အခု ပြောမယ့် အိမ်ကြီးကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာ ရှိတယ်ဆိုရင် အံ့သြစရာတော့ဖြစ်မယ်မထင်ပါ… ဒီအိမ်ကြီးအကြောင်းပြောချင်တာကြာပြီ ဒါပေမယ့် အခုတစ်လော ရွာထဲမှာ သရဲအကြောင်းပို့စ်တွေ အတင်များတယ်ပြောမှာစိုးလို့ ခဏလေး စောင့်နေတာပါ…ပြောရမယ်ဆို ဘဘကြီး ဦးမျိုးအောင်ကနေစခဲ့တာပါ…. ဘဘကြီးက နယ်တကာလှည့် တရားဟောတဲ့ ဓမ္မကထိကကြီးပါ တရားဟောရင်းနဲ့ ဘုရားတွေအဆူဆူအလှူခံရရှိခဲ့သလို ငွေသပြာတွေလည်း ရရှိခဲ့ပါတယ်…. ဘဘကြီးရရှိခဲ့တဲ့ ဘုရားတစ်ဆူအကြောင်းပြောပြချင်နေမိတယ်… အဲဘုရားကို ကျွန်မ တို့ကအခုချိန်ထိ ဆေးဘုရားလို့ပဲခေါ်ပါတယ်….ဆေးဘုရားမှာ ဘီလူးရုပ်ထု (4) ရုပ်ရယ် အလယ်မှာ မြတ်စွာဘုရားက ပလ္လင်ထက်မှာ စံပယ်နေပါတယ်….ဘီလူးရုပ်ထု (4) ရုပ်မှ 2ရုပ်က ပင့်ဆောင်လာစဉ်ကတည်းက ဦးခေါင်းတွေမပါလာခဲ့ဘူး….ဆေးဘုရားကို တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်သန်းပင့်ဆောင်လာခဲ့စဉ် တစ်နေ့သောညနေမှာ မိုးချုပ်သွားသည့်အတွက် ရွာတွေမရောက်ခင် တောထဲမှာပဲ စခန်းချတည်းခိုဖြစ်ခဲ့ကြတယ်…. ရှေးခေတ်အခါက အခုခေတ်လို ကားလမ်းတွေမပေါက်ရောက်ဘူးလေ ကုန်းတတန်ရေတတန် သွားခဲ့ရတဲ့အချိန်အခါမှာပေါ…သူခိုးဓါးပြတွေ ပေါတဲ့အချိန်လို့ပြောရင်လည်း မမှားဘူးပေါ့လေ…ဘဘတို့အဖွဲ့ လာမယ့်သတင်းကို ဓားပြအဖွဲ့တွေက ကြိုတင်ရထားပြီးသား တောထဲမှာ တည်းခိုးစခန်းချနေသည်ကိုလည်းသိရော အကြိုက်တွေ့တော့တာပေါ့… ဒါပေသည့် မိုလင်းပြီး တစ်ခြားရွာကို ရောက်သည့်တိုင် ဘာဓားပြမှ အတိုက်မခံလိုက်ရဘူး… ဒါပေမယ့်ရွာထဲမှာ ပြောသံတွေကြားတာတော့ မနေ့ညက  တောထဲမှာ ဓားပြမတိုက်လိုက်ရဘဲ တပ်ဆုပ်ခဲ့ရတယ်တဲ့… ဘဘကိုလာပြောရှာတယ် ရွာသူရွာသားများက ဘဘကလည်း ဘာပြုလုပ်တုံးလို့မေးတော့ ညကလေ ဘဘတို့ကိုဓားပြတိုက်ဖို့ တောထဲကိုသွားတာ လမ်းတ၀က်မှာ လူထွားထွားကြီး (4) ယောက်က တင်းပုပ်ကြီး ထမ်းပြီးသူတို့ကို တားတယ် မင်းတို့ရှေ့ဆက်သွားရင် ငါတို့အဆိုးမဆိုနဲ့လို့ပြောတယ် ဒီနောက်တော့ နောက်ထပ် 2ယောက်ကိုထပ်တွေ့ရပြန်ရော နောက်ထပ် လူထွားကြီး2ယောက်ကခေါင်းမပါဘူး ဒါနဲ့ ဓါးပြတွေလည်း ခေါင်းပြတ်ကြီးတွေကိုတွေ့တော့ပြေးကြကုန်ရောတဲ့… အဲဒါဘဘကြီးပြောပြတဲ့ ဆေးဘုရားက ဘီလူး (4)ကောင်အကြောင်းပါ….နောက်ပိုင်း ဘဘကြီးက သူတရားဟောလို့ရတဲ့ ငွေတွေနဲ့ ဗိမာန်ကြီးတစ်ခုကို တည်ဆောက်ဖို့ခြံဝိုင်းကြီးတစ်ခြံကို ၀ယ်ခဲ့တယ်… အိမ်ကြီးကို ၀ယ်ပြီးပြီးချင်း ကုလားတစ်ယောက်ရယ် ဘုရားတစ်ဆူရယ်နဲ့ အိမ်စောင့်အနေနဲ့လွှတ်လိုက်တယ်…အဲမှာစတာပဲ ဇာတ်လမ်းက ကုလားက ဘုရားနဲ့ အိမ်အပေါ်ထပ်မှာ အိပ်နေတာ မိုးလဲလင်းရော အိမ်အောက်ကိုရောက်နေတယ် အဲကုလားလည်း ကြောက်လန့်တကြားနဲ့ထွက်ပြေးပြီး နောက်ဘယ်တော့မှ အိမ်အရိပ်ကိုတောင်မနင်းရဲတော့ဘူး  ဒါက ဘဘကြီးဝယ်ထားတဲ့ အိမ်ကြီးရဲ့ပထမဆုံးအဖြစ်အပျက်ပါ.. ဘဘကြီးဆုံးပါးသွားပြီးနောက်ပိုင်း ဘဘကြီးရဲ့မိသားစုများက ထိုအိမ်တွင် ဆက်လက်နေထိုင်ခဲ့လေရာ …ထိုအိမ်ခြံဝန်းနှင့် ကျွန်မတို့အိမ်မှာ ကပ်လျက်ဖြစ်သောကြောင့် ထိုမိသားစုများနှင့် ကျွန်မသည် သူငယ်ချင်းများဖြစ်ခဲ့ကြသဖြင့် ထိုအိမ်အကြောင်းကို အများထက် ကျွန်မပိုသိခွင့်ရခဲ့သည် ကိုယ့်တွေ့အဖြစ်အပျက်များလည်း ကိုယ်တိုင်ကြုံခဲ့ရသည် …သူရဲခြောက်တာတော့မဟုတ်ဘူးဆိုတာ နောက်မှ ကျွန်မနားလည်လာတယ်….1988 အရေးအခင်း ဖြစ်စဉ်အချိန်ကာလဖြစ်သည် ထိုအိမ်တွင်နေသူများက ရန်ကုန်တွင် အခြေအနေမကောင်းသောကြောင့် နယ်ဘက်တွင် သွားရောက်နေထိုင်ကြစဉ် ထိုအိမ်ကြီးကို မောင်တိုးကိုစောင့်ခိုင်းလေသည်  မောင်တိုးသည် နည်းနည်းပွေသူတစ်ယောက်ဖြစ်သည် ထိုအိမ်ကိုစောင့်စဉ် မကောင်းသောမိန်းမများကို ထိုအိမ်သို့ ခေါ်လာတတ်လေသည် တစ်နေ့ အိမ်နောက် ဂိုဒေါင်ထဲတွင် ထိုမကောင်းသောအမျိုးသမီးကိုခေါ်သွားလေရာ ဂိုဒေါင်တံခါးကို ဖွင့်လိုက်စဉ် ထိုမိန်းကလေးမှ စူးရှကျယ်လောင်သော အော်သံသည် ခြံဝန်းတစ်ခုလုံးသို့လွှမ်းသွားပြီး မိန်းကလေးခမျာ ကသောကရောပြေးထွက်လာလေသည် ခြံထိပ်ရောက်သောအခါ ပတ်ဝန်းကျင်မှ လူများက မောင်တိုးဘာများလုပ်လိုက်သလဲ ၀ိုင်းမေးရာ ကိုတိုး ကိုတိုးဘာမှမလုပ်ပါဘူးရှင် ဟို..ဟို…ဂိုဒေါင်ထဲက ကုတင်ပေါ်မှာ ဂျပန်ခေါင်းပြတ်ကြီးကို တွေ့လို့ ပြေးထွက်လာတာပါဟု… မိန်းကလေးခမျာ ကြောက်ရွံစွာပြောနေလေသည် အဲနောက်ပိုင်း မောင်တိုးလည်း မိန်းမရှုပ်သံမကြားရတော့ပါ…ကျွန်မတို့ကလေးဘ၀က ထိုအိမ်မှ သူများနှင့်သူငယ်ချင်းဖြစ်တော့ သွားရောက်လည်ပတ်ဆော့ကစားလေ့ရှိသည် ကျောင်းပိတ်ရက်များဆိုလျှင် ထိုအိမ်မှာပင်အိပ်လိုက်တော့သည် ….. ကျွန်မတို့ငယ်စဉ်က တနင်္ဂနွေနေ့ဆိုလျှင် မြန်မာ့ရုပ်မြင်သံကြားမှလွှင့်သော မြန်မာကားများကိုသာ အားထားကြည့်ကြရေလေသည် တစ်နေ့ရုပ်ရှင်ကြည့်ရင်း အပြင်မှ အင်္ကျီအနီဝတ်ထားသော လူတစ်ယောက် ဆေးလိပ်သောက်ရင်းဖြတ်သွားတာကို ကျွန်မလှမ်းမြင်လိုက်လေသည် အပြင်သို့ပြေးလွှားထွက်ကြည့်တော့ မည်သူမျှမရှိ ….အိမ်ပေါ်တွင်လည်း လူလမ်းလျှောက်သံ တဒုံးဒုံးကြားရသဖြင့် အန်တီစိုးက သမီးရေ အိမ်ပေါ်မှာ သမီးသူငယ်ချင်းတွေ ဘာလုပ်နေလဲ တက်ကြည့်ပါကွယ်ပြောသဖြင့် ကျွန်မတက်ကြည့်ရာမည်သူ့ကိုမှ မတွေ့ရှိခဲ့ပေ…. ထိုညက သူငယ်ချင်းမလေးများဖြင့် အတူတူအိပ်ခဲ့လေသည် ကျွန်မတို့အိပ်သည့်အခန်းသည် ဘုရားခန်းခြေရင်းတွင်ဖြစ်သည် ကုတင်၏ ဘေးနှစ်ဘက်လုံးသည် ဘုရားခန်းအပေါက်ဝ နှစ်ခု၏ အလယ်တွင်ဖြစ်ရာ ကျွန်မသူငယ်ချင်းအိပ်သည့်ဘက်မှဘုရားခန်းသို့ဝင်ပြီးလျှင် ကျွန်မအိပ်သည့်ဘက်မှ ပြန်ထွက်လို့ရသည်ဘုရားခန်းတံခါးသည် 2ပေါက်ရှိသည် ညဘက်ရောက်ကျွန်မတို့ အိမ်မောကျနေချိန်တွင် ဘုရားခန်းမှ တဒုန်းဒုန်းနဲ့အသံသည် ကျွန်မနောက်ကျောဘက်မှ ဖြတ်လျှောက်သွားပြီး ဘုရားခန်းသို့ပြန်ဝင်သွားလေသည်….. နောက်ပိုင်း ထိုအိမ်မှ မိသားစုများနဲ့စကားစုပြောဖြစ်သောအခါတွင် ဆေးဘုရားမှ ဘီလူးရုပ်ထုများသည်အစောင့်သဘောနှင့် အိမ်ပေါ်ထပ်တွင် သွားလာနေကြောင်းသိရသည်…ထိုဆေးဘုရားဓာတ်ပုံလေးကို အချိန်ယူ၍ ကျွန်မသွားရိုက်ပြီ ရွာသူရွာသားများကို မျှဝေပေးပါဦးမည် ဆေးဘုရားသည် ကျွန်မတို့ကျန်းမာရေးမကောင်းချိန်ဖြစ်ဖြစ် အိမ်မသန့်ရှင်းလျှင်ဖြစ်ဖြစ် ဘုရားကို ရေသပ္ပာယ်ကာ သောက်လျှင် အိမ်သို့ဖျန်းလျှင် အန္တရာယ်ကင်းကြောင်း ကိုယ်တွေ့ကြုံခဲ့ရလေသည် ….နောက်ပိုင်းအခါအခွင့်သင့်ပါက ဘဘကြီးပင့်ဆောင်ခဲ့သော ဘုရားရုပ်ပွားတော် ဓာတ်ပုံများနှင့် ထိုအိမ်ကြီး၏ ဖြစ်စဉ်  အကြောင်းများကို ဆက်လက်တင်ပြပေးသွားပါဦးမယ်……

 
ခိုင်ခိုင် (ဖြစ်ရပ်မှန်ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်)

About Khaing Khaing

- - has written 38 post in this Website..