အချစ်နတ်

herostarJune 6, 20102min690

အချစ်နတ် ဖမ်းစားခံ နေရသလားမသိပါဘူး။ အချစ်အကြောင်းပဲ တွေးနေမိတယ်။ နတ်ကတော်တွေ နတ်ပင့်သလို ၃ရ မင်း ဝင်ချင်တဲ့နတ်ဝင်ဆိုပြီး ပင့်ခဲ့တာမဟုတ်ပါ။ မပင့်ရ၊ မဖိတ်ရပါဘဲ စိတ်ထဲကို အလိုလိုနေရာယူ လာခဲ့တာကတော့ အချစ်နတ် ပေါ့။ အချစ်နတ်ပူးလာကတည်းက တနေ့တနေ့ ချစ်စကားတွေနဲ့ ချစ်ကဗျာတွေပဲ ဒလဟော ထွက်နေတော့တယ်။

ဘယ်နှစ်က ထုတ်ထုတ် မဖတ်ရသေးရင် စာအုပ်မှန်သမျှဟာ အသစ်ပဲလေ။ ကျွန်တော့်ရင်ထဲက အချစ်တွေကိုလည်း ၃ဝ နားနီးမှ ထုတ်ဝေဖြစ်ခဲ့တယ်။ အလားတူစာအုပ်တွေကို ဖတ်ခဲ့ဖူးတဲ့ သူမအတွက်တော့ သိပ်မထူးဆန်းလောက်ပေမဲ့ ကျွန်တော့် ဘဝမှာတော့ ပထမဆုံး ထုတ်ဝေခြင်း ဖြစ်တဲ့အတွက် သူမအတွက် အသစ်စက်စက် စာတစ်အုပ် ဖြစ်ချင်ခဲ့တယ်။ ချစ်ခြင်းရဲ့ နောက်ကပါလာတတ်တဲ့ စိတ်ကောက်ခြင်းတွေနဲ့ အနိုင်ယူလို စိတ်တွေအပေါ်မှာ ဘယ်လို တုံ့ပြန်မှုပေးရမယ်ဆိုတဲ့ ဗဟုသုတ နည်းခဲ့တာ ခက်တယ်။ အချစ်မှာ သင်ရိုးကျေ ဖို့ ငယ်ငယ်ကတည်းက ရည်စားထားခဲ့ရအောင် ရူပါက ချူချာခဲ့တယ်လေ။

ဒိန်းတလိန်းနတ်ဆိုတာ ၃ရ မင်းနတ်တွေထဲ ပါမပါတော့ မသိဘူး။ အဲ့ဒီနတ် ဝင်ပူးလို့ အချစ်ရေးမှာ ထူးတယ်လို့ ထင်နေမိတယ်။ ကမာ္ဘ့နိုင်ငံအသီးသီးမှာ ရှိတဲ့ အချစ်နဲ့ ပတ်သက်တဲ့ နတ်တွေအားလုံးကို စာရင်းပြုစုမယ်ဆိုရင် အချစ်နတ်ဖုရားနဲ့ အချစ်နတ်ဖုရားမ ပေါင်း ၂၀ဝ ကျော်ရှိပါတယ်။ ဒီနတ်တွေထဲက တစ်ပါးပါး ဝင်ပူးခဲ့လို့များလားလို့တောင် တွေးနေမိပါသေးတယ်။ Freya လို့ခေါ်တဲ့ ဂျာမန် အချစ်နတ်၊ Gekka-O လို့ ခေါ်တဲ့ ဂျပန် ဖူးစာရေးနတ်၊ Kanikanihia လို့ ခေါ်တဲ့ ဟာဝိုင်အီ အချစ်နတ်သမီး၊ Kurukulla လို့ခေါ်တဲ့ တိဘက်အချစ်နတ်သမီး၊ Mariana လို့ ခေါ်တဲ့ ဘရာဇီးလ် အချစ်နတ်သမီး စသဖြင့် အများကြီး ရှိပါသေးတယ်။ ဒီအချစ်နတ်တွေရဲ့ စာရင်းကို သိမ်းထားချင်သေးတယ်ဆိုရင်လည်း အောက်ကပုံလေးကို နှိပ်ပြီး ဒေါင်းလုပ် ရယူနိုင်ပါသေးတယ်။

ဒီ အချစ်နတ်တွေထဲမှာ ကျွန်တော်ကြားဖူးတဲ့ နတ် ၂ ပါးရှိပါတယ်။ သူတို့ကတော့ ရောမဒဏ္ဍာရီတွေထဲက Venus ဆိုတဲ့ အလှနတ်သမီး(အချစ်နတ်ဖုရားမလေး)နဲ့ သူ့ရဲ့သား မြှားပစ်တဲ့နတ်ကလေး ကျူးပစ် (Cupid) တို့ပဲ ဖြစ်ပါတယ်။ ဂရိဒဏ္ဍာရီမှာတော့ Venus ကို Aphrodite လို့ ခေါ်ပြီး ကျူးပစ်ကို Eros လို့ ခေါ်ကြပါသေးတယ်။ ဒေသကွဲလို့ နာမည်ကွဲပေမဲ့ အချစ်နတ်ချင်းကတော့ အတူတူပဲပေါ့လေ။ ဒီနေ့တော့ အချစ်နတ်ဖုရားမလေး ဗီးနပ်စ်အကြောင်း ပြောပြရရင် ကောင်းမလားလို့။

လက်တင်ဘာသာအားဖြင့် Venus ရဲ့ အဓိပ္ပါယ်ကိုက အချစ် သို့မဟုတ် sexual desire ဖြစ်ပါတယ်။ Venus ရဲ့ အခြားအဓိပ္ပါယ်တစ်ခုက အဆိပ် ဖြစ်ပါတယ်။ အချစ်ဆိုတာ အဆိပ်နဲ့ တူတာတော့ အမှန်ပဲ ဖြစ်လိမ့်မယ်လို့ တွေးမိပါသေးတယ်။ ဒဏ္ဍာရီတစ်ခုမှာ ရေးထားတာက အချစ်နတ်ဖုရားမလေး ဗီးနပ်စ်ဟာ ပင်လယ်နဲ့ ကောင်းကင်ရဲ့ သမီးတော်လေး ဖြစ်ပါသတဲ့။ သူမကို မိဘတွေဖြစ်တဲ့ Uranus နဲ့ Gaia တို့က ချစ်ခင် စုံမက်ကြလွန်းလို့ မွေးဖွားခဲ့တာတော့ မဟုတ်ပါဘူး။ သူ့မိခင် Gaia က သူ့ဖခင် Uranus (ယူရေးနပ်စ်)ကို စိတ်ကောက်ရာက စတာပေါ့လေ။ တနေ့မှာ သူတို့ချင်း အဆင်မပြေဖြစ်ကြရာက သူ့မိခင်က သူ့ဖခင်ရဲ့ ဖွားဖက်တော်ကို ဖြတ်ပစ်လိုက်ပြီး ပင်လယ်ထဲကို ပစ်ချ လိုက်သတဲ့လေ။ အဲ့ဒီမှာ သူ့ဖခင်ရဲ့ ဖွားဖက်တော်နဲ့ ပင်လယ်ရေမြှုပ်တို့ ပေါင်းစပ်ရာကနေ အချစ်နတ်သမီးလေး ဗီးနပ်စ် မွေးဖွားလာရတယ်တဲ့လေ။

မိခင်ရဲ့ ဝမ်းနဲ့ လွယ်မမွေးခဲ့ရပဲ သဘာဝအလျောက် မွေးဖွားလာတယ် ဆိုပေမဲ့ နတ်သမီးလေးကတော့ ချောမောလှပခြင်း၊ ကျန်းမာခြင်းနဲ့ ပြည့်စုံသတဲ့။ ချောလွန်းလို့ ဗီးနပ်စ်ကို အလှနတ်ဖုရားမလေးအဖြစ် သတ်မှတ်လိုက်ကြသတဲ့လေ။ ဘီစီ ၂၉၃ ဩဂုတ် ၁၅မှာ သူမအတွက် ရည်စူးပြီး ဘုရားကျောင်းလေး ဆောက်လုပ်ပေးခဲ့သေးတယ်။ ဒီရောမနဲ့ ဂရိသမိုင်းထဲက အလှနတ်သမီးဗီးနပ်စ်ရဲ့ ရုပ်တုလေးကိုတော့ ပြင်သစ်သွားတုန်းက Louvre ပြတိုက်ထဲမှာ တွေ့ခဲ့ဖူးတယ်။

ပြတိုက်ထဲက ဗီးနပ်စ် အချစ်နတ်သမီးလေး

အချစ်နတ်ဖုရားမလေးရဲ့ ကူညီစောင့်ရှောက်မှုကြောင့်များ အခုလို အချစ်စိတ်တွေ ဝင်လာတာလားတော့ မသိပါ။ အခုတော့ ချစ်သူရဲ့ ပန်းဥယျာဉ်အလယ်က ပန်းလေးတစ်ပွင့် ဖြစ်ခွင့်ရနေတာကိုပဲ ကျေနပ်နေမိတယ်။ သူမ ပန်ဆင်သည် ဖြစ်စေ၊ နင်းခြေသည် ဖြစ်စေ ဒီဥယျာဉ်ထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့ အချိန်တွေကိုပဲ စိန်စီထားချင်မိတော့တယ်။

Venus အကြောင်းဖတ်လိုက်ရတော့ အချစ်တစ်ခုမှာ စိတ်ကောက်ခြင်း၊ အဆင်မပြေခြင်းတွေ ပါလိမ့်မယ် ဆိုတာတော့ သိတာပေါ့လေ။ ဒါပေမဲ့ အချစ်နတ်ဖုရားမလေးရဲ့ မိခင်လို ဒေါသကြီးစွာ စိတ်ကောက်မဲ့သူနဲ့ တွေ့မှာကိုတော့ ခုထိ တွေးကြောက်နေတုန်းပါပဲ။ 😛 😛

ခင်မင်လေးစားစွာဖြင့်

herostar

www.herostaraungaung.co.cc