အခွံများနဲ့ဂြိုလ်

ETMarch 4, 20121min31212

လွင့်ကနဲ.. လွင့်ကနဲ ဖြစ်ဖြစ်သွားသည် ငြိမ့်ညောင်းသည် ပြောပြရန်ခက်သည် တစ်ကိုယ်လုံးပေါ့ပါးနေတာ တော့သိသည်။ ခံစားမှု့ ပြာလွင်တုန်ရီနေသည် ဘယ်လိုကြီးမှန်းလည်းမသိ သေချာတာ တစ်ခုကတော့နေ့စဉ် ရှင်သန်နေရသော ပတ်ဝန်းကျင်မဟုတ်တာတော့ သေချာသည်။ နေရာတိုင်းမှာ နှင်းမြူလို အုံ့ပြဝေရီနေသည် ကြည့်နေရင်းမှပင် လက်ကနဲတစ်ချက်ဖြစ်သွားပြီး အလင်းရောင်တစ်ခုစူးရှရှ ဖြည်းညှင်းစွာတိုးဝင်လာသည်။
“နေဝင်လာပြီ နေဝင်လာပြီ”
ကြားလိုက်ရသောအသံကြောင့် တွန့်ကနဲတစ်ချက်ဖြစ်သွားသည်။ ဘယ်နှယ့် နေထွက်“လာ”ပြီတို့ နေဝင်“သွား” ပြီတို့ပဲ ကြားဖူးသည် ခုကျမှ နေဝင်လာပြီတဲ့ နေကြီးကဘယ်ကနေ ဘယ်လိုဝင်လာသည်မသိ။ ဘာပဲဖြစ်ဖြစ် သူ စိတ်ဝင်စားသွားသည်။ ဒါနဲ့ သူ့လွင့်မျောနေသောခန္ဓာကိုယ်ကို သတိလေးနှင့် ထိန်းလိုက်သည် ခန္ဓာကိုယ်က အနည်းငယ်တော့ ငြိမ်သွားသည် ဒါပေမယ့် ပေ့ါပေါးလွန်းနေ၍သတိလေးတော့ထားရသည်။
စူးရှလင်းလက်နေသော အလင်းတန်းက လောကတစ်ခွင်လင်းလက်သွားသည် မှုန်မှိုင်းဝေရီနေသော မြူခိုးတို့ လွင့်ပြယ်သွားသည်။အရာအားလုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရသည် ထိုခဏသူ့လိုပင် လေထဲမှာဝဲပျံနေ သောလူအများအပြားကိုတွေ့လိုက်ရသည် သူတို့တွင်မည်သည့်ခံစားချက်မှရှိနေပုံမပေါ်လေထဲလွင့်နေသည်ကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ သဘောထားနေကြသည်။ ဘယ်လိုနေရာမျိုးကိုသူရောက်နေပါလိမ့် သူသိချင်စိတ် ကြောင့် အနားကဖြတ်သွားသော လူကြီးတစ်ယောက်ကိုလှမ်းမေးလိုက်သည်။
“အန်ကယ်ကြီး အန်ကယ်ကြီး ခဏနေပါဦး”
အန်ကယ်ကြီးဆိုတာ ထိုလူကြီးနာမည်မဟုတ်ပါအန်ကယ်ကြီးအရွယ်မို့လို့အန်ကယ်ကြီးလို့လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။ သူ့အသံကြားတော့အန်ကယ်ကြီးသည် ဝဲ ကနဲရပ်လိုက်သည်။လေထဲမှာလွင့်နေသောကြောင့်တိကနဲ ရပ်လို့မရ ရပ်နေသည်မှာ လွင့်တင့်တင့်ဝဲတဲတဲ ဖြစ်နေသည်။ သူလည်းယက်ကန်ယက်ကန်နှင့်ထိုအန်ကယ်ကြီး နားရောက်အောင်သွားလိုက်သည်။ လေထဲမှာလမ်းလျှောက်ရသည်မှာ ဘယ်လိုမှန်းမသိလျှောက်လို့တော့ ကောင်းသည် ဒါပေမယ့်ဘယ်လိုကြီးမှန်းမသိ အထိန်းအကွပ်မဲ့သလိုခံစားနေရသည်။
“အန်ကယ်ကြီး ဒါဘယ်လိုနေရာလဲဟင်”
“ဟင်”
သူ့ မေးသံဆုံးတော့အန်ကယ်ကြီးက ဟင် ကနဲ တစ်ချက်ဖြစ်သွားသည် ပြီးတော့ သူ့ကို ခြေဆုံးခေါင်းဖျားဝဲပျံ ကြည့်ပါသည် ထိုလူကြီးကိုကြည့်ရသည်မှာ ဟိုနေရာက ယားသလိုဒီနေရာကယားသလိုတောင်ဖြစ်လာသည်။ ပြီးတော့ နောက်ကျောမလုံသလိုလဲခံစားနေရသည် ဘယ်နှယ့်သူက ဝဲတဲ ဝဲတဲနှင့်ကိုယ့်အနားပျံနေသည်ဆို တော့ တစ်ချက်တစ်ချက်လေကဟပ်သွားသေးသည်။ နောက်တော့မှ စိတ်ကျေနပ်သွားဟန်ဖြင့်
“လက်စသတ်တော့မင်းက ခုမှလေပူဖောင်းမြို့တော်ကိုရောက်လာတဲ့သူကိုး ”
“ခင်ဗျာ…. ဘာမြို့တော်”
“လေပူဖောင်းမြို့တော် ”
သူတစ်ချက်ပြုးံလိုက်မိသည် ဟုတ်တော့လည်းဟုတ်သား လူတွေအကုန်လုံးကလေပူဖောင်းတွေလိုလေထဲမှာပျံ နေကြတာကိုး
“ဒါနဲ့ ဦးလေးက ဘယ်သွားမလို့လဲ ”
“သင်တန်းသွားတက်မလို့ကွ မင်းလုပ်တာနဲ့နောက်တောင် ကျနေပြီ”
“ဟင် သင်တန်းဟုတ်လား ”
“အေးလေ ဘာဖြစ်လို့လဲ မင်းက ငါ့အသက်လေးဆယ်ရှိပြီ လူ့လောကကြီးမှာရပ်တည်နိုင်ဖို့ သင်တန်းတွေတက် ရတာမကုန်နိုင်သေးဘူး”
“ဒါနဲ့ အန်ကယ်ကြီးက အခုဘာသင်တန်းသွားတက်မလို့လဲ”
“လူမှု့ဆက်ဆံရေးသင်တန်း ဒီမှာက အလုပ်လျှောက်ရင်အဲ့ဒီသင်တန်းလက်မှတ်လေးရထားမှဖြစ်မှာ”
“ဒါဆိုအန်ကယ်ကြီး အဲ့ဒီကိုသွားမှာပေါ့”
“အေး နောက်တော့ကျနေပြီ ဒါပေမယ့် သွားတော့သွားရမယ် ”
“ဒါဆို ကျွန်တော်လိုက်ခဲ့မယ်လေ ကျွန်တော်က ခုမှရောက်တဲ့လူဆိုတော့ လေ့လာကြည့်ချင်လို့ပါ”
“အေး လိုက်ခဲ့လေ လာသွားကြမယ်”
ထိုသို့နှင့် အန်ကယ်ကြီးနှင့်သူယက်ကန်ယက်ကန်နှင့်သင်တန်းကိုရောက်သွားသည်
အန်ကယ်ကြီးကတော့ ယက်ကန်ယက်ကန်မဖြစ်ပါ သူသာအလေ့အကျင့်မရှိသေးသည်မို့ယက်ကန်ယက်ကန်နှင့်ဖြစ်နေခြင်းဖြစ်သည်။ သူတို့ရောက်တော့ သင်တန်းက စနေပြီ အန်ကယ်ကြီးနှင့်သူနောက်ခုံမှာတိတ်တဆိတ်ဝင်ထိုင်လိုက်သည် အန်ကယ်ကြီးက အမူအယာနှင့်တိတ်တိတ်နေဖို့အချက်ပြသည်။ သူကလည်း အသံအားဖြင့်တိတ်တိတ်နေပါ သည်။ ဒါပေမယ့် မျက်လုံးတွေကတော့ ငြိမ်ဆိတ်မနေပါ မြင်နေရသောကြောင့်ဖြစ်သည့် နားကလည်းသူ့ဘာသူ ကြားနေရသောကြောင့် သင်ခန်းစာတွေကိုကြားနေရသည်။ သင်တန်းဆရာက သင်ခန်းစာကို စိတ်ဝင်တစားပို့ချ နေသည်။
“ခင်ဗျားတို့ အနေနဲ့လူတစ်ယောက်နဲ့မျက်နှာခြင်းဆိုင်တွေ့ပြီဆိုပါစို့ သူကကိုယ်နဲ့သိသည်ဖြစ်စေမသိသည် ဖြစ်စေ ပြုံးပြနိုင်ရမယ် ပြီးမှကိုယ့်လမ်းကိုယ်ဆက်လျှောက်ပေါ့ မိတ်ဆွေတစ်ထောင်ရှိလို့မလုံလောက်ဘူးဆိုတဲ့ စကားအတိုင်းပေါ့လေ မိတ်ဆွေများများမွေးယူရမယ် လူတွေကပြောတယ် ဟန်ဆောင်မှု့ဆိုတာမရှိသင့် ဘူးတဲ့ မဟုတ်ပါဘူး ဟန်ဆောင်မှု့ဆိုတာလိုအပ်ပါတယ် မရှိမဖြစ်ကိုလိုအပ်ပါတယ်”
ထိုစကားကိုပြောပြီး သင်တန်းဆရာက တစ်ချက်ဝေ့ဝဲကြည့်လိုက်သည် သူလည်းလေထဲမှာစာသင်နေသော ကြောင့် သူ့အကြည့်ကဝဲပျံနေသည် ပြီးမှချောင်းတစ်ချက်ဟန့်ပြီး စကားကိုဆက်သည်။
“ဘာကြောင့်လိုအပ်သလဲ
ဥပမာ ဟိုတယ် တစ်ခုရဲ့ဧည့်ကြိုဝန်ထမ်းတစ်ယောက်ဟာသူ့မှာနေ့တိုင်းပျော်ရွှင်မနေ နိုင်ဘူးလေ ဒါပေမယ့် သူ့အလုပ်ကြောင့်အမြဲသူ့မျက်နှာကြည့်ရင်ပြုံးရွှင်နေလိမ့်မယ်။ ဒါဟာဘာကြောင့်လဲ အလုပ်ဆိုတဲ့ကိစ္စကြောင့်သူဟာ အပြုံးဆိုတဲ့မျက်နှာဖုံးတုကိုစွပ်ထားရတာပဲ တကယ်လို့များသူဟာ ဟန်ဆောင် ပြုံးမနေနိုင်ဘူးဆိုရင်သူ့အလုပ်ကိုထိခိုက်တော့မယ် နောက်ဆက်တွဲပြဿနာတွေက အများကြီးပဲ အဲ့တော့ လောကကြီးမှာဟန်ဆောင်မှု့ဆိုတာမရှိမဖြစ်လိုအပ်ပါတယ်”
သင်တန်းဆရာက သင်ခန်းစာတွေဆက်လက်ပို့ချနေသည်သူကတော့ မကြားတစ်ချက်ကြားတစ်ချက်
လောက ကြီးမှာ ဟန်ဆောင်မှု့ဆိုတာလိုအပ်တယ်တဲ့
ဒါဟာတကယ့်အမှန်တရားလား
….
သူလမ်းလျှောက်လာသည် တနင်္ဂနွေပိတ်ရက်မို့လို့လားမသိ လမ်းသွားလမ်းလာအရမ်းများနေသည် သူ့မျက်နှာ ကပြုံးတောင့်ပြုံးတောင့်ကြီးဖြစ်နေသည်။ ဟုတ်သည်မိတ်ဆွေတစ်ထောင်ရှိလို့မလုံလောက်ဘူးဆိုလို့ဟို့လူ့ပြုံးပြ ဒီလူ့ပြုံးပြနှင့် နှုတ်ခမ်းက ဟတတကြီးဖြစ်ကာနေသည်။ အသေအချာပြောရလျှင်မျက်နှာကပြုံးဖြီးဖြီးကြီးဖြစ်နေ သည်ဘယ်နှာ့ကြီးမှန်းမသိ ။ တွေ့တဲ့လူတိုင်းကိုပြုံးပြတော့တစ်ချို့ကပြန်ပြုံးပြသည်တစ်ချို့မှုန်ကုပ်ကုပ်နှင့် ကြည့်သွားကြသည်။ ဒီလူတွေလေပူဖောင်းမြို့တော်ရဲ့လူမှု့ဆက်ဆံရေးသင်တန်းကိုပို့ရမယ် ထိုအချိန်မှာပင် ခပ်သွက်သွက်လှမ်းလာနေသော လူတစ်ယောက်ကိုတွေ့ရသည် ။
ထိုလူ့ရှေ့သွားရပ်ကာ ပြုံးပြလိုက်သည် ပထမတော့ထိုလူသည်မျက်မှောင်ကုပ်သည် နောက်ကျတော့နှုတ်ခမ်း ကြီးကွေးလာသည် နောက်မျက်လုံးကိုပြူးလိုက်သည် ကွေးနေသောနှုတ်ခမ်းကိုဆတ်ကနဲစူူအာလိုက်သည်။
“မင်း ငါ့ကို လာနောက်နေတာလား”
“အဲ..မဟုတ်ပါဘူးခင်ဗျာ ဒါလူမှု့ဆက်ဆံရေးပါ ဟဲဟဲမိတ်ဖြစ်ဆွေဖြစ်ပါ အစ်ကိုကြီးရဲ့”
“ဘာ မိတ်ဖြစ်ဆွေဖြစ်လဲ ကိုယ့်ဟာကိုယ်စိတ်ညစ်နေရတဲ့အထဲ မင်းက ငါ့ကိုမလေးမခန့်နဲ့”
“လူမလေးခွေးမခန့်လုပ်တာမဟုတ်ပါဘူး အစ်ကိုကြီးရယ် နွားရှေ့ထွန်ကျူးတာလည်းမဟုတ်ပါဘူး ဒါကလူ့မှု ဆက်ဆံရေးပါ အစ်ကိုကြီးလည်းပြန်ပြုံးပြလိုက်ဒါဆိုပြီးနေပြီ”
“မပြုံးဘူးကွ မပြုံးဘူး သေတောင်မပြုံးဘူးကွ ပြုံးကိုမုန်းလွန်းလို့ပြုံးပါတဲ့ မိန်းမ ငါ့မိန်းမ မိပြုံးကိုတောင်စွန့်လာ တာ ဟွန်း”
ထိုလူကြီးသည်ထို့သို့ပြောပြီးသည်နှင် ဘောက်ဆတ်ဘောက်ဆတ်နှင့်ထွက်သွားသည် အော်သူခမျာ့ပြုံးကိုတော် တော်စိတ်နာနေပုံရလေသည်။ ရှေ့ဆက်လျှောက်တော့ အစ်မကြီးတစ်ယောက်ကိုတွေ့ရလေသည် ထုံးစံအ တိုင်းတာဝန်ကျေစွာသူသွားပြုံးပြလိုက်သည်။ ဟိုကလည်းတာဝန်ကျေ ပြန်ပြောသွားပါသည်။
“ဘာမှန်းမသိဘူး ရုပ်ကိုက စပ်ဖြီးဖြီးနဲ့ ပါးကောင်းလို့ လက်ဝါးတောင်းချင်တာထင်တယ်”
အလကားနေရင်း ပါးတောင်အဆစ်ပါမလိုဖြစ်သွားသေးသည် တွေးကြည့်တာတောင်ဘယ်လိုမှအဆင်မပြေ မျက်နှာကလည်း ထုံးစံအတိုင်းပြုံးတောင့်တောင့်ကြီးဖြစ်လို့.
“ဟေ့ ကောင်လေး သင်တန်းပြီးနေပြီသွားမယ်လေ ”
“ဟင် ပြီးပြီလား ”
“အင်း ”
“မြန်လိုက်တာ ”
ကိုယ့်ဟာကိုယ်တွေးကောင်းကောင်းနဲ့တွေးလိုက်တာ သင်တန်းပြီးလို့ပြီးမှန်းပင်မသိ လူတွေလည်း တဝဲဝဲ ထပျံ သွားကြသည်။ လေထဲမှာဘောလောကြီးမျောနေသော လူတွေကိုကြည့်ရသည်မှာပေါ့ရွှတ်ရွှတ်ကြီးဖြစ်နေသည် ဘာကြောင့်မှန်းမသိ ကိုယ်ကိုတိုင်ကလည်းပေါ့ရွှတ်နေလို့လည်းဖြစ်နိုင်သည်။
“မြန်မြန်လုပ်ကွ ဒီသင်တန်းပြီးရင် နောက်သင်တန်းတစ်ခုသွားရဦးမယ်”
“ဟင် သင်တန်းက သွားရဦးမယ် ဒါပေါ့ကွ မြင့်မြင့်မှန်းတဲ့လူက သင်တန်းများများတက်ပေးရတယ်”
ဘာမှလည်းမဆိုင် သူ့ဟာနဲ့သူတော့ ဟုတ်နေသည်
“ဒါနဲ့ အန်ကယ်က သင်တန်းတက်မယ်ဆိုပြီးတော့ နောက်သင်တန်းအတွက်စာအုပ်က ဘယ်မှာလဲ ”
“ဒီမှာလေကွာ ”
အန်ကယ်ကြီးက ဖိုင်တွဲတစ်တွဲမြှောက်ပြသည်။
“စောစောက ဒီသင်တန်းသင်တော့ အဲ့ဒီဖိုင်တွဲကြီးထုတ်ဖတ်နေတာတွေ့ပါတယ်”
“မင်းကလည်း ဒါနယ်နယ်ရရမှတ်လို့လား ဒါငါတက်နေတဲ့သင်တန်း ၁၁ ခုလုံးရဲ့ဘာသာရပ်တွေမှတ်ထားတဲ့ ဖိုင်တွဲကွ ”
“ အဲ……သင်တန်းက ၁၁ ခုတောင်တက်နေတာ ဟုတ်လား”
“အေးလေကွာ တကယ်တော့ သင်တန်းက စာက အရေးမကြီးပါဘူး certificate အရေးကြီးတာကွ”
“certificate က အရေးကြီးတာ…….အော်..ဒါနဲ့ ကျွန်တော်မေးစရာရှိသေးတယ် ”
“အေး မေးကွာ သွားမယ် လမ်းလျှောက် ရင်းမင်းသိချင်တာမေး နောက်သင်တန်းကစတော့မှာမို့မြန်မြန်သွားရ အောင်“
သူရယ်အန်ကယ်ကြီးရယ် ဝဲကနဲ ပျံလိုက်ပါသည် အသားကျသွားပြီမို့ ပျံရတာသိပ်မခက်ခဲတော့ လေထဲမှာလမ်း လျှောက်ရတာအရသာတစ်မျိုးတွေ့ပါသည်။ ခေါင်းတွေမော့ရင်တွေကော့ချင်သလိုဖြစ်လာသည် စိတ်ကူးတွေ အဆင့်အတန်းမြင့်လာတာထင်ပါရဲ့
“ကျွန်တော် မေးချင်တာက ကျွန်တော်ဘယ်လိုလုပ်ဒီကိုရောက်လာသလဲဆိုတာ ”
“ဟေ မင်းမသိဘူးလား ”
“မသိလို့ပါ အန်ကယ်ကြီးရ”
“အေး ဒီမှာကြည့် ”
အန်ကယ်ကြီးက အိတ်ထဲကနေ ဆွဲထုတ်လိုက်တယ် ကြည့်လိုက်တော့ Notebook လေးတစ်လုံး ပြီးတော့ ဟိုနှိပ် ဒီနှိပ်လုပ်နေသည်။
“ကဲ ရပြီဒီမှာ ”
အန်ကယ်ကြီက Notebook ကိုသူ့ဘက်လှည့်ပြသည်
“ဟင် Certificate တွေ ”
ဟုတ်ပါသည် အခန်းတစ်ခုလုံးပြည့်လုနီးပါး certificate တွေကိုအထပ်လိုက်ကြီးတွေ့ရသည်။
“ဟုတ်တယ် certificate တွေ အသေအချာပြောရရင် မင်း certificate တွေပေါ့ကွာ အဲ့ဒါတွေကြောင့် မင်းဒီကို ရောက်လာတာ”
“အမ် … ဘာဆိုင်လို့လဲဗျ”
“ဆိုင်ဆိုင် မဆိုင်ဆိုင်ကွာ ဒါတွေကြောင့်မင်းရောက်လာတာတော့ သေချာတယ် ထပ်မမေးနဲ့တော့ သင်တန်း ရောက်ပြီ”
အန်ကယ်ကြီးက ပြောပြောဆိုဆို ရှေ့မှာမြင်နေရသော အဆောက်အဦးထဲသို့ဝဲကနဲဝင်သွားသည်သူ့မှာသာ ခေါင်းထဲချာချာလည်ရင်းကျန်ခဲ့သည်။
“ဒါ ငါရဲ့ certificate တွေပေ့ါ ငါဒီလောက်တောင် သင်တန်းတွေတက်ထားတာပေါ့ ”
တွေးရင်း တွေးရင်း သူပြုံးလာမိသည် လူကပိုပေါ့ပါးလာသလိုခံစားရသည် တစ်ချက်လောက်ဝဲကနဲပျံလိုက်သည် သူ့မျက်နှာက စောစောကလိုမဟုတ်တော့ ဘာပဲဖြစ်ဖြစ် နောက်သင်တန်း တစ်ခုလောက်တော့ တက်ဦးမှပါလေ …………………………..

12 comments

  • surmi

    March 5, 2012 at 12:33 am

    ကြာလေလေ ဒီသင်တန်းတွေကစိတ်ပျက်စရာကောင်းအောင်တက်ရလေလေဘဲ …။
    အိမ်ကခြောက်တန်းကလေးကိုလဲ စာစီစာကုံးသင်တန်းပို.ရဦးမယ်တဲ….။
    ကိုယ်လဲ အသုံးမဝင်တဲ. certificate တွေရအောင်လုပ်ခဲ.ရပေမဲ.
    လက်ရှိလုပ်နေရတာက ဒီ certificate တွေနဲ.ဘာမှမဆိုင် ။
    ET ရေ တွေးစရာတွေနဲ. အိပ်မရတာနဲ.တော.အတော်ဘဲ ……။

  • ET

    March 5, 2012 at 1:21 am

    ကျွန်တော်လည်း ဘာထူးလဲဗျာ
    ရတဲ့ဘွဲ့က စီးပွားရေးဘွဲ့ (အဝေးသင်)
    တကယ်လုပ်ရတာက ရေနံကုမ္ပဏီတစ်ခုမှာ
    တကယ်တော့ ဘာမှလည်းမဆိုင်ဘူး
    ကိုယ်ရွေးခဲ့တာမှားတယ်လို့ပဲပြောရမယ်

    • manawphyulay

      March 5, 2012 at 2:53 pm

      မှားတယ်ဆိုရင် ခုမှန်တဲ့လမ်းကို ဆက်လျှောက်နေတာလား…. ဘာကြောင့်မှားတယ်လို့ ပြောရတာလဲ။ ခရီးတစ်ဝက်မှာပြန်လှည့်ရင်တော့ အစကနေ ပြန်စရမှာပဲ။ လက်မှတ်မရှိလည်း အလုပ်လုပ်လို့ရတာတွေရှိပါတယ်။ အရည်အချင်းရှိဖို့သာလိုတာပါ။ အရည်အချင်းရှိရင် အလိုဆိုတာ ရှိလာမှာပါ။

  • koaung

    March 5, 2012 at 4:05 am

    ဒီလိုပါဘဲဗျာ ဘဝအစမှာတွေ့တဲ့အလုဎ်ဝင်လုဎ် တက်လို့ရတဲ့သင်တန်းတွေတက် လူတိုင်းလိုဘဲကျိုးစားရုန်းကန်ကြရတာပါဗျာ

  • Khin Latt

    March 5, 2012 at 4:22 am

    ဟေး အီးတီ
    အရီးလဲ စီးပွါးရေး အောင်လက်မှတ် ကြီး နဲ့ အလုပ်လုပ်တော့ အိုင်တီ။ 😉
    ဒါပေမဲ့ ပညာရပ်ကို သင်ရာမှာ ယေဘူယျကျကျ တွေးခေါ်တတ်ဖို့ ကို ဦးတည်နိုင်ရင်တော့ လက်တွေ့မှာ လက်နဲ့မရ ခြေနဲ့ လှော်ဖို့ ကြိုးစား နိုင်မှာပါ။
    ဘာကို သင်သင် အင်အားအပြည့် စိတ်ပါပါ နဲ့သာ ဆက်သာလုပ်ပါကွယ်။
    အရှုံး မရှိတတ်ပါဘူး။
    အဲဒါကိုတော့ ယုံပါ။ 🙂

  • inz@ghi

    March 5, 2012 at 7:28 am

    တိန်…
    အော်…. ရယ် …စာတီဖီကိတ်…
    သများလည်း လိုချင်ထှာ ………

    😀

    အားပေးသွားတယ်ချင့်

    ခင်တဲ့
    ဂီ

  • ဒီ လုံး

    March 5, 2012 at 8:02 am

    အစဉ်တိုးတက်လိုသောလူ့ဘောင်
    အဖွဲ့အစဉ်းသည်အမြဲလေ့လာသင်ယူ
    နေရမည်တဲ့။ခောတ်နဲ့လျှော်ညီစွာပေါ့ဗျာ…

  • windtalker

    March 5, 2012 at 11:43 am

    ကိုအီးတီ အိမ်ထောင်ပြုတော့မယ် ဆိုရင် ဖိတ်စာ ထဲမှာ ဆာတီဖီကိတ်တွေအများကြီး နဲ ့ ခန် ့တာပေါ့ ကလား ။

  • Ma Ei

    March 5, 2012 at 3:52 pm

    certificate တွေက အလုပ်ဝင်ဘို့အတွက်…
    လက်တွေ့လုပ်ငန်းခွင်ရောက်ရင် လိုအပ်တာတွေ ထပ်သင်ရ…
    လုပ်ငန်းခွင်ကပေးတဲ့ သင်ခန်းစာတွေ ထပ်ရ…
    ဘယ်တော့များမှ…

  • kyeemite

    March 5, 2012 at 4:18 pm

    ဒီလောက်ဘွဲ့တွေများတဲ့သူငယ်ချင်းတစ်ယောက်ကိုတွေ့ဘူးကြလား..ဒီမှာလေ..ယူထားတာတွေ..
    B.E(Mech.),LLB,MBA,MPA,M.Dev.S,MA(BL),MA(TEFL),Dip.Mktg.(S’pore),
    Dip(EFL),Dip(ELTM),DOS,DIR,DIL,DML,DBL,
    MOT Second Class(A)….ဘာတွေမှန်းတော့ကျုပ်လည်းနားမလည်ဘူး..သူပေးဘူးတဲ့
    ဗစ်စစ်တင်းကဒ်မှာတွေ့ရတာဘဲ…များလိုက်တဲ့ဆာတီဖီကိတ်တွေ…အံ့ဩပါ့..

  • ခပ် KING ကင်း

    March 5, 2012 at 4:53 pm

    ကျွန်တော်လည်း
    ရတဲ့ဘွဲ့က အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့လိုင်း
    လက်ရှိလုပ်တဲ့အလုပ်က ရာထူးက သက်သက်
    လုပ်နေရတဲ့အလုပ်က ရာထူးနှင့်လားလားမှမဆိုင် ..
    အဲဒီတော့
    အဲဒီတော့
    😆

Leave a Reply