လွတ်လပ်စွာ သဘောထား ကွဲလွဲကြည့်ခြင်း

winkhantMarch 6, 20121min14010

Mandalay gazette မှာ member ဝင်ထားတာ 1 နှစ်ကျော်ရှိပြီဆိုပေမယ့် post ဆိုတာ တစ်ခုမှ မရေးခဲ့ဖူးပါဘူး။ သူများရေးတာတွေပဲ လိုက်ဖတ်ခဲ့တာပါ။ အခု ရေးချင်စိတ်ဖြစ်ပေါ်လာလို့ ရေးတဲ့ထဲမှာ အမှားတွေပါရင် ခွင့်လွှတ်ပေးဖို့ ကြိုပြီး တောင်းပန်ထားချင်ပါတယ်။ ကျွန်တော်ရေးချင်တဲ့အထဲမှာ နိုင်ငံရေးအကြောင်းလဲ နည်းနည်းပါပါမယ်။ နောက်ပြီး ကျွန်တော့ရဲ့ခံယူချက်လဲ နည်းနည်းပါပါမယ်။ သည်းခံပြီး ဖတ်ပေးကြပါ။

အခုဆို Facebook, Forward mail, Magazine, Journal အစရှိတဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည်သတင်းဟာ မပါမဖြစ် အခန်းကဏ္ဍ ကနေပြီး  နေရာယူထားပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ကြောင့်လဲ ရောင်းမကောင်းတဲ့ ဂျာနယ်အချို့ ရောင်းရလာသလို၊ ရောင်းအားရှိပြီးသား ဂျာနယ်တွေဆိုရင်လဲ ရောင်းအားပိုတက်လာတာကို တွေ့ခဲ့ရပါတယ်။ နောက်ပြီး ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေပါတဲ့ T-shirt အကျီင်္၊ ရင်ထိုး၊ Poster အစရှိတဲ့ အမှတ်တရရောင်းကုန်တွေလဲ သာမန်ရောင်းကုန်တွေထက်စာရင် ပိုပြီး ရောင်းအားကောင်းနေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း၊ အရှိန်အဝါကြီးလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ကိုလိုက်မယ့်သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို လက်ခံမယ့်သူတွေ ဒုနဲ့ဒေးပေါ်ပေါက်လာတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေကိုကြည့်ရင် အားလုံးသိနိုင်မှာပါ။

ဒါတွေကို ဘာကြောင့်ကျွန်တော်ပြောနေရလဲဆိုတော့ ကျွန်တော့်ပြောမယ့် ဆိုလိုရင်းကို နားလည်မှုလွဲမှာ စိုးရိမ်လို့ပါပဲ။

အရာတိုင်းမှာ မတူ ကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေရှိနေတာကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူသန်းပေါင်း 50 ကျော်ထဲမှာ  ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ သူတွေရှိသလို မထောက်ခံတဲ့သူတွေရှိမယ်ဆိုတာ မလွဲပါဘူး။

အခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို (လူမှုရေးအမြင်အရ၊ Personal အရ တိုက်ခိုက်မှုမျိုးမဟုတ်ပဲ) မိမိရဲ့ ခံယူချက်အရ လက်မခံနိုင်ဘူး၊ မထောက်ခံနိုင်ဘူးလို့ ဆိုတဲ့သူတွေကို ဘာကြောင့် ခါးသီးစွာနဲ့ ရှုတ်ချနေကြတယ်ဆိုတာ နားမလည်နိုင်ပါဘူး။ အဲ့ဒါထက်ဆိုးတာကတော့ မင်းက စစ်တပ်ကလား၊ စစ်တပ်ရဲ့ နောက်လိုက်ခွေးလား၊ နွားလား အစရှိသဖြင့်ပါပဲ။

တကယ်လက်တွေ့ စဉ်းစားကြည့်ရင် ဒီမိုကရေစီဆိုတဲ့သဘောအရ မိမိထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် မရှိတော့ဘူးတဲ့လား။ ဒီမိုကရေစီရရှိရေး .. ဒို့အရေး ဆိုပြီး ကြွေးကြော်ခဲ့သမျှတွေဟာ ဒီမိုကရေစီကို မထောက်ခံတဲ့သူတွေတွက် နေစရာနေရာဆိုတာ မရှိတော့ဘူးတဲ့လား။ Personal အရ တိုက်ခိုက်ချင်းမျိုးမဟုတ်ရင် လွတ်လပ်စွာ သဘောထားကွဲပိုင်ခွင့် မရှိတော့ဘူးတဲ့လား။

ဒီမိုကရေစီ ထွန်းကားပါတယ်၊ လက်တွေ့လဲ ကျင့်သုံးနေပါတယ်ဆိုတဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် Barack Obama ဟာ ထောက်ခံမဲ 100% နဲ့ President ဖြစ်လာတာမဟုတ်ပါဘူး။ (မှတ်ချက် – ဘိုလို ရေးချင်လို့မဟုတ်ပါ။ ပဌ်ဆင့်များကို ရေးလို့မရသောကြောင့်ဖြစ်ပါသည်)။ ဒီ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို လက်မခံသေးတဲ့၊ လက်မခံနိုင်သေးတဲ့သူတွေကို ဘာကြောင့်များ ပက်ပက်စက်စက် ပြောချင်ရတာလဲ။ ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်ကို အခြေခံထားတာမဟုတ်လား အဲဒီတော့ ကိုယ်ကြိုက်တာကိုယ်လုပ်ကြပေါ့၊ မကောင်းမှုမဖြစ်ရင် ပြီးတာပဲမဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည် ပြည်သူတွေတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ မသိခင် မယုံကြည်နိုင်သေးဘူး လက်မခံနိုင်သေးဘူးလို့ပြောတာတွေက အပြစ်တဲ့လား။

ကျွန်တော်ဆိုလိုချင်တာက ကိုယ်ကြိုက်တဲ့သူ ကိုယ်ယုံကြည်ရမယ့်သူ ကိုယ်လက်ခံနိုင်မယ့်သူကို ခေါင်းဆောင်တင်ခွင့်ရှိတာပဲမဟုတ်လား။ ကျောင်းသားတွေ ကျူရှင်ယူသလိုမျိုးပေါ့။ ကိုယ်ကြိုက်တဲ့ ဆရာ၊ ဆရာမနဲ့ သင်ယူခွင့်ရှိတာပဲလေ။ ဆရာတွေရဲ့ ဦးဆောင်မှု၊ သင်ပြမှု ကောင်းမကောင်းဆိုတာ မသိပဲနဲ့ ဒီဆရာတော့ နာမည်ကြီးတယ်၊ ဒီ့အတွက် ဒီဆရာဆီမှာ ငါ ကျူရှင်တက်မှဖြစ်မယ်ဆိုပြီး ဘာမှန်းမသိပဲ ဆရာတင်လိုက်တဲ့ တပည့်တစ်ယောက်က ငါ့ကျူရှင်ဆရာနဲ့ မသင်လို့ နင်နဲ့ သူငယ်ချင်းမလုပ်တော့ဘူးဆိုတာ မဖြစ်သင့်တဲ့ အရာပဲ မဟုတ်လား။ ဘယ်ကျူရှင်ဆရာနဲ့ သင်သင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ဖို့က အဓိက အချက်မဟုတ်ပါလား။

နောက်ဆုံး ကျွန်တော်ရေးချင်တာကတော့ လူတိုင်း လွတ်လွပ်စွာတွေးခေါ်ယုံကြည်ကိုးကွယ်ခွင့်ရှိသည်။ သဘောမတူတာ တူတာ လွတ်လွပ်စွာ သဘောထား ကွဲလွဲခွင့်ရှိသည်။ မှားနေပါကလည်း လမ်းမှန်ရောက်အောင် အကြံပေး၊ ဖြောင်းဖြပြောဆိုယုံကလွဲ၍ တပါးသူ၏ လွတ်လွပ်ပိုင်ခွင့်ကို စော်ကားပိုင်ခွင့်မရှိဘူးဆိုတာကို လက်ခံသင့်ပါတယ် ဆိုတာလေးပါ။

ကျွန်တော့ရဲ့ ဆိုလိုရင်းကတော့ ဒါလေးပါပဲ။ ဒီလိုရေးလို့ ကျွန်တော့ကို စစ်ဘက်ရဲ့ နောက်လိုက်ခွေးလို့ ထင်ချင် ထင်နိုင်ပါမယ်။ ကျွန်တော်ဘာမှ ထပ်ပြီးရှင်းပြမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် အပေါ်မှာ အားလုံးရှင်းပြပြီးပါပြီ။ ကျွန်တော်နိုင်ငံရေးကို DotA လောက် စိတ်မဝင်စားပါဘူး။ ဒီ post ကို တင်တယ်ဆိုတာလဲ https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/430154_1962298913259_1716444376_939625_317294557_n.jpg အဲ့ဒီပုံလေးကြောင့်ပါ။

ဘာမှမဟုတ်ပါဘူး။ လွတ်လပ်စွာ သဘောထားကွဲလွဲကြည့်တာပါ။ ဆဲချင်တဲ့သူတွေလဲ ကျွန်တော့ post ကို လွတ်လပ်စွာဆဲပိုင်ခွင့်ရှိပါတယ် 😛

 

10 comments

  • kai

    March 6, 2012 at 4:17 am

    ကွဲလွဲနိုင်ပါတယ်..။
    တခြားနေရာတော့မသိ.. ဒီနေရာဒီဝက်ဘ်ဆိုက်မှာတော့.. လွတ်လပ်စွာကွဲလွဲနိုင်ကြောင်းပါ..
    လွတ်လပ်စွာ ကွဲလွဲခွင့်ရဖို့ ကျုပ်က ဝက်ဘ်ဆိုက်အက်ဒ်မင်အနေနဲ့.. တတ်နိုင်သလောက်ကာကွယ်ပေးပါမယ်..

    ဆိုတော့..
    အဲဒီပုံကအရ.. စာတန်းက တော်တော်လွန်ပါတယ်..။
    ဒေါ်အောင်ဆန်းစုကြည်က..ဒါကိုမြင်ရင်..ချက်ချင်းဖြုတ်ချခိုင်းဖို့သင့်တယ်..။

  • Foreign Resident

    March 6, 2012 at 5:28 am

    ” ငါ့ကျူရှင်ဆရာနဲ့ မသင်လို့ နင်နဲ့ သူငယ်ချင်းမလုပ်တော့ဘူးဆိုတာ မဖြစ်သင့်တဲ့ အရာပဲ မဟုတ်လား ”

    ” နင်နဲ့ သူငယ်ချင်းမလုပ်တော့ဘူး ” ဆိုတာ သူ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါကွယ် ။
    ငါ့ကျူရှင်ဆရာနဲ့ မသင်လို့ နင့်ကို သတ်မယ် ၊ ဆဲမယ် တော့ လုပ်ခွင့် မရှိပါဘူး ။
    ဒါပေမယ့် ငါ့ကျူရှင်ဆရာနဲ့ မသင်လို့
    နင်နဲ့ သူငယ်ချင်းမလုပ်တော့ဘူးဆိုတာ အထိကတော့ လုပ်ခွင့်ရှိပါတယ် ။

    နားလည် သည်းခံပေးလိုက်ပါ ကို win khant ရယ် ၊
    ဒီမိုကရေစီ ၊ လွတ်လပ်မှု နှင့် တရားမျှတမှု ဘက်တော်သားတွေ ခမျာ ၊
    နှစ်ပေါင်းများစွာ မတရား နှိပ်စက် ညှဉ်းပမ်း သတ်ဖြတ်ခံခဲ့ရတော့ ၊
    ကျားနာ လိုဖြစ်နေပြီး မဲမဲမြင် ရန်သူထင်နေမိတာပါ ။

    ( တဖက်က အာဏာရှင်တွေကလည်း
    မယုံနိုင်လောက်အောင် ကောက်ကျစ် အောက်တန်းကျတဲ့
    နည်းလမ်းပေါင်းစုံကို သုံးပြီး ဖိနှိပ်ခဲ့ကြတာကိုး )

    စကားမစပ်ပါ ။
    ကိုယ်တွေမှာလည်း အပြစ်ကိုယ်စီ ရှိကြတယ် ဆိုတာကို မမေ့ကြပါနှင့် ။
    ကိုယ့်ရှေ့မှာ မတရားမှုတွေ ဖြစ်ခဲ့ကြတာကို မြင်ခဲ့ ကြားခဲ့ ပေမယ်
    ကိုယ့် အကျိုးစီပွားအတွက် / ကြောက်လို့
    ဝင်မပြောရဲခဲ့ပဲ ရေငုံနှုတ်ပိတ် နေခဲ့ကြတာကိုး ။

    ဘာတဲ့ ၊ နိုဘယ် ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး
    ပြောခဲ့တဲ့ စကားလေး တစ်ခွန်း ရှိပါ့ ။

    ” If you are neutral in situations of injustice, you have chosen the side of the oppressor ”
    If an elephant has its foot on the tail of a mouse and you say that you are neutral,
    the mouse will not appreciate your neutrality.
    Desmond Tutu ( Nobel Peace Laureate )

    မတရားမှု တစ်ခုခုဖြစ်လာတဲ့ အခါ ၊
    သင်ဟာ ကြားနေခဲ့မယ် ဆိုရင် ၊
    သင်ဟာ မတရားမှု ပြုလုပ်တဲ့ အာဏာရှင်ဖက်က နေတာပါပဲတဲ့ ။

    အဲဒီတော့ အဘ တို့မှာလည်း
    သွယ်ဝိုက်ပြီးတော့ အပြစ်တွေ ကိုယ်စီ ရှိခဲ့သလိုပဲ ။

    နောက်ထပ် စကားမစပ် တစ်ခုပါ ။
    အမေ စု ဟာ ၁၉၈၈ နိုင်ငံရေးထဲ စပါဝင်လာတဲ့ အချိန်မှာ ၊
    အဘ လည်း အမေ စု ကို အထင်မကြီးပါဘူး ၊ မထောက်ခံခဲ့ပါဘူး ။
    ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်က အမေ စု မှာ သမိုင်း မရှိသေးပါဘူး ။
    ဗိုလ်ချုပ် သမီး ဆိုတာ တစ်ခုတည်း နှင့်တော့ ၊
    အဘ လဲ ပြစ်ပြီး မယုံနိုင်ပါဘူး ။

    ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် ၂ဝ အတွင်းမှာ အမေစု
    ပြောခဲ့ ၊ လုပ်ခဲ့ ၊ ပြည်သူပြည်သား အများစုကြီးအတွက် အနစ်နာခံခဲ့ တာတွေကတော့ ၊
    အမေစုရဲ့ သမိုင်း ၊ မြန်မာပြည် ရဲ့ သမိုင်း ဖြစ်သွား ရှိသွား ပါပြီ ။
    ယုံကြည်လောက်တဲ့ လေးစားကြည်ညိုလောက်တဲ့
    အမျှော်အမြင်ရှိတဲ့ ပြည်သူထု တိုင်းရင်းသားထု တရပ်လုံး ကို စည်းရုံးနိုင်တဲ့
    ခေါင်းဆောင်ကောင်း တယောက် ဖြစ်ကြောင်းကို ပြခဲ့ပါပြီ ။

    ဒါကြောင့် အဘမှာ ရွေးစရာ ထပ်မရှိတော့တဲ့ အတွက် ၊
    အမေစု ကို လှိုက်လှိုက်လဲလဲ ထောက်ခံပါတယ် ။

    ဝန်ခံချင်တာ တစ်ခုလည်း ရှိပါတယ် ။
    အမှန်တော့ မင်းသမီး အမေစုက တော်လွန်းလို့ မဟုတ်ပါဘူး ၊
    လူကြမ်း လူယုတ်မာ ဇတ်ပို့ ဖြစ်တဲ့ အာဏာရှင် တွေရဲ့ ဇတ်ပို့ ကောင်းလွန်းလို့ ၊
    မင်းသမီး အမေစု အကယ်ဒမီ ရတာပါ ။
    ( ဒီပဲရင်း လူသတ်ပွဲ ဆိုတာ တကယ့် အကယ်ဒမီခန်း ပေါ့ )

    • Khin Latt

      March 6, 2012 at 11:06 pm

      ဒီနေရာမှာတော့ အပ်ချမတ်ချ တသဘော ထဲ၊ တသံထဲ၊ တူညီတဲ့ အမြင် ပါဘဲ ကိုအဘဖော ရေ။
      အားလုံးကို သဘောတူ စွာ ဖတ်သွားပါတယ်။ 🙂

  • inz@ghi

    March 6, 2012 at 6:40 am

    အိုက်ဒါ အိုက်ဒါဒွေ ပြောဂျင်ဒါ ……

    အဂ္ဂမဟာ ဒီမိုသဂျီး လည်း တွေ့သွားဘီပေါ့ ….
    မနေ့မနက်ကတည်းက ပြောဂျင်နတာ ….
    ချဉ်ထှာအေ ….. ….
    😀

    (ပြန်လာမယ်ချင့်)

  • etone

    March 6, 2012 at 9:25 am

    ကိုဝင်းခန့်ရေ …. မိမိသဘောဆန္ဒအလျှောက် လွတ်လပ်စွာ ကွဲလွဲခွင့်ကို ကျွန်မလည်း တန်ဖိုးထားပါတယ် .. ဒါကြောင့် ဒီပို့စ်မှာ ကော့မန့်ဝင်ပေးဖြစ်ပါတယ် … ။

    သို့သော်လည်း တစ်ချို့သော လူတွေ … လွတ်လပ်စွာ ကွဲလွဲတယ်လို့ .. အသံကောင်းဟစ်ပြီး … အမြင်မတူတဲ့ တစ်ဖက်ကို ထိုးနှက်တာတွေ … တွေ့တွေ့နေရတယ် … ။မတူညီတာနဲ့ … အပုပ်မချဘူး … ချောက်မတွန်းဘူး… မယုတ်မာဘူးဆိုလျှင် … ကိုယ့်စိတ်နဲ့ ကိုယ် ဂုဏ်သိက္ခာရှိရှိ ကြိုက်သလို ကွဲလွဲနိုင်တယ်လို့ ထင်ပါကြောင်း နဲ့ … 🙄 သူတပါးက ထိုးနှက်လာလျှင်လည်း …. ဥပက္ခာပြုနိုင်ဖို့သာ အရေးကြီးပါကြောင်း ….

    • htoosan

      March 6, 2012 at 9:55 am

      တစ်ချို့သော လူတွေ … လွတ်လပ်စွာ ကွဲလွဲတယ်လို့ .. အသံကောင်းဟစ်ပြီး … အမြင်မတူတဲ့ တစ်ဖက်ကို ထိုးနှက်တာတွေ … တွေ့တွေ့နေရတယ် … ။မတူညီတာနဲ့ … အပုပ်မချဘူး … ချောက်မတွန်းဘူး… မယုတ်မာဘူးဆိုလျှင် … ကိုယ့်စိတ်နဲ့ ကိုယ် ဂုဏ်သိက္ခာရှိရှိ ကြိုက်သလို ကွဲလွဲနိုင်တယ်လို့/မဟုတ်လို့ကတော့ etone avatar ကို ကြည့် ဘယ်ဝိုက် ညာဝိုက် ဝင်လာမယ် …. နောက်တာနော် etone …. 😀 😀

    • ginny

      March 6, 2012 at 12:21 pm

      မမ etone ပြောတာ ginny လည်းထောက်ခံပါတယ်။ ဂုဏ်သိက္ခာရှိစွာ ကွဲလွဲတာကိုပဲ လက်ခံပါတယ်။

  • htet way

    March 6, 2012 at 7:39 pm

    အဘရဲ့ ကွန်မန့်ကို ဆောင်းပါးသဖွယ ်ဖြစ်စေရေးစေချင်ပါတယ်။
    လွတ်လပ်သော သဘောထားကွဲလွဲမူကို ကျွန်တော်တို့ အလေးထားပါတယ်
    ကို အောင်ဝေးကဗျာထဲကလို
    လွတ်လပ်စွာ သဘောထားကွဲလွဲခြင်း
    ပလက်တီနမ်ဓါးနဲ့ ခုတ်လိုက်မယ်
    အာရှတိုက်ကြီးနှစ်ခြမ်းဖြစ်စေသတည်းပေါ့။
    ဆိုင်းဘုတ်စာသားက သူကြီးပြောသလို တော်တော်လွန်ပါတယ်။
    သို့သော်…..လူပုဂ္ဂိုလ်နဲ့ လုပ်ဆောင်ချက်ကို တော့ ထောက်ခံခဲ့တာကြာပါပြီ။

  • Khin Latt

    March 6, 2012 at 7:55 pm

    ကိုဝင်းခန့်ရေ

    ဒါမျိုး Post တွေ လဲ အများကြီး ရှိသင့်ကြောင်း ဦးစွာပြောလိုပါတယ်။
    ကိုယ်နဲ့ သဘော မမျှတိုင်း ဆဲစရာ မလို တဲ့အကြောင်း ကို ၁၀၁ ရာနှုန်း ထောက်ခံပါတယ်။

    တကယ်မှာတော့ ကိုယ့်အစွမ်းအစ ကို ကိုယ်အပြည့်ယုံကြည်သူတိုင်း ကိုယ့်ကို မကောင်း ပြောတဲ့ အကြောင်း တွေကို အလေးထား နားထောင်လေ့ရှိပါတယ်။
    အဲဒီ ကနေ မှ တကယ်ဘဲ ဟာကွက် ရှိခဲ့ရင် တစ်ဆင့် ပိုပြီး တိုးတက်ဖို့ အကြောင်း ကို ရှာနိုင် လို့ပါဘဲ။
    မကောင်းပြောတဲ့ သူ က တော်လေ ကိုယ့်ကိုယ်ပိုပြီး အရောင်မြင့်အောင် လုပ်ပေးလေလို့ မှတ် နိုင်ရင် သူတို့ ကိုတောင် ကျေးဇူးတင်ရပါမယ်။

    ဒီလို ဘဲ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD နဲ့ အခြားအဖွဲ့ တွေ ယှဉ်ရာမှာလဲ ကျွန်မ အနေနဲ့ ပွဲကြည့်ပရိတ်သတ် လုပ်မယ် ဆိုရင် တစ်ဖက် ကိုလဲ တကဲ့ ကို ပြည်သူ့ ဖက်တော်သား ဒိတ်ဒိတ်ကြဲ တွေ က အပုတ်အခတ် ကင်းကင်း နဲ့ ယှဉ်တာ၊ စည်းရုံးတာ ကို ကြားချင် ပါတယ်။ ကိုကျော်သူလို လူမျိုး က NLD နဲ့ ယှဉ်ပြီးပြိုင်သင့်တာပေါ့။
    ဒါဆိုရင် ပြည်သူချစ်တဲ့ နှစ်ယောက်မို့ လူတွေ အတော် ရွေးရ ခက်ကုန်မလားဘဲ။

    အချိန် တစ်ခု ရောက်ရင်တော့လဲ ဒေါ်အောင်ဆန်းကြည် နဲ့ ရဲ့ ဟာကွက်တွေ ကို အပြုသဘော ဆောင် ထောက်ပြ ပေးမဲ့ အတိုက်အခံ ပါတီ တွေ မှာ တကဲ့ ကို ပြည်သူ့ ချစ်တဲ့ ဒိတ်ဒိတ်ကြဲ လူ တွေ ပါလာမှာပါ။ ပါလဲ ပါကို ပါရပါမယ်။
    NLD မှာလဲ ညံ့ကွက်တွေ၊ ဟာကွက်တွေ၊ ပျော့ကွက် တွေ ရှိကို ရှိမှာ အသေအချာပါဘဲ။
    အဲဒီအချိန်ကျရင် လွတ်လပ်စွာ လှလှပပကြီး ကို သဘောထား ကွဲကြတာပေါ့။

    ဒါပေမဲ့ ပြသနာက ဒီအချိန်မှာ တိုင်းပြည်ကို တကယ်စေတနာ ရှိသူတွေ ကွဲ လို့ မရသေးတဲ့ အချိန် ဆိုတာ အားလုံး သဘောပေါက်ပါတယ်။
    ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ နောက်ကို ဘဲ အားလုံး စည်းစည်း လုံးလုံး ညီညီညာညာ လိုက်ရပါဦးမယ်။
    မဟုတ်ရင်တော့ ထင်းစည်း တွေ တစ်ချောင်း ချင်း ကို လွယ်လွယ်ချိုးနိုင် တဲ့ ပုံပြင် ထဲကလို ဖြစ်မှာမို့ပါ။ အချိန် နဲနဲယူ ရင်း စိတ်ရှည်ရှည် နဲ့ ရေသာချိန် ကို စောင့်ကြ ရအောင်ပါ။

    ဓာတ်ပုံ ကို မဝေဖန် ခင်မှာ အဓိပ္ပါယ် နဲ့ ခိုင်းနှိုင်းတတ်တာလေးတွေ …….
    မင်းဟာ ကိုယ့်အတွက် ကမ္ဘာကြီးပါဘဲ။
    မင်းဟာ ကိုယ့်အတွက် နတ်သမီးလေးပါဘဲ။
    မင်းဟာ ကိုယ့်အတွက် အားဆေးပါဘဲ။
    စသဖြင့် အများကြီးပါဘဲ။
    ပြသနာ က
    မင်းဟာ ကိုယ့်အတွက် ကမ္ဘာကြီးပါဘဲ။ လို့ အပြောခံရ သူက ကိုယ့် စိတ်ထဲ မှာ မခန့်ညား ဘူး။
    မင်းဟာ ကိုယ့်အတွက် နတ်သမီးလေးပါဘဲ။ လို့အပြောခံရ သူက ကိုယ့် မျက်စိထဲ မှာ မတင့်တယ်ဘူး။
    ဒါပေမဲ့ သူတို့ စိတ်သူတဲ့ လွတ်လပ်ခွင့် ကို ကိုယ့်စိတ် နဲ နှိုင်းပြီး တားမြစ်ခွင့် မရှိပါဘူး။
    မကျေနပ် ရင်
    မင်းဟာ ကိုယ့်အတွက် မြေမှုံ ပါဘဲ။
    မင်းဟာ ကိုယ့်အတွက် ဘီလူးမပါဘဲ။
    မင်းဟာ ကိုယ့်အတွက် အဆိပ်ပါဘဲ။ …….
    လို့ ပြောပြီး ကိုယ့်ဆန္ဒကိုယ် ကြေညာ ပေါ့။

    ဒီလိုပါဘဲ။
    ဘုရားသခင် ဆိုတာ အမည်ပညတ် ချက်ပါဘဲ။
    ဒါပေမဲ့ အဲဒီအမည်ပညတ် ချက် ရဲ့ နောက်မှာ –
    “လူသားတွေ ကို ချင်ခင်ခြင်း” ဆို တဲ့ အဓိပ္ပါယ် အပြည့်အဝ ပါပါတယ်။
    လောကကြီးမှာ ချစ်တတ်ခြင်း ဆိုတဲ့ မေတ္တာတရား က သာ အားလုံး ကို အေးချမ်းမှု ပေးပါ တယ်။
    ကြီးမား တဲ့ အနှိုင်းမဲ့ မေတ္တာတရား ပိုင်ရှင် တိုင်း ကို မင်းဟာ ကိုယ့် အတွက် ဘုရားသခင် ပါလို့ ဘာလို့ ပြောလို့ မရရမှာလဲ။
    တစ်ခု တော့ ရှိတာပေါ့။ မသုံးရ လို့ မူပိုင်လုပ်ပြီး ဥပဒေ ထုတ်မထားရင်ပေါ့။
    မေတ္တာတရား နဲ့ ယှဉ်တဲ့ ဘာသာတိုင်း မှာတော့ ဒါမျိုး ကန့်သတ်မယ် လို့ မထင်ပါ။

    ဒီတော့ကာ –
    ထို အရပ်မှ လူအများ ဒေါ်အောင်ဆန်းစုကြည် ကို သူတို့ အားကိုးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လူထုအပေါ် ထားတဲ့ မေတ္တာ ကို ရကြောင်း သူတို့စိတ်သဘော ကို မှန်ကန်ရိုးသားစွာ ထုတ်ဖော်ပြီး ပြတာ သူတို့ လွတ်လပ်ခွင့် ပါဘဲ။
    ဘာလို့ လဲ ဆိုတော့ ဘုရားသခင်ရော၊ ဗုဒ္ဓ ရော အမည်များ သည် အများကြား မှာ သုံးရန် ပညတ် ချက် ဖြစ်နေလို့ပါ။
    ဒေါ်အောင်ဆန်းစုကြည် ကို အဲဒီလို ခိုင်းနှိုင်း တာ (ကျွန်မကို လွတ်လပ်စွာ တွေးခွင့်ပေးခဲ့ရင်) ပြသနာလို့ (လုံးဝ) လုံးဝ ကို မထင်ပါ။
    ပညတ်ချက် ကို ပညတ်ချက် နဲ့ နှိုင်းတာမို့ပါ။

    မကြိုက်လို့ Anti-ASSK များမှ တန်ပြန် ချင်ရင် “ဒေါ်အောင်ဆန်းစုကြည် ကို မာန်နတ်သမီး” လို့ ပြောနိုင်သပေါ့။
    ” တိုင်းပြည် ကို မတရား ဆင်းရဲတွင်းပို့သူများ” ကို အလွန်လေးစား ပါက လည်း
    သူတို့ ကို “ကျွန်ုပ် တို့ ၏ ဘုရားသခင်” လို့ ခေါ်ချင်ခေါ်ပါ။

    သို့သော်
    ကိုယ်သုံးသော စကားလုံး သည် ကိုယ်ဘာလဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်သော စင်အောက်မှ မညံ့သော ပွဲကြည့်ပရိတ်သတ်များ အများကြီးရှိနေ ကြောင်း ကိုတော့ မမေ့ပါနဲ့။

    လွတ်လပ်စွာ သဘောကွဲလွဲ မှု သည် လူအများကြား ကို ဝင်နေမယ် ဆိုရင်တော့ အများအကျိုး ကို ဦးတည်တဲ့ ကွဲလွဲမှု ဘဲ ဖြစ်သင့်ပါတယ်။
    ကိုယ့်အိမ်ထဲ မှာ ကိုယ်တုံးလုံး နေတာ အကြောင်းမဟုတ်ပါ။
    လူအများကြား မှာတော့ အများကို လေးစားခြင်းဖြင့် အဝတ် တော့ ဝတ်သင့်တယ် မဟုတ်လား။

    ကိုဝင်းခန့်ရေ
    ဒီလို အကြောင်း တွေကို များများ ပြောလေ ကောင်းလေ ထင်တာမို့ အားပေးပါတယ်။
    ဆက်ပါဦး။ ကျွန်မ လက်မ ထောင်သွားပါတယ်။
    ကျွန်မ လဲ အားမွေး ထား ပါတယ်။ 😆

  • windtalker

    March 6, 2012 at 8:25 pm

    ကိုဝင်းခန် ့ရဲ ့သဘောထား ကို လည်း သဘောကျ လက်ခံပါတယ် ။ အပေါ်က ကွန်မင့်ပေးသူများ ရဲ ့သဘောထားများကို လည်း သဘောကျပါတယ် ။
    လောလောဆယ်တော့ ၊ ကျွန်တော်တို ့တွေဟာ ဘာမှ ဖြစ်မလာသေးပါဘူး ။
    ဒီမိုကရေစီ ဆိုတာ ဘာလဲ ဆိုတာ ကို မြန်မာနိုင်ငံက ရှိသမျှ လူအားလုံး ၊ အသေးစိတ် နားလည်သဘောပေါက် အောင် မန်းဂေဇက်ဝိုင်းတော်သားများက ဝိုင်းဝန်းရှင်းလင်းပညာပေးစေချင်ပါတယ် ။
    များသောအားဖြင့် နေရာတော်တော်များများမှာ ၊ “ ဒီမိုကရေစီ ” ဆိုပြီး အော်နေကြပေမယ့် ၊ လုပ်နေတဲ့ အပြုအမူတွေ က အာဏာရှင်လိုလို အစွန်းရောက်လိုလို သက်ဦးဆံပိုင် လိုလို တွေ တွေ ့နေကြရတာ မို ့လား ။

Leave a Reply