ဂျော်နီလမ်းလျောက် အောင်ပုမှောက်...


“ဦးကြောင်ကြီး ကျန်းမာပါစေ..ဦးကြောင်ကြီး ကျန်းမာပါစေ” သိန်းချီသော လူထုကြီး ခြေလျင်တမျိုး ဆိုင်ကယ် စက်ဘီးများနှင့်တဖုံ၊ မော်တော်ယဉ်တန်းဖြင့်တသွယ် လေဆိပ်အထွက် မိန်းလမ်းကြီးမတလျောက် ညီညာဖြဖြ ကြွေးကြော်ရေရွတ်ရင်း အောင်စည်အောင်မောင်းများတီး၍ ချီတက်လာသည်။ လေယာဉ် ဆင်းလျင်ဆင်းခြင်း မန်းမြို့သူ အလှပဂေး ပုရှ်သခင်မလေး နှင့် မိုးစက်သခင်မလေးတို့မှ ပန်းကုံးစွပ်ကာ ခရီးဦးကြိုဆိုပြုသည်။ ပုရှ်လေးက ထမီစကပ်အလယ်ခွဲ လက်ရှည်အကျီင်္လေးနှင့် မြန်မာဆန်ဆန် မြင်သူငေးအောင် လှပနေသလို မိုးစက်လေးကလည်း ပိုင်ဝေဂါဝန်ရှည်ဘေးခွဲနှင့် ရေရေလည်လည် ဟော့တ်ပြနေသည်။ ဦးကြောင်ကြီးမှ ၎င်းတို့နှစ်ဦးအား အားနာပါးနာဖြင့် အမိုးဖွင့်ကားပေါ်ဆီသို့ ပွေ့ဖက်ချီတင်ခေါ် လိုက်ရသည်။ (မှတ်ချက်၊ ကားမှာ အတန်ငယ် မြင့်နေသည်ကတကြောင်း၊ အချိန်ငဲ့ကွက်ရသည်ကတကြောင်း) ထို့နောက် ဟောပြောပွဲ လုပ်မည့်နေရာသို့ ကားဘီးတဘီးချင်းလှိမ့်ကာ ထွက်ခွာသည်။ မိုးကလည်း တဖွဲဖွဲရွာနေပေ၏။ :mrgreen:
မျက်လုံးပေကလပ် ပေကလပ်နှင့် အနားကပ်ရန် ချောင်းနေသူမှာ ဂျပန်ပြန် ယောတောရှိမောင်ဂီ ဖြစ်သည်။ လူအုပ်ထဲတွင် သူ၏အသံ အကျယ်လောင်ဆုံးဖြစ်သော်လည်း ဦးကြောင်ကြီးခမျာ ပုရှ်လေးနှင့် မိုးစက်တို့ကို ဘယ်ညာလက်နှစ်ဖက်ဖြင့် ယုယုယယ ထွေးဖက်ထားရသဖြင့် မောင်ဂီအား စိုးလျဉ်းမျှ မမြင်မိချေ။ ထို့ကြောင့် မောင်ဂီတယောက် ပြူးပြပြဲပြ၊ သွက်ချာပါဒလိုက်သလို အချိန်အတော်ကြာ တွန့်လိန်ကွေးကောက်ပြမှ “ဟယ် ငဂီ.. နေမကောင်းဘူးလား” မြင်သွားသော မိုးစက်လေး မသတီသလို မေးလိုက်သည်။ “ဟမ် ကောင်းပါတယ် ..သိပ်တက်ကြွနေလို့ပါ၊ နင်တို့ဆီမှာ လုံခြုံရေး မလိုဘူးလား၊ ငါလုပ်ချင်လို့” မောင်ဂီ မေးလိုက်သည်။ “ ဘာရယ်.. နင်လုပ်ချင်လို့၊ ဂိတ်အစောင့်တော့လိုတယ် ပြောသံကြားတယ်၊ ငါ့ရုံးကို နင့်CV ပို့လိုက်။” မောင်ဂီ မျက်နှာရှုံ့မဲ့ သွားသည်။ ဘယ့်နှယ် သူလို ဂျပန်ပြန် မားကက်တာကို ထင်ရက်လေခြင်း။ စိတ်ဓာတ်လည်း အတော်ကျသွားသည်။ သူ့ခမျာ မိုးစက်ခိုက်အောင် ပြလိုက်ရတဲ့ ပညာစွမ်း၊ အထင်ခံရတော့ ဂိတ်စောင့်တဲ့ 
“ထပ်တရီး… ငါပြောတာ အခုကားတန်းကို လုံခြုံရေးလိုက်ချင်တယ်လို့ ပြောတာ၊ ငါလည်း ဦးကြောင်ကြီးကို ထောက်ခံသူပါ၊ ပြောပေးနော်..ပြီးတော့ နင့်အတွက်လည်း စိတ်ပူတယ်” မောင်ဂီတယောက် ကြုံတုန်းလေး တချက်ပစ်ထည့်လိုက်သည်။ “ဟွန်း..နင်နော်…” မိုးစက်၏ မျက်စောင်းလှလှလေးတချက် မောင်ဂီ့ရင်ထဲသို့ တကဲ့မိုးရေစက်များနှင့်အတူ ထိမှန်သွားသည်။ မိုးစက်၏ တိုက်တွန်းချက်ဖြင့် ဦးကြောင်ကြီး မောင်ဂီအား လုံခြုံရေးတာဝန်ပေးလိုက်သည်၊ သို့သော် ကားပေါ်သို့ အတက်မခံ။ ကားအနောက် တလံအကွာမှ ပြေးလိုက် ရန်ဖြစ်သည်။ မောင်ဂီခမျာ မစားသာချေ၊ ဆယ်မိုင်ခရီး အပြေးလိုက်နေရသည်။ ပြောမိသားဖြစ်၍ နောက်ဆုတ် မရတော့။ ကားပေါ်မှ ဦးကြောင်၏ အောင်မြင်ခန့်ညားသော အသံကြီးနှင့် မိုးစက်၊ ပုရှ်တို့၏ ရယ်သံလွင်လွင် လေးများကို နားထောင်ရင်း လျှာထွက်မတတ် ဟောဟဲ လိုက်နေသည်။ စိတ်ထဲတွင်တော့ “အေပေါင်ကြေးကြီး၊ နေနှင့်အုံးပေါ့ကွာ…အခွင့်ရမှ နုတ်နုတ်စဉ်းပစ်မယ်” :mad:
ဦးကြောင်၏ ဝေဒအကြံပေး ပုရောဟိတ် ကစည်သွတ် မြင်သောအခါ ထိတ်လန့်တကြားနှင့် “တာလီဘန်၊ အယ်လ်ကိုင်းဒါး အကြမ်းဖက်သမား” ရေရွတ်လေသည်။ လူအများ ပြေးသူပြေး ဝပ်သူဝပ်ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။ မိုးစက်ဖြေရှင်းမှ မောင်ဂီ သက်သာရာ ရသွားသည်။ အတော်ဆိုးသော ထင်မိထင်ရာထင်သော ကိုရင်စည်သွတ်ဖြစ်၏။ မန်းလေးမြို့ခံ မေပေါင်မှာမူ ရေသန့်ဗူးတဖာ ဆိုင်ကယ်ပေါ်တင်လျက် ကားနောက်မှ ကပ်လိုက်ရင်း မောင်ဂီ့ထံမှ ရေသန့်တဗူး ကျပ်တထောင်နှုန်းဖြင့် အတော် စီးပွားဖြစ်နေသည်။ :cool:
ရှေ့ခပ်လှမ်းလှမ်း လမ်းမပေါ်တွင် လူအုပ်တအုပ် စောင့်ကြိုနေသည်။ “ဦးကြောင်ကြီးကို သတ်ပစ် သတ်ပစ်” မဟုတ်တရုတ် ကူမြူနစ်ကေဒါ စွမ်းအားရှင်ကြေးမုန်းနှင့် ထိုင်ဝမ်အမျိုးသားရေးဝါဒီ ကြံ့ဖွတ်ပါတီဝင်ဇိုတို့ တုတ်ဓါးလက်နက်များကိုင်ဆောင်လျက် အကြမ်းဖက်ရန် စိုင်းပြင်နေကြခြင်းဖြစ်သည်။ ၎င်းတို့အား စစ်တပ်မှ လုံခြုံရေးပေးပြီး ဇေအဝှာဦးခင်ရှည်ထံက စပွန်စာ ရယူထားသော ဇိမ်ဘုန်းကြီးအုကိုင်မှ ငွေကြေးသတင်း ထောက်ပံ့သည်။ ဦးကြောင်ထံတွင်မူ လက်နက်ဟူ၍ အပ်တိုတချောင်းမျှမရှိ၊ ပြည်သူ့မေတ္တာသာရှိလေသည်။ ကင်မရာမီးရောင် တဖြတ်ဖြတ်နှင့် တာဝန်သိ စီဒဇင်ဂျာနယ်လစ် မန်းတလေးကိုပေါက်၊ လုံခြုံရေးတာဝန်ခံ မောင်ဂီတို့ကား လူအုပ်ထဲ ကိုယ်ရောင်ဖျောက် လစ်ချေပြီ။ :roll:
ထိုအချိန်တွင် ဝါတော်၆၀ သက်တော်၈၀ ဥပတိရုပ်နှင့် ဘုန်းတော်ကြီးတပါးကို ဘွားကနဲ တွေ့လိုက်ကြရသည်။ မိုးပေါ်မှ ကျလာခြင်းလော၊ မြေကြီးထဲမှ ပေါ်ထွက်လာခြင်းလော မည်သူမှ မပြောနိုင်ချေ။ နှစ်ဖက် လူအုပ်စု ဟာ ကနဲ ဖြစ်သွားပြီး ဒူးထောက်ထိုင်ကာ ဦးချလိုက်ကြသည်၊ မည်သူမျှ တုပ်တုပ်မလှုပ်ဝံ့၊ ကံထူး၍သာ ယခုကဲ့သို ဖူးမျှော်ရခြင်း မဟုတ်ပါလော…။ မေပေါင်ကတော့ ဘုန်းကြီး၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် အကဲခတ်ရင်း ပရီမီးယားလိဂ်ဘောပွဲ အတိတ်ကောက်လိုက်သည်။ “အင်း..ဗြုန်းစားကြီး သင်္ကန်းနီနီနဲ့ ပေါ်လာတော့ သရဲနီ မန်ယူအသင်း ဒီတပတ် သေချာပေါက်နိုင်မယ်” ။ ဘုန်းတော်ကြီးမှ အားလုံးကို မျက်မှောင်တချက်ကုပ်ကြည့်ပြီး မြေပေါ်သို့ လှဲချလိုက်သည်။ ငြိမ်သက်စွာ မေတ္တာကမ္မဌာန်း ရှုနေဟန်တူ၏။ :neutral:
မမှန်နှင့်ဇိုတို့လည်း အတင်းဆက်လုပ်လျင် မြေအမျိုခံရမည်စိုးသဖြင့် လက်အုပ်လေးချီကာ လူစုခွဲသွားသည်။ ဦးကြောင်ကြီးတို့လည်း အအုပ်စည်းမပျက် ဆက်လက်ချီတက်ရင်း တရားပွဲဖြစ်မြောက်အောင်မြင်သွားသည်။ ထို့နောက်တွင်ကား ပင်လယ်ဒီလှိုင်းပမာ မြင့်တက်လာသော နိုင်ငံရေး နိုးကြားတက်ကြွမှု အရှိန်အဟုန်ကို မတားဆီးနိုင်တော့။ ဒီမိုကရေစီ ရခဲ့လေပြီ။ မည်သူ့ကြောင့်နည်း..ဦးကြောင်ကြီးခေါင်းဆောင်မှုကြောင့်လော၊ မမှန်နှင့်ဇိုတို့၏ဆုံးဖြတ်ချက်ကြောင့်လော၊ ပြည်သူများ၏အားပေးထောက်ခံမှုကြောင့်လော၊ တခုမှမဟုတ်ချေ။ ကြည့်တတ်လျင်မြင်၏..။ ထိုသူသည်ကား မိုက်ကယ်ဂျော်နီအောင်ပုဖြစ်သည်။ ၎င်း ဘုန်းကြီးအယောင်ဆောင် အလှူခံကာ မေ့မေ့လျော့လျော့ သင်္ကန်းမချွတ်မိဘဲ အရက်သောက်မိပြီး လမ်းတွင်မူးလဲခိုက် နှစ်ဖက်အဖွဲ့နှင့် ဆုံမိခြင်းဖြစ်သည်။ သင်္ကန်းနှင့်မြေကြီး အရောင်တူနေ၍ မြေပေါ်လဲနေရာမှ ၎င်း မတ်တပ်ထရပ်လိုက်ခြင်းကို မြေလျှိုးမိုးပျံအတတ်နှင့် မှားယွင်းမိကြသည်။ လူအုပ်စုကြီးကို မြင်သောအခါ သူ့အားရိုက်နှက်တော့မည် မှတ်၍ မေ့မျောလဲကျသွားသည်တွင် လူအများ ထပ်မံအထင်မှားကြပြန်သည်။ မည်သို့ပင်ဖြစ်စေ ကျေးဇူးဟူသည် မချေကောင်း၊ ကျေးမစွပ်ကောင်းချေ။ ထို့ကြောင့် နိုင်ငံတော်သမဒ သီရိသုဓမ္မာ ဦးကြောင်ကြီးမှ ကစော်သမား မိုက်ကယ်ဂျော်နီအောင်ပုအား အသက်ထက်ဆုံး ဂျော်နီဝေါ်ကားအရက် ကြိုက်သည့်လေဘယ်တံဆိပ် အခမဲ့ သောက်ခွင့်လက်မှတ် ချီးမြှင့်လိုက်လေတော့သည်။ ဤတွင် ဇာတ်လမ်းပြီး၏။ :lol:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 643 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး