သူရဿဝါနှင့် မသိခြင်းဒုက္ခ

သူရႆဝါMarch 5, 20121min1031

ကျွန်တော်က နည်းပညာနဲ့ ပတ်သက်တဲ့၊ လူမှုပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ သရော်စာတွေ အတော်ရေးဖြစ် နေတဲ့သူ ဆိုပေမယ့် အဲဒီ နည်းပညာနဲ့ ပတ်သက်ပြီးတော့ပဲ မသိတာတွေ၊ တခြား လူမှု ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး မသိတဲ့ အဖြစ်တွေ တော်တော် များပါတယ်။ နောက်ပြီး သရော်စာတွေ၊ ဟာသတွေ ရေးဖြစ်တဲ့သူ မို့လို့လား မသိဘူး။ ကျွန်တော် ကိုယ်တိုင်မှာလည်း သရော်တော်တော် ပြုံးချင်စရာ အဖြစ်တွေ၊ ဟာသဆန်ဆန် အဖြစ်တွေနဲ့ ခဏခဏ ဒုက္ခ ရောက်ရ တာတွေ ရှိပါတယ်။ များသော အားဖြင့်တော့ ကျွန်တော့် မသိတတ်ခြင်းတွေ ကြောင့်ပဲ ကြုံရတဲ့ ဒုက္ခကနေ ပေါ်ပေါက်လာတဲ့ ရယ်စရာတွေပေါ့။ ဒါပေမယ့် ကျွန်တော် မရှက်ပါဘူး။ အဲဒီအကြောင်းတွေကိုပဲ ကျွန်တော် ရေးချ ကြည့်မိပါတယ်။

တစ်နေ့ပေါ့။ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် ကျွန်တော့်အိမ် ရှိတဲ့ သင်္ကန်းကျွန်းကို ပြန်ဖို့အတွက် မြို့ထဲ ပန်းဆိုးတန်း မှတ်တိုင်မှာ ကားစောင့်တယ် ခင်ဗျ။ ခဏနေတော့ ကျွန်တော်တို့ လမ်းထိပ် တည့်တည့် မှတ်တိုင်မှာ ရပ်တဲ့ အဓိပတိအပြာ ကားကြီးတစ်စီး ဆိုက်လာတာနဲ့ ကားပေါ် တက်ခဲ့ကြတယ်။ ကားပေါ် ရောက်တော့ နောက်ဆုံး ခြောက်ယောက် ခုံတန်းရဲ့ ရှေ့က သုံးယောက်တွဲ ခုံမှာ ထိုင်ခုံ နှစ်ခုံစာ လွတ်နေတာနဲ့ သူငယ်ချင်း နှစ်ယောက် အဲဒီကို လျှောက်သွားပြီး ထိုင်တာပေါ့။ အဲဒီ နောက်ဆုံး ခြောက်ယောက်တန်းမှာ ထိုင်နေတဲ့ ကောင်မလေး နှစ်ယောက်ထဲက တစ်ယောက်က ကျွန်တော့်ကို ကွက်ကြည့် ကွက်ကြည့်နဲ့ ပြုံးစိစိ ကြည့်သဗျ။ ကိုယ့်အသိထဲက တစ်ယောက်ယောက်လား၊ ဘာလား မခွဲခြားတတ်တော့ ကျွန်တော်လည်း ပြုံးသလိုလို တည်သလိုလိုနဲ့ သူတို့ရှေ့က ခုံမှာ ထိုင်ပါတယ် (အမှန်ကတော့ ဘာမှမဟုတ်ဘူး၊ မိန်းကလေး မြင်ရင်ကို ပြုံးပြချင်နေတာ)။ ထိုင်ပြီး ခဏနေတော့ နောက်က ကောင်မလေး နှစ်ယောက် ထဲက တစ်ယောက်က သူ့အဖော် ကောင်မလေးကို ခပ်တိုးတိုး ပြောတယ်။ ကျွန်တော်ကလည်း အစကတည်းက မသင်္ကာလို့ သတိထားနေတာ့ သူခပ်တိုးတိုး ပြောပေမယ့် ကြားရပါတယ်။

“ဟဲ့… အဲဒါ Net Guide မှာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေးဆရာ သူရဿဝါလေ” တဲ့။ ကျွန်တော် ခေါင်း.. မတ်သွားတယ်။ အမယ်… ဒီကောင်မလေးက ငါ့ကို ဘယ်မှာ မြင်ဖူးပါလိမ့်။ Net Guide ထဲမှာ တစ်ခါ ဓါတ်ပုံ ပါဖူးလို့များ မြင်ဖူးနေသလား၊ ဘာလား စဉ်းစား မိသပေါ့။ အပြောခံရတဲ့ ကောင်မလေးက ပြန်ပြောတော့မှ ကျွန်တော့်မှာ ဘဝင် လေဟပ် ရတော့တာ။ “ဟယ်.. ဟုတ်လား၊ ငါက သူ့စာရေးပုံ ကြည့်ပြီးတော့ အသက် တော်တော်ကြီးပြီ ထင်တာ၊ ခပ်ငယ်ငယ် ရှိသေးတာနော်” တဲ့။ အောင်မလေး… မယ်မင်းကြီးမတွေ၊ ကျန်းမာ ချမ်းသာ ကြပါစေ။ လမ်းပေါ်မှာ ဆိုလို့ ကတော့ ချက်ချင်း နီးရာ မုန့်ဆိုင် ခေါ်သွားပြီ ကြိုက်ရာ ကျွေးပစ်လိုက်မိမှာ.. တကယ်။ ကိုယ့်နောက်မှာ ထိုင်နေတဲ့ သူတွေက ကိုယ့်အကြောင်း ပြောနေတော့ ရှေ့မှာ ထိုင်နေရတဲ့ ကျွန်တော့်မှာ ရှက်သလိုလို ဘာလိုလိုနဲ့၊ ခြေမကိုင်မိ လက်မကိုင်မိ (ရှက်ကလည်း ရှက်တတ်တာကိုး)။ ကျွန်တော့် ဘေးက သူငယ်ချင်း ကတော့ သူ့လက်ကိုင်ဖုန်း တစ်လုံးကို ကလိနေတာ၊ အဲဒါတွေကို ဘာမှမကြား၊ ဘာမှမသိ။ ကျွန်တော့်မှာသာ နေမရ ထိုင်မရနဲ့၊ စဉ်းစားမိတယ်။ ကိုယ့် ပရိသတ်တွေ ဆိုတော့ ကားပေါ်က ဆင်းခါနီးကျ နောက်လှည့် ပြုံးပြခဲ့ရင် ကောင်းမလား စဉ်းစားနေတုန်း…။

“ဟေ့ကောင်… ငတုံး၊ ဒီမှာကြည့်”
အသံနဲ့အတူ ဘေးက အလိုက်ကန်းဆိုး မသိတဲ့ သူငယ်ချင်း ဆိုတဲ့အကောင်ပေါ့။ ကျွန်တော့် ပခုံးကို ဆွဲလှည့်ပြီး သူ့ဖုန်းကြီးကို ထိုးပြပြီးတော့ကို ပြောတာ။ အာ.. ကျွန်တော် သိပြီ၊ ဒီကောင် ဘာပြောတော့မယ် ဆိုတာ ကျွန်တော် သိပြီ။ နေဦး.. နောက်မှ ပြောလို့ ပြောမလို့ ကျွန်တော့် ပါးစပ် ပြင်ရုံ ရှိသေးတယ်.. သူငယ်ချင်းက ဆက်ပြောတာ ကျွန်တော့်မှာ ဘာမှ ပြန်ပြောချိန် မရ။ “Ringtone ပြောင်းတာ ဒီလို ပြောင်းရတယ်ကွ” ဆိုပြီး ပြောလည်းပြော၊ သူ့ဖုန်းကြီးကို ကျွန်တော့် မျက်နှာရှေ့ အတင်း ထိုးပြပြီး လက်တွေ့ ပြောင်းနေတာ။ သွားပြီ… အရှက်ကတော့ ကွဲတော့မယ်။ ကမန်းကတမ်း ကျွန်တော် တားမိတယ်။

“ခဏ.. ခဏ နေပါဦးဟ မင်းကလည်း” တားလို့လည်း မရပါဘူးဗျာ။
“ဟေ့ကောင်… ခဏလည်း မနေနိုင်ဘူး၊ ကြုံတုန်း ပြထားတာ၊ ဒီမှာကြည့် Wallpaper နဲ့ Screen Saver က မတူဘူးကွ၊ Wallpapaer ဆိုတာက……”
သူငယ်ချင်း ဘာတွေ ဆက်ပြောနေလဲ ကျွန်တော့်မှာ စိတ်မဝင်စား အားဘူး ခင်ဗျာ၊ ကြားလည်း မကြားတော့ဘူး။ အရှက်ကတော့ ကွဲပြီ။ နောက်က ကောင်မလေး နှစ်ယောက်ကလည်း ကျွန်တော့် သူငယ်ချင်း ကျွန်တော့်ကို ပြောနေ တာကို ငြိမ်ပြီး နားထောင် နေကြပုံပဲ။ တယ်လေ… ဒီကောင်မလေး တွေကလည်း စပ်ကို စပ်စုတယ်၊ ကိုယ့်ဟာကိုယ် တခြား ပြောစရာ ကိစ္စရှိ ပြောနေကြတာ မဟုတ်ဘူး။ တွေးပြီးတော့ ကျွန်တော့်မှာ ယောင်လည်လည် ဖြစ်နေတုန်းကို ကျွန်တော့် သူငယ်ချင်းက အသံပြဲကြီးနဲ့ ဆက်ပြောတယ်။

“ကဲ… Wallpaper နဲ့ Screen Saver ကို ရှင်းပြီလား Net Guide ဂျာနယ်မှာ IT သရော်စာတွေ ရေးနေတဲ့ စာရေးဆရာ သူရဿဝါကြီးရဲ့.. အလကား ဘာမှလည်း မတတ်ဘူး”
“အဟိ…”
သွားပြီ… အဲဒီ “အဟိ” ဆိုတာ နောက်ခုံက ကောင်မလေး နှစ်ယောက်ဆီက ထွက်လာတဲ့ အသံ။ နောက်ပြီး အဲဒီ “အဟိ” က ကျွန်တော့် သူငယ်ချင်းရဲ့ ကျွန်တော့်ကို ထောပနာ ပြုတ့ စကားကို ရည်ညွှန်း ထောက်ခံတဲ့ “အဟိ”..။ ဒီကောင့် ဆီက အဲဒီစကား ထွက်လာတော့မှာ သိလို့ သင်း ကျွန်တော့်ကို ဖုန်းအကြောင်း စပြော ကတည်းက တားဖို့ ကြိုးစားတာ။ ဘယ်လိုမှကို မမီဘူး။ အခုတော့ စာရေးဆရာကြီး ကွဲပြီပေါ့။ ကျွန်တော် ကလည်း ကျွန်တော်ပါပဲ။ နည်းပညာ အကြောင်း သရော်စာတွေ ရေးတယ်သာ ဆိုတာ… ဘာမှကို သိပ်သိတာ မဟုတ်ဘူးရယ်။ ရေးချင်တဲ့ အကြောင်းလေး ရှိလာလိုက်၊ သိတဲ့လူ ပြေးမေးလိုက်၊ ရေးလိုက် လုပ်နေတာလေ။ ဖုန်းအကြောင်းဆို ပိုဆိုးတာပေါ့။ Touch Screen ဖုန်း ကိုတောင် နှိပ်စရာ ဂဏန်းတွေ မတွေ့လို့ဆို ပြူးပြဲရှာတဲ့ လူစားမျိုး။

အခုတော့ ကျွန်တော့်မှာ ခေါင်းလေး မော့မော့၊ ရင်လေး ကော့ကော့နဲ့ ကားပေါ်က ဆင်းရင် ပရိသတ် နှစ်ယောက်ကို နောက်လှည့် ပြုံးပြမဟဲ့ ဆိုပြီး တွေးထားတာလေး ပျက်သွားပြီး မျက်နှာတောင် မဖော်ရဲ။ အဲ… ဆင်းရမယ့် မှတ်တိုင်လည်း ရောက်ကရော၊ ကို်ယ့်မျက်နှာလေး ကိုယ်ဖွက်ပြီး ထိုင်ရာကနေ ထရတယ်။ ကျွန်တော်လည်း ထရော.. နောက်က မိန်းကလေး နှစ်ယောက်က ထပ်ပြီး “ဟိ” ကြပြန်ပါတယ်။ ကျွန်တော်လည်း မနေနိုင်တော့ဘူး။ နောက်လှည့်ပြီး “ခင်ဗျားတို့ ဟိတာ ကျွန်တော် သိပါတယ်ဗျာ” ဆိုတဲ့ ပုံစံနဲ့ မချိပြုံးလေး လှည့်ပြုံးပြပြီး ကားပေါ်ကနေ တစ်ချိုးတည်း ပြေးဆင်း လာရတော့တာပါပဲ။ ဒီလောက်ဆို ကျွန်တော် ဘယ်လောက်အထိ “မသိ” သလဲဆိုတာ ကျွန်တော့် ပရိသတ်များ သိလောက်ကြပြီ ထင်ပါရဲ့ဗျာ။

(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 24 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါး သရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)

သူရဿဝါ
5. March. 2012
www.thurathawah.net
www.facebook.com/ThuRaThaWah
www.facebook.com/LiteraryArtBlog

One comment

  • htet way

    March 5, 2012 at 5:36 pm

    ဖတ်ရှု့သွားပါတယ် အားပေးပါတယ်။

Leave a Reply