“ အရိပ်ပမာ ”

ဆ = နှိုင်းဆခြင်း ၊ ချင့်ချိန်ခြင်း ။
ရာ = လျှာထားခြင်း ၊ တိုင်းတာခြင်း ၊ အကဲဖြတ်ခြင်း ။
ဆရာ = ကိုယ်ကျိုးမငဲ့ဘဲ တစ်ပါးသူတို့ကို သင်ပြခြင်း ။
ဆာယာ= တပည့်များအပေါ် အမြဲတမ်းအေးမြမှု အရိပ်ပေးလေ့ ရှိခြင်း ဟူသော တင်စားမှု ၊ ဖွဲ့ဆိုမှုတို့ဖြင့် ဆရာတို့၏ ဂုဏ်အပေါင်းသည်
ဝေဖြာဆဲ ၊ ပျံ့လွင့်ဆဲရှိ၏ ။ ယင်း ဂုဏ်ထူးဝိသေသနတို့သည် ထိုက်တန်သူတို့သာလျှင် ရရှိခြင်းဖြစ်၏ ။
လောက သဘောတရားသည် ချီးမြောက်ထိုက်သူတို့အား ချီးမြောက်လေ့ ရှိ၏ ။ မိမိ လုပ်နိုင်လျှင် လုပ်နိုင်သလောက် ရရှိစမြဲ ဖြစ်၏ ။
များများလုပ်နိုင်လျှင် များများရ၏ ။ များများ ဂုဏ်တက်၏ ။ နည်းနည်းလုပ်နိုင်လျှင် နည်းနည်းသာရ၏ ။ နည်းနည်းသာ ဂုဏ်တက်၏ ။
ထိုအရာသည် လောကမှပေးသော ပစ္စက္ခ အကျိုးတည်း ။
အမှန်အားဖြင့် “ ဂုဏဝနေ ္တ ပဿနိ ္တဇနာ ” လူတို့သည် ဂုဏ်ရှိသူတို့ကို အရေးပေး လေးစားတက်ကြ၏ ။
ကွက်ကွက်ကွင်းကွင်း မြင်လာတက်ကြ၏ ။ အထွတ် အမြတ်ထား ပူဇော်လာတက်ကြ၏ ။
နေရာပေး အလေးထား လာတက်ကြ၏ ။ ထိုသည်မှာ ဂုဏ်၏ အစွမ်းသတ္တိပေ ။ ယင်း ဂုဏ်တို့ရှိသူတို့ကို အရေးပေး နေရာပေးလာခြင်းသည်
ယခု မှမဟုတ် ။ ဟိုရှေးယခင်ကတည်းက ဖြစ်၏ ။
ဆရာ ဟူသည် “ ဆာယာ ” ဟူသော ပါဠိ စကားမှ ဆင်းသက်လာသည်ဟု ရှေးပညာရှိတို့ မိန့်ဆိုထား၏ ။ “ ဆာယာ ” ၏ အနက်
အဓိပ္ပါယ်ကား “ အရိပ် ” မည်ပါ၏ ။ အရိပ် ဟူသည် အပူဒဏ်ကို ဖျက်ဆီးပြီး အေးမြခြင်းသဘောကိုဆောင်၏ ။ များသောအားဖြင့် လောကတွင်းရှိ
သတ္တဝါ အားလုံးတို့သည် ယင်းအေးမြမှုရှိသော အရိပ်ကို ခိုလှုံလိုကြ၏ ။
ယင်း အရိပ် ( ဆာယာ ) သည်လည်း မိမိထံ ခိုလှုံ ဝင်ရောက်လာသူတို့အား အပူဒဏ်ကို ပယ်ဖျောက်ပေးခြင်း ၊ ပင်ပန်းနွမ်းနယ်မှုကိုပင်
ဖျောက်ပေးခြင်းစသည်တို့ဖြင့် အေးမြမှုကို ဆောင်ကာ ကိုယ်စိတ်နှစ်ပါးအား ချမ်းသာစေပါ၏ ။
အာတပံ ပရိဿမဉ္စဆေတိ ဆိန္ဒတီတိ ဆာယာ ၊
သတ္တာနံ သရီရံ ဆိယတိ ဥပသမေတီတိ ဆာယာ ……….

ခရီးရှည် သွားနေသူအား နေပူခြင်းသည် ဘေးရန်မည်၏ ။
နေပူခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းသည် ခရီးသွားနေသူ၏ ကိုယ်စိတ်နှစ်ပါးကို ပင်ပန်း ဆင်းရဲစေ၏ လို့ ဆိုမိန့်ထားပါတယ် ။
သစ်တစ်ပင်ကောင်း ငှက် တစ်သောင်းနား ဟူသော စကားသည် ထို အရိပ် (ဆာယာ) ဟူသော ဝေါဟာရနှင့် ယှဉ်လျှက် ရှိ၏ ။
သစ်ပင် တစ်ပင်သည် အခက်အလက် ပြည့်စုံစွာဖြင့် အရိပ်ကောင်းကောင်းရနိုင်မှသာလျှင် ငှက် အပေါင်း တစ်သောင်းမက နားနေနိုင်မည် ဖြစ်ပါ၏ ။
အခက်အလက် မပြည့်စုံခဲ့သော် ငှက် တစ်သောင်း နားနေနိုင်သည် မဆိုထားဘိ ၊ ငှက် တစ်ကောင် တစ်လေပင် နားနေဖို့ မသင့်ပေ ။
အဆိုးဆုံးဆိုသော် လာနားခဲ့သေမျှ ငှက် တစ်ကောင်တစ်လေသည်ပင် လုံခြုံမှုမရှိ အန ္တရာယ်ဆိုး အမျိုးမျိုးနှင့် ရင်ဆိုင်ကြုံရတက်ပါ၏ ။
ထို့အတူပင် ဆရာ ဟူသည်လည်း အဖက်ဖက်ကပြည့်စုံသည့် အရည်အခြင်း ဟူသော အချက်အလက် တို့ ရှိကြရပေမည် ။
မိမိထံ ဝင်ရောက်ခိုလှုံလာသမျှသော တပည့်အပေါင်းအား “ ပညာ ” ဟူသော အရိပ်အာဝါသ ကောင်းကောင်းကို ပေးစွမ်းနိုင်ရပေမည် ။
သွန်သင်ပြသမှုဖြင့် မှန်သောလမ်းစဉ်ကို ပို့ဆောင်ပေးနိုင်ရပေမည် ။တပည့်တို့၏ လောကဓံဆိုး ၊ ဒုက္ခဆိုး အမျိုးမျိုးတို့ကို ကာကွယ် ပေးခြင်းဖြင့် လုံခြုံမှုကို ပေးစွမ်းနိုင်ရမည် ဖြစ်ပါ၏ ။ သို့မှသာ ဆရာ ဟူသည် “ ဆာယာ ” ဟူသော ဝေါဟာရနှင့် ကိုက်ညီပေတော့မည်။
ဆရာ တို့မှာ တပည့် တို့ကို ဦးဆောင်နိုင်မှု အရည်အခြင်း နှင့် ပြည့်စုံရပေမည် ။ အဘယ်မည်သော အရည်အခြင်းနှင့် ပြည့်စုံရမည်နည်းဟူမူ “ ထကြွ ၊ နိုးကြား ၊ သနား ၊ သည်းခံ ၊ ဝေဖန်ထောက်ရှု ……ထိုခြောက်ခု ကြီးသူ ကျင့်ရာ တရား တည်း ”
ဟူသော နာယက ဂုဏ် ခြောက်ပါး တို့ဖြစ်ပါ၏ ။
အနောက်တိုင်း ပညာရှင်တို့၏ ဆောင်ပုဒ်မှာမူ ဆရာ၏ အင်္ဂါ ( ရ ) ရပ် ထားရှိကြ၏ ။ ယင်းတို့ကား………..
TEACHER (ဆရာ)
T = Teaching (ဆရာ အလုပ် )
E = Education (ပညာရေး)
A = Active (ထကြွလုံ့လရှိသော)
C = Clever (တက်သိနားလည် ထက်မြတ်သော)
H = Honest (ရိုးဖြောင့်သော)
E = Expert (ကျွမ်းကျင်သော
R = Research minded (အချက်အလက် အသစ်များတွေ့ရှိရန် အသေးစိတ် လေ့လာခြင်း) ဟူသည် တို့ဖြစ်ပါ၏ ။
ဆရာ သမား တို့သည် တပည့် တို့၏အပေါ်မှာ
သစ်ပင် ၊ မြစ်ချောင်း ၊ နို့ကောင်း နွားမ – တို့ပမာ ထားရှိပြီး ကျင့်ကြံကြရမည် ဖြစ်သည် ။
သစ်ပင် ဟူသည် ၎င်းတို့ အတွက်သာ ကြီးထွား လာခဲ့သည်မဟုတ် ။
အသီး ၊ အရွက် ၊ အပွင့် ၊အခက် တို့ကို ၎င်းတို့ကိုယ်တိုင် သုံးဆောင်ခံစားလေ့ မရှိကြပါ ။ ထိုနည်းတူပင် မြင်းချောင် အင်းအိုင်တို့သည်လည်း
ရေ တို့တသွင်သွင်စီးဆင်းနေပါ၏ ။ သို့သော် ယင်းတို့ ကိုယ်တိုင် သောက်သုံးစံစားလေ့ မရှိ ။ နို့ကောင်း နွားမတို့ သည်လည်း ထိုနည်းတူပင် ဖြစ်လေ၏ ။ သူတို့၏ နို့ရည်ကို သူတို့ကိုယ်တိုင် သောက်သုံးသည် မရှိပေ ။
ယင်း သစ်ပင် ၊ မြစ်ချောင်း ၊ နို့ကောင်း နွားမ တို့သည် မိမိမှတစ်ပါး အခြားတစ်ပါးသူတို့၏ လောက အကျိုး စီးပွါး အတွက်သာဖြစ်တည် လာကြသည်သာ ဖြစ်ပါလေသတည်း ။

One comment

  • snow white

    March 6, 2012 at 5:14 pm

    ဖတ်ရှုအားပေးသွားပါတယ်

Leave a Reply