၁ ရက်နေ့တုန်းက ကလော၊အောင်ပန်းနဲ့ ဟဲဟိုးမြို့တွေကို အမေစု ရဲ့ စည်းရုံးရေးခရီးသွားခဲ့တာ အားလုံးသိပြီးသားပါ။ ကျွန်တော်က အဲ့ဒီနေ့ကိုတအားကိုအိမ်မက်ထားတာဗျ။ အမေစုကို ကလောမှာတွေ့ချင်လွန်းလို့ ရန်ကုန်မှာတက်နေတဲ့သင်တန်းတွေကို ဖျက်ပြီး ကလောကို ၂၉ ရက်နေ့ အရောက်ပြန်သွားခဲ့တာ။ အဲ့ဒီနေ့မနက်က ကျွန်တော်သူငယ်ချင်းတစ်ယောက်က လာကြိုရင်းနဲ့၊  အဲ့ဒီ ၂၉ ရက်နေ့က ဈေးနေ့တဲ့ ၊ ငါတို့တွေ ဈေးနားမှာ ရန်ပုံငွေအတွက် ဈေးရောင်းပွဲလုပ်မယ်၊ ဈေးရောင်းရင်း အသိပေးဖိတ်စာတွေ အလံတွေ ဝေမယ်လို့ပြောပါတယ်။ အဲ့ဒါနဲ့ အဲဒီနေ့ ရောက်ရောက်ခြင်းပဲ ကျွန်တော်တို့တွေ ဈေးရောင်းရင်း တစ်နေကုန် ဖိတ်စာတွေဝေပါတယ်။ ရွာတွေကလည်းအဲ့နေ့ဆိုရင် ဈေးရောင်းဖို့ရယ် ၊ ရွာမှာလိုအပ်တာတွေ ၀ယ်ဖို့ရယ် အတွက် ကလောကို တက်လာကြတော့ လူကတော်တော်ကို စည်ကားနေတာပါ။ လူမျိုးပေါင်းစုံပေါ့ ။ အဲ ….. နိုင်ငံခြားသားတွေကလည်း အဲ့နေ့ဆိုရင် တော်တော်များတယ် ။ ကျွန်တော်တို့ကတော့ တွေ့သမျှလူကို ဖိတ်စာတွေ အကုန်ဝေတာပဲ နိုင်ငံခြားသားလည်း မချန်ပါဘူး။ သူတို့က အမေစုပုံပါတဲ့ အင်္ကျီတွေ ၊နောက်ပြီး NLD အလံတွေကို တွေ့တော တအားကို စိတ်ဝင်တစားနဲ့ ကြည့်ကြ ၊မေးကြပါတယ် ။ ၀ယ်လည်း ၀ယ်ကြရင်းပေါ့။ ကျွန်တော်က သူတို့ကို ပြောပြတယ် မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည် ဒီကိုလာပြီး ဟောပြောမှာပါလို့။ အဲ့လိုပြောပြတော့ တချို့တအားဝမ်းသာပြီး တချို့ကတော့ မျက်နှာမှိုင်းမှိုင်းနဲ့ ၀မ်းနည်းသွားတာကိုတွေ့ရပါတယ်။ ၀မ်းသာသူတွေကကျတော့ သူတို့လဲမနက်ဖြန် ကြုံရတော့မယ်ဆိုပြီး ၀မ်းသာတယ်။ ၀မ်းနည်းသူတွေကျတော့ သူတို့တွေက ပြန်ရတော့မှာ မနက်ဖြန်ကို မမှီတော့ဘူး၊တွေ့ချင်လိုက်တာလို့ ပြောပြီး ၀မ်းနည်းကြတယ်ဗျ။ အဲ ပြောကြတာကတော့ အမျိုးမျိုးပဲ။ အဲ့ဒီလိုမျိုး တစ်နေကုန် ဈေးရောင်းပြီးတဲ့ ညနေပိုင်းကျတော့ ကျွန်တော့်ဆီကိုသူငယ်ချင်းတစ်ယောက်က အစည်းအဝေးရှိတယ်လို့ လာပြောတာနဲ့ ရုံးကို ပြန်ရောက်သွားပါတယ်။

              ရုံးက အခန်းတစ်ခုထဲမှာစုထိုင်နေတုန်း ကံကြမ္မာ အကျိုးစပေးတာပါပဲ။ အခုရုံးထဲမှာ ရှိနေတဲ့ လူငယ်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ကို ယူချင်ရင် စာရင်းပေးပါလို့ လာပြောပါတယ်။ အဲလိုပြောတော့ ကျွန်တော်က အဲဒီအဖွဲ့ထဲကို တအားကို ပါချင်တာ ။ ဒါပေမဲ့ ကျွန်တော်က မပြောရဲဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော်က အရမ်းကို ပိန်တဲ့သူထဲမှာပါတယ်လေ ၊ နောက်ပြီး အရပ်ကကျတော့ ၅ပေနဲ့ ၁၀ လက်မ ဆိုတော့ ဂလန်ဂလားနဲ့ ။ အဲလိုဆိုတော့ ၀င်ပါဖို့ မသင့်လောက်ဘူးဆိုပြီး ဘာမှ မပြောတော့ဘူး။ ဒါပေမဲ့ ကံကကောင်းချင်တော့ လူတစ်ယောက်ထပြောတယ် လိုက်မှာသေချာရင်၊ လိုက်ဖို့ ၀ံ့ရဲရင် လိုက်နိုင်တယ် ၊ အယောာက် (၂၀) ပဲလို့ ပြောတော့မှ ကျွန်တော်လဲ ကံကောင်းထောက်မစွာနဲ့ အနီးကပ်လုံခြုံရေး (၂၀ ) ထဲမှာ ပါဝင်ခွင့် အလိုအလျှောက်ရသွားပါတယ်။ ပျော်တာပေါ့ဗျာ ၊ အမေ့ကို အနီးကပ် စောင့်ရှောက်ပေးရမှာဆိုတော့။ နောက်ပြီး အယောက် ၂၀ စလုံး ရှမ်းဘောင်းဘီနဲ့ လည်ကတုံး အင်္ကျီဝတ်ကြမယ်ဆိုတော့ ရှမ်းဘောင်းဘီ ရှာဝယ်ကြတယ်။ အဲ ….. ရှမ်းဘောင်းဘီဆိုတဲ့အမျိုးက ပေါင်းခံသားမဟုတ်ရင် ရေလျှော်ပြီးမှ ၀တ်လို့ ကောင်းတဲ့ အမျိုးဗျ။ မဟုတ်ရင် နေရောင်မှထွက်ရပ်ပလိုက်ရင် အဖြောင်လိုက်မြင်ရတာ ။ အဲလိုဆိုတော့ ရေလျှော်ကြ မီးပူတိုက်ကြနဲ့အဲဒီညက အလုပ်တစ်ခုပိုသွားကြပါတယ်။ အားလုံးလဲ ပျော်လို့ ရွှင်လို့။

            မနက် ၆ နာရီချိန်းထားတာဆိုတော့ ၅ နာရီလောက်ကတည်းက ကျွန်တော်နဲ့ တခြားလိုက်မဲ့ သူငယ်ချင်း၂ ယောက်တို့ ပြင်ကြဆင်ကြပြီး ၆ နာရီ ထိုးခါနီးမှာ ရုံးကို ရောက်နေကြပါပြီ ။ လူစုံတော့ အမေစုကို ကြိုရမဲ့ ဟဲဟိုးလေဆိပ်ကို light-truck တစ်စီးနဲ့ အယောက်၂၀ ထွက်လာကြပါတယ် ။ အခုအချိန်က ရှမ်းပြည်မှာ အေးလို့ အရှိန်လျော့စပဲ ရှိသေးတာဆိုတော့ ၊ အေးလိုက်တာလဲ ခိုက်ခိုက်တုန်၊ လူက ၂၀ ကားက တစ်စီး ကြပ်ကကြပ် ။ ဒါပေမဲ့ အားလုံးက ပျော်နေကြတယ်ဗျ။ လေယာဉ်ကွင်းထဲကို ရောက်တော့ ပထမဆုံး မှတ်မှတ်ရရတွေ့တာက ရုပ်ရှင်မင်းသားရဲတိုက် ၊ သူလည်း လာကြိုနေတာဗျ။ နောက်ပြီး တခြား ကြိုဆိုမဲ့ အဖွဲ့တွေ လည်း အများကြီးပဲ။ လေယာဉ်ကွင်း အပြင်ဖက်မှာတော့ တခြားမြို့တွေက လာကြိုတဲ့သူတွေရဲ့ ကားတွေ ဆိုင်ကယ်တွေ အပြည့်ပါ။ အဲ့ဒါ ၇ နာရီခွဲပဲ ရှိသေးပါတယ်။

             အမေစုပါတဲ့ လေယာဉ် ဆင်းလာပြီး လေယာဉ်ပေါ်ကနေ အမေစု ထွက်လာတော့ဆိုတော့ ကျွန်တော်တို့ လုံခြုံရေးတွေက အမေစု ကားအနားကို သွားမဲ့ လမ်းတစ်လျှောက် ကာထားလိုက်ကြတယ်။ လိုအပ်သလားလို့မေးရင် လိုအပ်ပါတယ်။ ဘာလို့တုန်းဆိုတော့ အတားအဆီးမဲ့သာထားလိုက်ရင် ကားအနားကို အမေစုရောက်ဖို့ တစ်နာရီလောက် ကြာသွားပါလိမ့်မယ်။ ကျွန်တော်တို့က အမေစုရဲ့ စကားသံကို စောင့်နေမဲ့ သူတွေကို ပိုပြီး ဦးစားပေးရမယ်လေ။ အဲ့ဒါကြောင့် အချိန်ကိုက် မှန်မှန်လေးသွားနိုင်အောင် ကာထားကြရတာပါ။ အမေစုကားပေါ်ကို ရောက်ပြီး ကွင်းအပြင်ကို ကားစထွက်တော့ ကျွန်တော်တို့က အမေစုကားဘေးက ဖြည်းဖြည်း ပြေးလိုက်ရတယ် ။ ကွင်းအပြင်မှာ ကြိုနေတဲ့သူတွေလည်း ကျန်သေးတာကိုး။ ကွင်းအပြင်ကိုရောက်တော့ အမေစုကို နှုတ်ဆက်ဖို့ ပရိတ်သတ်က အရှေ့ကိုတိုးလာပါတယ် ။ ကျွန်တော်တို့က ကားရဲ့ဘေး ၂ ပေ အတွင်းကို အကပ်မခံပါဘူး။ ဘာဖြစ်လို့လဲဆိုရင် တိုးရင်းဝှေ့ရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး ကားဘီးအောက်ကိုရောက်သွားတာတွေ၊ ခြေထောက်ကို ကားဘီးနင်းမိမှာတွေလိုမျိုး မတော်တဆမှုတွေ အဖြစ်မခံနိုင်လို့ပါ။ ပန်းစီးပေးချင်တာတို့ လက်ဆွဲနှုတ်ဆက်ချင်တာတို့ကိုတော့ ခွင့်ပြုပါတယ် ။ ဒါပေမဲ့ ပန်းစည်းပေးချင်သူတိုင်းပေးခွင့်ရဖို့အတွက် ပန်းစည်းပေးပြီးတဲ့သူကို စည်းဝိုင်းထဲကနေ ပြန်ထွက်ခိုင်းရပါတယ်။ အချိန်မပုတ်အောင်လို့ လုပ်ရတာပါ။ အဲလိုမျိုးကြိုတဲ့ ပရိတ်သတ်ကို လွန်သွားတော့ ကားက ဟိုက်ဝေးလမ်းမှာ မောင်းဖို့ စပြီးအရှိန်မြှင့်ပါတော့တယ်။ အဲ့ဒီမှာ ဒုက္ခစရောက်တာပဲခင်ဗျ။ ကျွန်တော်တို့ကားက အမေစုစီးတဲ့ကားရဲ့ အနောက် တစ်စီးကျော်ကနေလိုက်ရမှာပါ။ ဒါပေမဲ့ကားက ပါမလာဘူး ၊ အနောက်ကိုလှမ်းမျှော်ကြည့်တော့လည်း မတွေ့ အဲ့ဒါနဲ့  နောက်ကျမှာစိုးတာနဲ့ အမေစုကားနောက်ကို အားလုံး ပြေးလိုက်ကြတာပေါ့ဗျာ။ ရှမ်းဘောင်းဘီတွေနဲ့ အပြေးပြိုင်နေသလား အောက်မေ့ရပါတယ်။ ပြေးရင်းပြေးရင်နဲ့  ကားအစီး ၃၀  မြောက်လောက်က  ကျွန်တော်တို့ကားကို တွေ့ပြီး ကားပေါ်ကို ခုန်တက်ကြပြီး အမေစုကားကို မရမက အမှီလိုက်ရပါတော့တယ်။ အားလုံးလည်း ဟဲဟိုးမှာ ဟောဟဲကို ဆိုက်လို့ပေါ့။

ဆက်ပါမည်။

 

About yuiio

has written 8 post in this Website..