ကျွန်တော်က ဒီမန်းဂေဇက်မှာ ဒီနေ့မှ အသင်းဝင်လိုက်တဲ့ အသင်းသားသစ်တစ်ယောက်ပါ မန်းဂေဇက်မှာ စာတွေဝင်ဖတ်ဖြစ်နေတာတော့ အရမ်းကို ကြာပါပြီ မန်းဂေဇက်မှာ စာတွေရေးချင်လွန်းလို့ ဒီနေ့မှာတော့ အသင်းဝင်ဖြစ်အောင် ၀င်လိုက်ပါတယ် နောက်များမှာ ရေးစရာအကြောင်းအချက်လေးတွေ ရှိခဲ့ရင် ကျွန်တော့်အနေနဲ့ စာတွေရေးသွားပါဦးမယ် လိုအပ်တာတွေ ရှိခဲ့ရင်လဲ နည်းပေးလမ်းပြ ဆုံးမပေးပါဦးလို့ ဦးစွာတောင်းဆိုထားပါရစေ ပထမဆုံးအနေနဲ့ ကိုယ့်ကိုကိုယ် ဦးစွာမိတ်ဆက်ပေးပါရစေ ကျွန်တော့်ရဲ့ အသက်က အခုမှ ၂၆နှစ်ပဲ ရှိပါသေးတယ် ကျွန်တော့်ရဲ့ငယ်ဘ၀လေးအကြောင်း ပြောပြမယ်နော်…..

 

ကျွန်တော်ဟာ ငယ်စဉ်က ဆင်းရဲနုံချာခဲ့လေတော့ လူတကာရဲ့ အထင်သေးတဲ့ မျက်လုံးတွေ  ရှုံ့ချလိုတဲ့အကြည့်တွေကို ရင်ဆိုင်ခဲ့ရတယ်ဗျာ။ မျက်နှာကိုအောက်မှာထားပြီး အားလုံးကို ခယခဲ့ရတယ်။ငယ်စဉ်ကာလ ကျောင်းသားဘ၀ကို ပင်ပန်းဆင်းရဲစွာနဲ့ စတင်ခဲ့ရတယ်။ သိမ်ငယ်စိတ်နဲ့ လောကကို ရင်ဆိုင်လို့ အားပြိုင်ခဲ့ရတဲ့အဖြစ်တွေက တွေးကြည့်ရင် ရင်နာဖွယ်ရာတွေ ဒုနဲ့ဒေးပါပဲ။ မာနဆိုတာဝေလာဝေး တန်းတူအခွင့်အရေးအတွက် အောက်ကြို့လို့ အသနားခံခဲ့ရတာလဲ အကြိမ်ကြိမ်။ နေစရာအိမ်က မရှိလေတော့ ဆယ်ပေပတ်လည်သာရှိတဲ့ အခန်းငယ်လေးဟာ ကျွန်တော်တို့ရဲ့ ကျောခင်းရာဖြစ်စေဖို့ ငှားရမ်းခဲ့ရတယ်။ အများတကာလို စပေါ်တွေမတင်နိုင်လေတော့ အိမ်ရှင်ရဲ့ ဖိနှိပ်မှုအောက်မှာ ပြားပြားမှောက်ဝပ်ဆင်းခဲ့ရတာကလဲ အဆန်းတော့မဟုတ်လေဘူးပေါ။့ အရက်သမားအိမ်ရှင်ယောကျာင်္း နေညိုချိန် လေပြိုပြီဆိုလျှင်ဖြင့် မိသားစုလိုက် လမ်းလျှောက်ထွက်ခဲ့ရတာကလဲ ဆယ်နှစ်ဆယ်မိုးစာလောက်ပါပဲ။ ကျွန်တော်က လူမမယ်၊ အရွယ်က နှစ်နှစ်သားလောက်မှာ ၈၈ အရေးအခင်းဆိုတာက ပေါ်ပေါက်ခဲ့လေတော့ ရေနစ်ရာဝါးကူထိုးလိုက်သလိုပါပဲ။ ကြုံကြိုက်ခဲ့ရတဲ့ ဒုက္ခဆိုတာ မပြောပါနဲ့တော့ဗျာ။ နောက်တစ်ကြိမ် ၃၅ကျပ်တန်နဲ့ ၂၅ကျပ်တန်တွေ ပြန်သိမ်းခဲ့စဉ်တုန်းကများဆိုရင် မစားရက်မသောက်ရက် ချွေတာခဲ့လေသမျှဟာ ရေပေါ်မှာ အရုပ်ရေးသလို အရာမထင်ခဲ့ပြန်ပါဘူး။ ဆိုးလိုက်တဲ့ ကြမ္မာနှယ် ကျွန်တော်သွေးလွန်တုပ်ကွေးဖြစ်လို့ သေလုမျောပါးဖြစ်ခဲ့ရတာကို ငွေနဲ့အသက်ဆက်ခဲ့ရပြန်တာကြောင့် မိဘတွေဟာ အကြွေးနွံအိုင်ကျောမှာ နစ်မျောခဲ့ရပြန်ပါတယ်။ အကြွေးဆပ်ရတာရယ်၊ မိသားစုစားစရိတ်ရယ်၊ အိမ်လခပေးချေရတာရယ်၊ ကျွန်တော့်ရဲ့ကျောင်းစရိတ်ရယ်ဟာ အဖေ့အတွက်တော့ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေခဲ့မယ်ဆိုတာကို ငယ်စဉ်က ကျွန်တော်လေ တကယ်မသိခဲ့ပါဘူးဗျာ။ ကျွန်တော်တဖြည်းဖြည်းအတန်းကြီးလာတာရယ်၊ တစ်နေ့တစ်နေ့ မြင့်မားလာတဲ့ ကုန်ဈေးနှုန်းရယ်ကြောင့် အဖေ့ရဲ့ လုပ်အားခနဲ့တင် မလောက်မငှ ဖြစ်လာတဲ့အခါ အမေက တတ်သမျှ၊ မှတ်သမျှနဲ့ စက်ချုပ်ခဲ့ရလေပြန်တာပေါ။့ ဒီအကြောင်းတွေကို ကျွန်တော်ကနားမလည်တတ်ခဲ့လေတော့ ကျွန်တော်လိုချင်တာတွေကို မိဘတွေထံ ပူစာခဲ့မိတာတွေလဲ အကြိမ်ကြိမ်ပါပဲ။ အများသူငါ စက်ဘီးလေးတွေနဲ့ ကျောင်းသွားကြလေတာ့ တစ်မိုင်ကျော်ခရီးကို နေ့စဉ်အသွားအပြန် ခြေကျင်လျှေက်ပြီး ကျောင်းတက်နေရတဲ့ ကျွန်တော်က အမေရယ် သားကို စက်ဘီးလေးဝယ်ပေးပါလားဟင်လို့ ပူစာခဲ့မိပါတယ်။ အဲဒီနောက်တစ်လလောက်မှာတော့ အဖေနဲ့အမေ ဘယ်လိုရုန်းကန်လိုက်ရတယ်ဆိုတာတော့မသိဘူး။ ကျွန်တော့်အတွက် စက်ဘီးလေးတစ်စီးတော့ ရလာခဲ့ပါတယ်။ ကျောင်းမှာဆိုရင်ကျောင်းသားတွေရဲ့ အနိုင်ကျင့် စော်ကားမှုတွေကို ခံရဖန်များလာလေတော့ ငါဟာကြေကွဲဖို့ပဲ မွေးဖွားလာခဲ့လေသလားလို့တောင် တွေးတောနေမိခဲ့တယ်။ ကျောင်းကနေ အိမ်ပြန်ရောက်တဲ့အခါမှာလည်း အလုပ်ကိုယ်စီနဲ့ ရုန်းကန်နေရတဲ့ အဖေနဲ့အမေပြန်အလာကို တမေ့တမောစောင့်စားနေရတာဟာလဲ ကျွန်တော့်ရဲ့ငယ်စဉ်ဘ၀ကို စိုးရွံ့စိတ်တွေနဲ့ ခြောက်ခြားနေစေဖို့ အားပေးလို့နေပြန်တယ်လေ။ ညမိုးချုပ်လို့ အဖေနဲ့အမေပြန်ရောက်လာမှပဲ ညစာအတွက်စတင်ချက်ပြုတ်ရလေတော့ ကျွန်တော့်တို့ရဲ့ ထမင်းဝိုင်းလေးဟာ တချို့သူတွေ အိပ်မောကျတဲ့ အချိန်လောက်မှပဲ စတင်ရလေ့ရှိပါတယ်။ ကျောင်းကအပြန် မိဘတွေပြန်အလာကို စောင့်စားရလေ့ရှိတဲ့ ကျွန်တော်ဟာ အဲဒီအချိန်တွေမှာ ကျောင်းစာအုပ်ကို ကိုင်ဖြစ်လေတော့ ကျွန်တော်တို့အတန်းရဲ့ စာတော်သူများစာရင်းမှာ ကျွန်တော်လဲပါခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀ကို လူးလွန့်ရင်း၊ ရုန်းကန်ရင်းနဲ့ တဖြည်းဖြည်းကျွန်တော်လူလားမြောက်ခဲ့ရပါတယ်။ မိဘတွေရဲ့ သွေးချွေးတွေနဲ့ ရုန်းကန်ခဲ့ရမှု၊ ကျွန်တော့်ရဲ့ လူတကာရဲ့ အောက်ကျနောက်ကျ ဖြစ်နေရတဲ့ဘ၀ကနေ ရုန်းထွက်လိုမှုတွေရဲ့ အကျိုးအမြတ်ရလဒ်ကတော့ ဆယ်တန်းစာမေးပွဲကို ကျွန်တော်ဂုဏ်ထူးတစ်ခုနဲ့ အောင်မြင်ခဲ့ပါတယ်။ မိဘတွေကလဲ )မ်းမြောက်၊ ပျော်ရွှင်၊ ဂုဏ်ယူလို့မဆုံးပေါ့။ ဆွေမျိုးတွေကြားမှာတော့ ကျွန်တော်က ပညာတတ်ကြီးပေါ။့ ဘ၀ရဲ့ အနိမ့်အမြင့် အကွေ့အကောက်တွေကနေ ငါကတော့ လွတ်မြောက်စပြုခဲ့ပြီလို့ ထင်ခဲ့ပေမယ့် ကျွန်တော်လေ မလွတ်မြောက်ခဲ့သေးပါဘူးဗျာ။ အရှုံးဆိုတဲ့ နွံအိုင်ကြီးက ကျွန်တော့်ရဲ့ ခရီးလမ်းမှာ ဆက်လက်ရှိနေခဲ့ပါသေးတယ် ဒါပေမယ့် ကျွန်တော် ဆက်လက်လို့ လျှေက်လှမ်းခဲ့ပါတယ်

 

စာတောင် အတော်ရှည်သွားပြီဗျာ။ နောက်များမှ ဆက်ပါဦးမယ်။

အများရဲ့ လှုက်လှဲ၊ ပျူငှါစွာဖြင့် ကြိုဆိုမှုကို တောင့်တလျက်

အရှုံးတွေနဲ့ ကျွန်တော်

About အရှုံးတွေနဲ့ ကျွန်တော်

အရှုံးတွေနဲ့ ကျွန်တော် has written 8 post in this Website..