ဂျူးသင်္ချိုင်း မှ အပြန်

herostarJune 6, 20102min640

ဥရောပမှာရှိတဲ့ ဂျူးသင်္ချိုင်းတွေထဲမှာ ဂျာမနီနိုင်ငံ ဗွန်း (Worms) မြို့မှာ ရှိတဲ့ သင်္ချိုင်းက ရှေးအကျဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်ကတည်းက မြှုပ်နှံခဲ့ဖူးတဲ့ ဂူသင်္ချိုင်းတွေကို တွေ့မြင်နိုင်ပါသေးတယ်။ အတိအကျ ပြောရလျှင် ၁၀၇၆ မှ ၁၉၄ဝ နှစ်အတွင်းမြှုပ်နှံခဲ့သော အုတ်ဂူများ ဖြစ်ပါတယ်။ လူတစ်ဦး သေဆုံးသွားတိုင်း ကျောက်တိုင် တစ်ခုနှုန်းနဲ့ မှတ်တိုင် ထူခဲ့ကြလေရာ ထိုသင်္ချိုင်းအတွင်း၌ ကျောက်တိုင်ပေါင်း များစွာကိုလည်း ဤသို့ တွေ့မြင်ခဲ့ပါတယ်။


တချို့သော အုတ်တိုင်များပေါ်တွင် စာရွက်လေးများကို ကျောက်ခဲများဖြင့် ဖိထားရာ အကြောင်းရင်းကို မေးကြည့်တော့ မဖြေရှင်းနိုင်သော ပြဿနာများ၊ အခက်အခဲများရှိလာပါက စာရွက်ပေါ်တွင် ရေးသားပြီး အဘိုးအဘွားများကို ကူညီစောင့်ရှောက်ပေးစေရန် ဖြစ်သည်ဟု သိခဲ့ရပါတယ်။ ဂျူးသာသာစကားဖြင့် ရေးသားထားသော သေဆုံးသူတို့၏ ကိုယ်ရေးအကျဉ်းများကို လည်း ဖတ်ရှုနိုင်ပါသေးတယ်။


မသာတစ်ခေါက် ကျောင်းဆယ်ခေါက် ဆိုသော စကားကို အမှတ်ရမိလိုက်တယ်။ သင်္ချိုင်းမြေကို ခြေချမိစဉ်ခဏတိုင်း သတိတရားတစ်ခုက ခေါင်းထဲ ရောက်လာသလိုလို။ အုတ်ဂူမှတ်တိုင်လေးများ ရှိသူများကို ရေတွက်ကြည့်လျှင်ပင် ဤသင်္ချိုင်းအတွင်း၌ သောင်းနှင့် ချီပြီး ရှိလေသည်။ နှစ်တစ်ထောင်အတွင်း သေဆုံးခဲ့သော ဂျူးလူမျိုးများချည်းပင် ဤမျှ များပြားသည်ကို တွေ့ခဲ့ရပါတယ်။


၂၀၀ရ ခုနှစ်ရဲ့ ကမာ္ဘ့လူသေဆုံးမှုစာရင်းကို ကြည့်မည်ဆိုရင် တစ်မိနစ်ကို 8.37 deaths/1,000 population (2007 est.) ဖြစ်သည်ဟု ဝီကီမှာ ဖြေထားသည်ကို တွေ့ရပါတယ်။ ကမာ္ဘ့လူဦးရေအရ ကြည့်မယ်ဆိုရင် တစ်စက္ကန့်ကို လူနှစ်ဦးနှုန်းနဲ့ စက္ကန့်တိုင်း သေဆုံးနေသည်ကို သတိပြုမိပါတယ်။ ကျွန်ုပ်တို့သည် အဘယ် တစ်စက္ကန့်တွင် ဤလူ့လောကမှ စွန့်ခွာသွားရမည်ကို မည်သူမျှ ကြိုတင် မသိနိုင်ကြပါ။


တစ်ရက်ကို လူ တစ်သိန်းခွဲနှုန်း နေ့စဉ်သေဆုံး နေသည်ကို ဆင်ခြင်မိပါက သံဝေဂ ရစေမယ် ထင်ပါတယ်။ တစ်စက္ကန့်ကို လူသား ၂ ယောက်နှုန်းသေဆုံး နေသလို တစက္ကန့်ကို လူသား ၁ဝ ဦးနှုန်းနဲ့ မွေးဖွား လာနေသောကြောင့်သာ ကမာ္ဘ့လူသားတွေ မျိုးမတုံးပဲ လူဦးရေက တိုးသထက် တိုးလာနေခြင်း ဖြစ်ပါတယ်။ စက္ကန့်နဲ့ အမျှ လူမည်မျှ သေဆုံးနေသည်ကို လေ့လာနေသော ဆိုဒ်တစ်ခုကို ဤနေရာတွင်
ကြည့်ရှုနိုင်ပါတယ်။

ပထမကမာ္ဘစစ်တုန်းက သေးဆုံးခဲ့တဲ့ စစ်သည်ပေါင်း ၉ သန်းကျော်ကို ဦးခေါင်းကနေ ခြေဖျားအထိ ဆက်လိုက်မယ်ဆိုရင် ၁၅၀၈၄ ကီလိုမီတာ (မိုင်အားဖြင့် ၉၃၇၅ မိုင်) ရှိလိမ့်မည်ဟုလည်း ဆိုကြသည်။ ဒီအကွာအဝေးက ကမာ္ဘကြီးကို တစ်ပတ်ပတ်မယ်ဆိုရင် ထက်ဝက်နီးပါးလောက် ရှိမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင်ဖြင့် ဒုတိယကမာ္ဘစစ်တုန်းက သေဆုံးခဲ့ရတဲ့ လူသန်းပေါင်း ၇ဝ ကျော်ကိုသာ ဆက်လိုက်မယ်ဆိုရင် လူသေအလောင်းတွေနဲ့ ကမာ္ဘကို ၃ ပတ်လောက် ပတ်လို့ရမှာ အသေအချာပါပဲ။

အမှည့်တဝင်းဝင်း၊ အကင်း တဖြုတ်ဖြုတ် ကြွေနေတဲ့ ဒီလောကမှာ လောဘ၊ ဒေါသ၊ မောဟ တရားများကို အတတ်နိုင်ဆုံး လျော့ချပြီး မတည်မြဲခြင်း (အနိစ္စတရား) ကို ဆင်ခြင်ပါမှ တော်ကာကျပေလိမ့်မည်ဟု ဆင်ခြင်မိပါတယ်။ ဘဝတစ်ခု နိဂုံးချုပ်သွားတဲ့အခါအတိုင်း ကိုယ်နှင့်အတူ ဘာတစ်ခုမှ ပါသွားလိမ့်မည် မဟုတ်ပေ။ လူကို လူက ညှင်းဆဲခြင်း၊ ကိုယ့် စိတ်ချမ်းသာမှုလေး တစ်ခု ရရှိရေးတွက် လူတစ်ဖက်သားရဲ့ စိတ်မချမ်းသာမှုနဲ့ လဲယူခြင်းများ လျော့နည်းလာပါစေလို့သာ ဆုတောင်း နေမိပါတော့တယ်။

သင်္ချိုင်းက အပြန်လမ်းမှာတော့ ရှေးဟောင်းပစ္စည်းများ ရောင်းသည့် ဆိုင်လေးကိုတွေ့ခဲ့ပါတယ်။ နှစ်ကာလ ကြာလာတာနဲ့အမျှ တန်ဖိုးတက်တာဆိုလို့ ရှေးဟောင်း ပစ္စည်းများပဲ ဖြစ်ပါလိမ့်မယ်။ လူကတော့ နှစ်ကြာလာလေ ကိုယ်အား ဉာဏ်အားတွေ လျော့လာလေ၊ လှုပ်ရှားမှုတွေ နှေးကွေးလာလေ၊ ယိုယွင်းပျက်စီးလာလေ ၊ နှစ်သက်မြတ်နိုးချင်တဲ့သူတွေ နည်းပါးလာလေ လို့သာ ထင်မြင်မိပါတော့တယ်။

ဒါတွေကို အမှန်တကယ် သိမြင်လက်ခံလာပါက လူအချင်းချင်း မောက်မာခြင်း၊ အနိုင်ယူလိုခြင်းတွေ လျော့ပါးလာမယ်ဆိုတာ မုချ မလွဲပါ။

ခင်မင်လေးစားစွာဖြင့်

herostar

www.herostaraungaung.co.cc