာမက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း တခုလုံးအတွက်ပါ ဖြစ်တယ်။ အသုံးမချတတ်ရင် မချနိုင်ရင်တော့ ပြည်သူအတွက် အကျိုးမရှိ၊ ခေတ်နဲ့မဆီလျော်တဲ့ ဥပဒေများကို ပြင်ဆင်မယ်ဆိုတဲ့ကတိ ယုံတမ်းစကားသာ ဖြစ်နေပြီး ဒီမိုကရေစီသည် ကိုဇာဂနာပြောသလို ဒေါ်စုခြံထဲမှာသာ ရှိနေပါလိမ့်မည်..။ 

12 comments

  • htoosan

    March 2, 2012 at 10:41 am

    ဒီမိုကရေစီ ဒေါ်စုခြံထဲမကပါဘူး ။။ သူကြီး ရွာမှာလည်း ရပါတယ် .. 😀 အမှန်အတိုင်းပြောတာပါ။ ရေးချင်ရာရေး သူများမစော်ကား မဆဲရင် လွတ်လပ်ခွင့်ပေးထားတာ ။ မစိစစ်ဘဲ ရေးသမျှ အရင်တင်ခွင့်ပြုထားတာ …..
    ဦးကြောင် ကတော့ ပုံလေးတွေ လည်း ရှာတတ်ပါပေတယ်..
    ကြံ့ဖွတ် ကလည်း ဒေါ်စုကလွဲရင် ရသလောက် မဝင်နိုင်အောင် လုပ်မှာဘဲ ။။ NLD ကို အားလုံး က အားပေးတာ မဟုတ်ပါဘူး ဖြစ်အောင်တော့ တစ်နေရာ ရရ နှစ်နေရာ ရရ ။ ရသမျှ တားမှာဘဲ။
    NLD က ဘယ်လိုပြိုင်ပြိုင် နိုင်မှာဘဲဆိုပြီး ကိုယ့်ကိုယ်ကို သွေး နထင် ရောက်မနေဖို့ တော့ လိုတာ အမှန်ဘဲ။
    NLD ကို စော်ကားတာ မဟုတ်ပေမဲ့ အချို့သော သူများက ခွေး အမြီးဖြတ် ပြီး NLD နံမည်တပ်ပြီး အရွေးခံ ရင်တောင် လူတွေက မဲပေးမှာ နိုင်မှာပါဆိုပြီး ပြောသူ တွေ ရှိနေတော့ သတိ၊ ဝိရိယ မကျဘို့တော့ လိုတာ အမှန်ပါ။

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    March 2, 2012 at 11:04 am

    ဒီအကြောင်းက ပေါ့သေးသေးမဟုတ်ဘူး
    လက်နဲ့ပြစ်တဲ့လက်ပြစ်ဘုံးရဲ့ စနက်တံတစ်ခုသဘောဘဲ
    သေးသေးလေးဆိုပေမယ့် ပေါက်ကွဲမှု့ကို ထိမ်းချုပ်ထားတာဘဲ
    အများသူငှာပြောနေတဲ့ လွှတ်တော်ထည်းဝင်အော်မယ်ဆိုတာတွေဟာ
    ဒီစနက်ရဲ့သားကောင်တွေရော ရောကောသောကောဝင်အော်တာတွေရောပါတယ်
    ( အရေးကြီးတာက သိလျှက်နဲ့ခံမှာလား ခံရရင်ဘာလုပ်မှာလဲ ဆိုတာပါ )
    ပုံ
    ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

  • ခပ် KING ကင်း

    March 2, 2012 at 4:51 pm

    ဘာမဆိုင် ညာမဆိုင် သူကြီးကို နည်းနည်းဆွဲထည့်လိုက်ပါအုံးမယ်
    မတူတဲ့အမြင်အရဆိုရင်
    ငုံ့ပြန်မလား တုံ့ခံမလားလို့ပဲ လောလောလတ်လတ် မြင်နေသေးပါကြောင်း ….. 😆

  • mg mg

    March 2, 2012 at 8:03 pm

    “ကြောင်ကြီးရဲ့မီးတံတို အဆီကိုစားပါလို့ အသားကိုမြို”
    သားချော့တေးကို ပြင်လိုက်ပါတယ် အမေရယ်။
    “ဖွတ်ကြီးရဲ့မီးတံရှေ(ရှည်) ရရသမျှ မွဲပြာကျအောင် ဝါးမယ်လေ”

  • unclegyi1974

    March 2, 2012 at 10:43 pm

    ဆန္ဒတွေမစောကြပါနဲ့
    ဖြည်းဖြည်းပေါ့
    ဒီလောက်နှစ်တွေအများကြီးစောင့်ခဲ့ပြီးမှ

  • Green Rose

    March 2, 2012 at 10:45 pm

    ကစားပွဲတကာ့ ကစားပွဲတွေထဲမှာ အညစ်ပတ်ဆုံးက နိုင်ငံရေး ကစားပွဲပဲထင်တယ်။ ဘာလို့လည်း ဆိုတော့ သူတို့ ကစားတဲ့အထဲမှာ ဘုမသိဘမသိနဲ့ ကိုယ်တွေပါ (ပြည်သူတွေ) ပါမှန်းမသိ ဝင်ဝင်ပါမိသလို ဖြစ်ဖြစ်နေတယ်။ Green Rose က နိုင်ငံရေးကိုနားမလည်ဘူး။ လူပြိန်းတွေးနဲ့ပဲ တွေးကြည့်ရရင်တော့ ကောက်ကျစ်လှည့်ပတ်တတ်တဲ့ လူတွေနဲ့ ရိုးသား ဖြောင့်မတ်တဲ့လူ.. ယှဉ်ပြိုင်တဲ့ပွဲမှာ ဘယ်သူနိုင်မယ်… ဘယ်သူ ရှုံးမယ်ဆိုတာ .. တွေးကြည့်ရင် ရိုးသားတဲ့လူက ရှုံးဖို့ ပိုများပါတယ်။ ရိုးသားတဲ့လူက နိုင်တယ် ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိပါတော့တယ်။ ၁၉၉ဝ ခုနှစ်ကတည်းက ပြတ်ရမယ့်ပွဲ.. ဒီအချိန်ကျမှ ထပ်ကစားရတာ.. သူတို့ရှုံးခဲ့တဲ့ ပွဲကို သူတို့ပြန်ကစားမယ်ဆိုတာ နိုင်ခြေမရှိပဲ မကစားလောက်ဘူးလို့ ထင်တယ်။ သူတို့ အချိန်အများကြီးရသွားခဲ့ပြီးပါပြီ။ ၈၈ နောက်ပိုင်းမျိုးဆက်မှာ 99% က သမိုင်းကို မသိတဲ့သူတွေ ပါ။ မျိုးဆက်ဟောင်းတွေထဲမှာလည်း Brain Wash အလုပ်ခံထားရတဲ့လူတွေ တော်တော်များပါတယ်။ တွေးကြည့်ရင် ရင်မောစရာကောင်းပါတယ်။ အကောင်းဆုံးကို မျှော်လင့်ရင်း အဆိုးဆုံးအတွက်လည်း ကြိုပြင်ထားကြရအောင်ပါ။ ဘယ်သူအုပ်ချုပ်အုပ်ချုပ်.. ဒီစိတ်ဓါတ်တွေကို မပြင်ရင်တော့ တိုင်းပြည်အတွက် မကောင်းပါဘူး.. ပြောရရင် စွယ်တော်ရွက် အကြံပြုသလို အောင်ဆန်းစိတ်ဓါတ် ပြန့်ပွားဖို့ ဆိုတာမျိုး က တကယ်လိုအပ်ပါတယ်။ တိုင်းပြည်ကို လူထုနဲ့ပဲ တည်ဆောက်ရမှာပါ။ လက်တစ်ဆုပ်စာ အစိုးရနဲ့မဟုတ်ပါဘူး.. လူထုကောင်းဖို့၊ လူထုပြောင်းဖို့ ကို အခုလို မီဒီယာတွေကို အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတုန်း ကြိုးစားကြရမှာပါ။

  • ကိုထူးဆန်းပြောထားတဲ ့ဒီစာသားလေးကတော့ ကျနော့်ခံယူချက်နဲ ့ကွက်တိကျပါတယ်
    ဗျာ။လေးစားပါတယ် ကိုထူးဆန်းရေ။

    NLD ကို စော်ကားတာ မဟုတ်ပေမဲ့ အချို့သော သူများက ခွေး အမြီးဖြတ် ပြီး NLD နံမည်တပ်ပြီး အရွေးခံ ရင်တောင် လူတွေက မဲပေးမှာ နိုင်မှာပါဆိုပြီး ပြောသူ တွေ ရှိနေတော့ သတိ၊ ဝိရိယ မကျဘို့တော့ လိုတာ အမှန်ပါ။

  • a me

    March 4, 2012 at 4:16 pm

    တခုတော့မေးချင်တယ် ကိစ္စတစ်ခုုခု ဖြစ်လိုက်တိုင်း အမေ စုကို ဘာလို့ ဆွဲထည့်ရတာလည်း
    အရင်တုန်းကရော ဘယ်လိုဖြေရှင်းကျလည်း?

  • Swal Taw Ywet

    March 5, 2012 at 11:51 pm

    ကိုကြီးကြောင်ရေ…. Bravo ဗျာ…
    NLD မှတ်ပုံတင်သင့်၊ မတင်သင့်ကတည်းက ကိုကြီးကြောင်လိုဘဲ မတင်သင့်ဘူးလို့ ယုံကြည်ထားခဲ့သူပါ။ ကိုယ့်ထက်ပိုပြီး သိနေနိုင်တဲ့ ခေါင်းဆောင်က တင်မယ်ဆိုတော့လည်း လက်ခံခဲ့ပြီး အနိုင်ရအောင် ပံ့ပိုးပေးကြရမှာပါ။
    ကိုကြောင်ကြီး ရင်ထဲက စိုးရိမ်မှုကို နားလည်နိုင်ပါတယ်၊ အတူတူဘဲ စိုးရိမ်မိတယ်လို့ ထောက်ခံပါရစေ။ အခုအချိန်အထိ ယခင် စစ်အစိုးရ တီးတဲ့ တီးကွက်အတိုင်း NLD နဲ့ ပြည်သူလူထုကြီး လိုက် “က” နေရတယ် လို့မြင်နေပါတယ်။ မဟုတ်တာလုပ်မှာလဲ မြင်နေတာပါဘဲ။
    ပြည်သူလူထုရဲ့ စည်းလုံးညီညွတ်မှုနဲ့ စည်းကမ်းရှိမှုတွေ အရေးကြီးတဲ့နေရာက ပါလာပါပြီ။
    ကျနော် ပို့စ် ၂ ခု ရေးပြီး တင်ပြထားခဲ့သလို “အောင်ဆန်းစိတ်ဓါတ်” တွေ မြှင့်တင်ကြရအောင်ပါ။ သူကြီးရေးဖွဲ့တဲ့ ကြွေးကြော်သံလေးနဲ့ပေါ့…

    အာဇာနည်ဗိဗ္မာန် တနှစ်ပါတ်လုံးဖွင့်ထားရေး… ဒို့အရေး..။
    ဗိုလ်ချုပ်အောင်ဆန်းအခန်းကဏ္ဍ မြှင့်တင်ရေး .. ဒို့အရေး..။
    ဗိုလ်ချုပ်အောင်ဆန်းသမီး လွှတ်တော်ထဲရောက်ရှိရေး .. ဒို့အရေး..။

    Let’s try our best for our mother land.
    With respect,
    Swal Taw Ywet.

  • paukpauk

    March 6, 2012 at 12:16 am

    ရေးသူက လေးလေးနက်နက်ရေးထားရင် comment ကိုလည်း လေးလေးနက်နက် ပေးစေချင်ပါတယ်။

  • thet pying phyo

    March 6, 2012 at 10:30 am

    အသုံးမချတတ်ရင် မချနိုင်ရင်တော့ ပြည်သူအတွက် အကျိုးမရှိ၊ ခေတ်နဲ့မဆီလျော်တဲ့ ဥပဒေများကို ပြင်ဆင်မယ်ဆိုတဲ့ကတိ ယုံတမ်းစကားသာ ဖြစ်နေပြီး ဒီမိုကရေစီသည် ကိုဇာဂနာပြောသလို ဒေါ်စုခြံထဲမှာသာ ရှိနေပါလိမ့်မည်..။ 

Leave a Reply