ချို ပေါ့ ကျ (၄)

black chawMarch 7, 20122min42251

ဟုတ်ကဲ့ ဘလက်ချောပြောနေပါတယ်ခင်ဗျာ။ အော်တီးတိုင်းရောက်နေပြီလား…။
အခုချက်ခြင်း လဖက်ရည်ချိုပေါ့ကျလေး စီစဉ်ပေးလိုက်ပါ့မယ်။ ကောင်းပါပြီခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။

သာဓုခေါ်စရာ သတင်းလေးနဲ့ စလိုက်ရအောင် ကျောင်းဒကာ။

မနောအလှ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကျပ်သိန်း ၆၅ဝ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းဆယ်ခုမှာ အဆိုတော် အယ်လ်ခွန်းရီ၊ ကေဂျာနူးတို့ ဦးဆောင်တဲ့ သရုပ်ဆောင်အဆိုတော်များက မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ် လို့ ပေါ်ပြူလာဂျာနယ်မှာ ဖေါ်ပြလာပါတယ်ခင်ဗျာ။ ကြည်နူးစရာသတင်းလေးအတွက် သာဓုခေါ်ပါ ကျောင်းဒကာ။
သာဓု သာဓု သာဓု ပါ ဒေါ်အယ်လ်ခွန်းရီနဲ့ မနောအလှ ဂီတည အဖွဲ့သားများ ခင်ဗျား။

သူတို့တတွေ ရဲ့ ဗယ်လင်တိုင်းဒေး

ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့ကို ဘယ်လိုဖြတ်ကျော်ခဲ့ကြသလဲဆိုပြီး နံနက်ခင်းဂျာနယ်က မေးထားမြန်းထားတာလေးတွေ ဖတ်ကြည့်ကြဖို့ စုစည်းပေးလိုက်ပါတယ်ဗျာ။
မိုးဟေကို ကြီးကတော့ ဒီလိုပြောပါတယ်။
အဲဒီရက်မှာ မိုး ခရီးသွားနေပါတယ်။ ကျန်တာတော့ ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက် တဲ့။
ကဗျာလည်းမဆန်ဘူး။ ခရီးသွားနေပါတယ်တဲ့။ ကျန်တာတော့ မပြောပြဘူး သတ်ပစ်လိုက်တဲ့။
မပြောပြရင်လည်းနေပါ မိုးရယ်။ သတ်တော့ မသတ်ပါရစေနဲ့။ အစ်ကိုကြီးက မရက်စက်တတ်ပါဘူးကွယ်။
မေသက်ခိုင်လေး ကတော့ ဒီလို ပြောပါတယ်။
မိခင်နှင့်အတူ ချစ်သူခင်သူများ လူကြီးမိဘများ မိတ်ကပ်ဆရာများကို အမှတ်တရလက်ဆောင်များပေးပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် တဲ့။
ချစ်သူရည်းစားလည်း မရှိပါဘူးတဲ့။
လိမ္မာရေးခြားရှိလိုက်တဲ့ ကလေးမ။ ချစ်သူရည်းစားတောင် မရှိသေးဘူး တဲ့။ ဟေးဟေး။ မြို့ထဲထွက်ရင် တစ်ယောက်တည်း မထွက်နဲ့ သမီးလေးရေ။ ခေတ်ကာလကြီးက ကောင်းတာမဟုတ်ဘူးရယ်။ မန္တလေးသား ရာဇဝင်လူဆိုးကြီး ဗိုလ်စိန်သော့နဲ့ တွေ့သွားမှာ စိုးရိမ်လို့ သတိပေးရတာပါ။
ဒီလူကြီး က သိတ်ဆိုးတာရယ်။ ချောချောလှလှမြင်ရင် အလွတ်မပေးတတ်ဘူးလို့လည်း နာမည်ကြီးတယ်ဗျာ။ လက်ကလည်း သိတ်ဆော့တာ။ ဓါတ်ပုံရိုက်တာကို ပြောတာပါကွယ်။
ဧသင်ချိုဆွေ လေးကိုကျတော့ ချစ်သူများနေ့အကြောင်းမေးမထားဘူး လူဆိုး။ ဒါပေမယ့် ချစ်သူအကြောင်းတော့ မေးထားတယ်ဗျ။ ဖတ်ကြည့်ဗျာ။

မေး။ ။ ဧသင် ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို သီချင်းလေးကို ချစ်တာလား၊ တို့ကို ချစ်တာလားလို့ရော တစ်ယောက်သောသူကို မေးဘူးလား
ဖြေ။ ။ ဧသင်ကတော့ သီချင်းကိုလည်း ချစ်တယ်။ လူကိုလည်းချစ်ပါတယ်။ သူ့ဘက်ကတော့ ဧသင့်သီချင်းတွေထက် လူကို ပိုချစ်ပါတယ်လို့ ပြောပါတယ်

ကဲ ဧသင်ချိုဆွေလေး ဖြေသွားတာ ဘယ်လောက်ရဲရင့်လိုက်သလဲ။ သီချင်းကိုလည်း ချစ်သတဲ့။ လူကိုလည်း ချစ်သတဲ့။ နည်းနည်းလျှော့ သမီးလေးရေ။
ကိုအငဲကြီး ကတော့ အော်အော်ပြီး သတိပေးခဲ့ဘူးပါတယ်ကွယ်။
အချစ်ဟာခါးခါးခါး အချစ်ဟာခါးသီးတယ်ဟေ့ တဲ့။
သူ့ဘက်ကတော့ ဧသင့်သီချင်းတွေထက် လူကို ပိုချစ်သတဲ့လား။ တော်တော် အနုပညာမဆန်တဲ့ အဖြေပဲ။
ရွှေတိုက်စိုးတို့ သူရဇော်တို့လို လူမျိုးတွေဖြစ်ရမယ်။ ဟယ် ကိုကိုကတော့ လူ ဆို လူမှ။ သီချင်းဘာလုပ်လို့ရမလဲ ဆိုတာမျိုးတွေပေါ့ကွယ်။ ကိုအငဲကြီး သီချင်းမမေ့နဲ့နော် သမီးလေးရေ။ အိုဘာတဲ့…။
အချစ်ဟာခါးခါးခါး အချစ်ဟာ ခါးသီးတယ်ဟေ့။
ချစ်သူများနေ့နဲ့ ပတ်သက်ပြီး မေးထားတဲ့အထဲမှာ ကချင်မလေး အယ်ဆိုင်းဇီ ဖြေထားတာကို ဖီလင်အလာဆုံးပဲ ကျောင်းဒကာ။
ကိုယ်တိုင်လည်း သီချင်းရေးပြီး အနုပညာသမားစစ်စစ်ဆိုတော့ အဖြေလေးက ရိုးရိုးလေးနဲ့ လှတယ်ပေါ့ဗျာ။ ကဲ ရော့ ဖတ်ကြည့်။

သမီးတို့က ချစ်သူတွေဆိုပေမယ့် နှစ်ယောက်လုံးအလုပ်များတော့ အမြဲမတွေ့ဖြစ်ကြဘူး။ ဗယ်လင်တိုင်းနေ့ကတော့ တွေ့ဖြစ်တယ်။
ချစ်သူဆီက အရမ်းကျေနပ်စရာကောင်းတဲ့ လက်ဆောင်ရခဲ့တယ်။ သမီးကလည်း ပေးဖြစ်တယ်

တွေးပေတော့ ကျောင်းဒကာ။
အရမ်းကျေနပ်စရာ ကောင်းတဲ့ လက်ဆောင်တဲ့။ ဘယ်လိုလက်ဆောင်မျိုးလဲ။ ဘယ်လောက်တန်ဘိုးရှိသလဲ။
ဘယ်လောက် နူးညံ့သိမ်မွေ့သလဲ။ ဘယ်လောက် ရိုမန်းတစ်ဖြစ်သလဲ။ ဘယ်လောက်ခမ်းနားကြီးကျယ်သလဲ။

အို တွေးတာပဲ ဗျာ။ လစ်မစ်လုပ်မနေပါနဲ့။ ရဲရဲ တွေးပစ်လိုက်စမ်းပါ။
မပြီးသေးဘူးနော်။ နောက်ထပ်တွေးစရာလေး တစ်ခု ရှိနေသေးတယ်။

သမီးကလည်း ပေးဖြစ်တယ်

တဲ့။
ကိုဝင်းမင်းထွေးကြီးက ကိုငှက်ဆိုဖို့ ဗင်းဆင့်ဗန်ဂိုး တမ်းချင်း ဆိုတဲ့ သီချင်းလေးရေးခဲ့ဘူးတယ်ဗျာ။
အရင်အတိုင်းဆိုတဲ့ စီးရီးမှာပါခဲ့တာပါ ကျောင်းဒကာ။ အဲဒီသီချင်းထဲမှာ ပါတဲ့စာသားလေးကို နားထောင်လိုက်ရသလို ကို ဖီလင်ရသွားခဲ့တာပါ။

ကြယ်တွေစုံပြီလား ဗင်းဆင့်အနားကိုလာကြတယ်
မျက်စိကနေငါကြားတယ် တိတ်ဆိတ်တဲ့ညလယ်ယံမှာ ခေါ်သံများ

ဟုတ်တော့ ဟုတ်နေပြီဗျို့။ မျက်စိကနေ ငါကြားတယ် ဆိုတဲ့ စကားလုံးလေးတစ်လုံးနဲ့တင် ကိုထွေးကို အိမ်ကိုဖိတ်ထမင်းကျွေးချင်စိတ်ပေါက်ခဲ့ဘူးပါတယ်။
ဆိုတော့ အယ်လ်ဆိုင်းဇီလေးကလည်း မျက်စိကနေ ကြားနိုင်လောက်အောင် ဖြေသွားနိုင်ခဲ့တယ်ပေါ့ဗျာ။
တစ်လွဲတွေ လျှောက်မတွေးပါနဲ့ ကျောင်းဒကာ။ အနုပညာ ဆန်ဆန် တွေးပါဗျ။ မိုက်တယ်နော်။ ဟေးဟေး။
အယ်လ်ဆိုင်းဇီ ရေးပြီး ဆိုခဲ့တဲ့ သီချင်းလေးတွေထက် တောင် နားဝင်ချိုသေးတယ်။ အော် မျက်စိကနေ ကြားပေလို့ပေါ့ဗျာ။ နားကနေများ မြင်ကြည့်ရရင် တော့ ဟေးဟေး။
နံနက်ခင်း ဂျာနယ်ထဲမှာပဲ မင်းသား ဟိန်းဝေယံတို့ နေတိုးတို့ ထွန်းထွန်းတို့ ကိုလည်း ဗယ်လင်တိုင်းဒေးနဲ့ ပတ်သက်ပြီး မေးပေးထားသေးပါတယ်ကျောင်းဒကာ။ အော် ဒီဘဲတွေ ဗယ်လင်တိုင်းဒေးကို ဘယ်လိုဖြတ်သလဲ ဆိုတာ ဘာအရေးကြီးသလဲဗျာ။ ဟိုကောင်လေး ပေါက်ဖေါ်တို့ မောင်ပေတို့ ကမ်းကြီး တို့ကလည်း ပြောထားတယ်ဗျ။ ဦးဘလက်တဲ့ မိန်းကလေးတွေ အကြောင်းပဲ စိတ်ဝင်စားတယ်တဲ့။ ယောက်ျားလေးတွေအကြောင်းရေးရင် ဦးဘလက်ကို မီးဒုတ်ပဲတဲ့။ ဟေးဟေး။ သူတို့လည်း ကြောက်ရသေးဟ။ သူတို့ ဂိုဏ်းချုပ် ဂီဂီကလည်း ကျားအကြောင်းတွေ သိတ်စိတ်ဝင်စားတာ မဟုတ်ဘူးရယ်။ အဲဒါကြောင့် ပြန်မရေးပြတော့ဘူးဗျာ။

ကောလဟလ တွေနဲ့ ဒေါပွနေတဲ့ သဉ္ဖာဝင့်ကျော် (ရွှေမြင်သာ ဂျာနယ်)

ဂီဂီ သိတ်….စိတ်ဝင်စားပါတယ်ဆိုတဲ့ သဉ္ဖာဝင့်ကျော်လေးတစ်ယောက် ကောလဟလတွေကို ဒေါပွနေရပါသတဲ့ ကျောင်းဒကာ။ ဂီဂီ ကြိုက်မယ်ဆိုလည်း ကြိုက်စရာလေးဗျ။ သင်ဇာလေး ပြောထားတာတွေကတော့ အများကြီးပဲဗျာ။ လိုအပ်တယ်ထင် တာလေး ရွေးထုတ်ပြလိုက်ပါ့မယ်။

ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ ခြစားမခံဘူး။ သင်ဇာချစ်သူရှိတယ်။ ရည်းဇားရှိတယ်လို့ တရားဝင်ဖြေခဲ့တယ်။ အချိန်တန်ရင်လက်ထပ်မယ်။ ဒါပေမယ့် နောက်ထပ်ဘယ်နှနှစ်မှာ လက်ထပ်မယ်ဆိုတာ တစ်ခါမှ အတိအကျ မဖြေခဲ့ဘူး။ ကိုယ့်ရဲ့အပျိုစင်ဘဝနဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုတော့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ လွယ်လွယ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူး

ခင်ဗျားတို့လည်း အင်တာနက်ထဲက ကောလဟလ တွေလျှောက်ဖတ်ပြီး ကလေးမလေးအကြောင်းလျှောက်ပြောမနေကြနဲ့ ဗျာ။ နှမသားချင်း စာနာကြမှပေါ့။
ခင်ဗျားတို့က တစ်စိတ်ဆို တစ်အိတ်လုပ်ချင်ကြပေတာကိုးဗျ။ သင်ဇာလေးပြောထားပြီနော်။ လွယ်လွယ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူးတဲ့။ စိတ်ပူမနေနဲ့တော့ ဂီဂီရေ။ အိပ်ပျော်အောင်အိပ်။ အော် မျက်စိကနေ ငါကြားတယ် လုပ်နေပြန်ပြီ။ အိပ်အိပ် ဝင်လေထွက်လေ လေး မှတ်အိပ်။

အပြာရောင်ချစ်တတ်ခြင်း၏ သမိုင်းအစ

အပြာရောင်သစ်ခွပွင့်၏ သမိုင်းအစ တဲ့…။ အလကားနေရင်း လွမ်းလုံးကြီးနေတတ်တဲ့ ကျွန်တော်… ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတစ်ပုဒ်နာမည်ကို လှမ်းလွမ်းနေတာပါ ကျောင်းဒကာ။
သိတ်မကြာသေးခင်ကပဲ မင်္ဂလာဆောင်ခဲ့ကြတဲ့ အဆိုတော် သဇင်တို့ ဇနီးမောင်နှံ ကို Good Health ဂျာနယ်က အင်တာဗျူးထားတာလေးကိုတော့ အပြာရောင် ချစ်တတ်ခြင်း၏ သမိုင်းအစ လို့ ခေါင်းစဉ်တတ်ပေးလိုက်ချင်တယ်ဗျာ။ စိတ်ဝင်စားသွားတယ်ဆိုရင် သဇင်နဲ့ အင်တာဗျူးထားတာလေး နည်းနည်းလေး ဖတ်ကြည့်ပေတော့။

မေး ။ ရင်သွေးယူဖို့ ဆုံးဖြတ်ပြီးပြီလား။ ဘယ်တော့လောက်ယူမှာလဲ။
ဖြေ။ မေမေတို့ကလည်း ကလေးယူဖို့တော့ ပြောနေကြတာပဲ။ သဇင်တို့ နှစ်ယောက်စလုံးကလည်း ကလေးချစ်တတ်ကြတယ်လေ။ ဒါကြောင့် မြန်မြန်ရရင်လည်း ယူဖို့ ဆုံးဖြတ်ထားကြတယ်။ ကလေးမရအောင် ကြိုတင်ကာကွယ်ထားတာမျိုး မရှိပါဘူး။

အော်ကွယ် သဇင်လေးရယ်။ ကြိုတင်မကာကွယ်ထားဘူးဆိုတော့ သဇင်လေးမှာ အချိန်မရွေး ကိုယ်ဝန်ရသွားနိုင်တာပေါ့…။
မတော် ကလေးရှိသွားမှဖြင့် ဟင်း…..(သက်ပြင်းရှည်ကြီးချသံ)။
တစ်လွဲမတွေးပါနဲ့ ကျောင်းဒကာ။
မိန်းကလေး ငယ်ငယ်ရွယ်ရွယ်လေးတွေ ကလေးတိုးလို့ တန်းလန်းနဲ့ မြင်ရရင် စိတ်မကောင်းဖြစ်တတ်လွန်းလို့ပါ။
အဲဒါကြောင့် ပြောတာ။
အပြာရောင် ချစ်တတ်ခြင်းရဲ့ သမိုင်းအစ ပါဆို။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာငြိမ်းကျော်ခင်ဗျား… မဆီမဆိုင် ဆွဲစိတဲ့ ဘလက်ချောကို ခွင့်လွှတ်ပေးပါခင်ဗျာ။

ကောင်းတဲ့ယောက်ျား ရှားသတဲ့လား

ဟေးဟေး ဝိုင်းစုခိုင်သိန်းလေးကတော့ ဝါးလုံးအရှည်ကြီး ဝယ်ပြီး ရမ်းထည့်လိုက်ပြီ ကျောင်းဒကာ။
အေးလေ သူ့ခင်ဗျာ ဂီဂီ တို့လို ချစ်တတ်သူကြီးတွေနဲ့ ဆုံမှ မဆုံခဲ့ရရှာတာကိုးနော…။
WOMEN’S WORLD ဆိုတဲ့ ဂျာနယ်ထဲမှာ ဝိုင်းဆုလေးနဲ့ အင်တာဗျူးထားတာလေး ဖတ်ကြည့်ရအောင်ဗျာ။
ဝိုင်းဆုရဲ့ ယနေ့ခေတ် အမျိုးသားတွေ အပေါ် အမြင် …။

အမျိုးသားတွေအပေါ် အမြင်ပြောရရင် အားလုံးကို တစ်သမတ်တည်းတော့ မှတ်ယူလို့ မရဘူးပေါ့လေ။ သမီးတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိတ်ဆွေတွေထဲမှာ မြင်ရသလောက်တော့ သူတို့တွေက လွတ်လွတ်လပ်လပ်နေချင်ကြတာ။ ချုပ်ခြယ်တာကို မကြိုက်ကြဘူး။ ချုပ်ခြယ်တဲ့ကြားက ပျက်စီးသွားတဲ့ သူတွေရှိသလို အလိုက်သင့်နေရင်း ပြုပြင်လို့ရတဲ့ သူတွေလည်း ရှိတယ်။ ဆိုးတဲ့ သူတွေလည်းရှိတယ်။ အလယ်အလတ်တွေလည်း ရှိတယ်။ ကောင်းတဲ့ ယောက်ျားတွေလည်း မြင်ဘူးပါတယ်။ အားလုံးသော ယောက်ျားတွေကို ခြုံကြည့်လိုက်ရင် “ကောင်းတဲ့ ယောက်ျားက တော်တော် ရှားပါတယ်”။ ချစ်တဲ့စိတ်နဲ့ လိုက်လျောပေးခဲ့တာတွေကိုတောင် အစိုးမိုးခံရသလိုမျိုး၊ ခုချိန်မှာ ပြန်စဉ်းစားမိရင် ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒီအင်တာဗျူးမှာ ဒီလို ဖြေခဲ့ရုံလေးနဲ့တော့ ဝိုင်းဆုလေးအပေါ် အပြစ်မမြင်ရက်ပါဘူး ကျောင်းဒကာ။ ကဲဝိုင်းဆုရေ။ တော်တော် ရှားပါတယ်ဆိုတဲ့ ကောင်းတဲ့ ယောက်ျားနဲ့ ဆုံတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ အဲဒီရှားပါတယ်ဆိုတဲ့ ယောက်ျားစာရင်းဝင်တဲ့ အစ်ကိုကြီးဘလက်ချော ကတော့ အိမ်ထောင်ကျပြီးသွားပြီဆိုတော့ စိတ်မကောင်းပါဘူးကွယ်။

မြန်မာပြည်ကိုလာမယ့် ရောဘတ်တိုဘက်ဂီယို

အီတာလျန် ဘောလုံးသမားကြီး ရောဘတ်တို ဘက်ဂီယိုကို မှတ်မိပါတယ်နော် ကျောင်းဒကာ။
သူ့ခေတ်တုန်းက ကမ္ဘာကျော် အဆိုတော် မက်ဒေါနားကတောင် ကလိတိတိ ရိတိတိ ရေလာမြောင်းပေးလုပ်ခဲ့ဘူးတဲ့ ဘောလုံးသမား တစ်ယောက်ပါ။
1994 ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ပင်နယ်တီလွဲခဲ့လို့ မြန်မာဘောလုံးပရိသတ်ရဲ့ မေတ္တာတွေ ကရုဏာတွေ စုပြုံရရှိခဲ့တဲ့ ဘောလုံးသမားကြီးပါ။ မြန်မာကြိုက်အရည်အချင်းတစ်ခုကတော့ ဘက်ဂီယိုကြီးဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်ဗျာ။ အဲဒီဘောလုံးသမားဟောင်းကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရောမကောင်စီမှ ချီးမြှင့်ထားသော Special Peace Award ကို ဘက်ဂီယိုကြီးက လက်ခံထိန်းသိမ်းထားခဲ့တာ ၄ နှစ်လောက်ရှိပြီဖြစ်ပြီး အခုအခါမှာတော့ ပိုင်ရှင်အမှန်လက်ထဲကို အရောက်ပို့ပေးတော့မယ်လို့ ဘက်ဂီယိုကြီးက ဆိုပါသတဲ့ဗျာ။ ကဲ ကျောင်းဒကာ အာရှက ဂျပန်ဘောလုံးသမား နာကာတာ လာတုန်းကတောင် သဲသဲလှုပ်ဖြစ်ခဲ့တဲ့ ခင်ဗျားတို့ မြန်မာတွေ ဒီ အီတာလျန်ကြီးများ အဟုတ်ရောက်လာလို့ကတော့ ဘာပြောကောင်းလိမ့်မလဲဗျာ။ ကျွန်တော့်အထင်မမှားဘူးဆိုရင် လေးဖြူကြီးတောင် ဘက်ဂီယိုကြီး ပရိသတ်ဖြစ်ခဲ့သေးလား မသိ။

ဒေါ်အောင်ဆန်းစုကြည် လာရောက်မှုနှင့်အတူ မန်းဘောလုံးကွင်း ပြန်လည်ပေါ်ပေါက် (မြနန္ဒာ ဂျာနယ်)

ဒါကတော့ မန်းသတင်းလေး တစ်ပုဒ်ပါ။ မူရင်းသတင်းလေး ဖတ်ကြည့်ရအောင်ဗျာ။

မန္တလေးမြို့ ၅၀x၅၁ လမ်းကြား၊ အောင်ဇေယျလမ်းနဲ့ အောင်ဆန်းလမ်း၊ လမ်းနှစ်သွယ်ကြားမှာရှိတဲ့ အရင်က အခေါ်အဝေါ်အရ နွားခြံလို့ခေါ်တဲ့ ကွင်းကြီးဟာ အခုဆိုရင် ဘောလုံးကွင်းကြီးအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခဲ့တယ်လို့ သိရှိရပါတယ်။

ကလေးတွေ ဘောလုံးကစားဖို့ နေရာ ရှားပါးနေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်လာလိုက်တဲ့အတွက် ဒီလို ဘောလုံးကွင်းတစ်ခု ပေါ်လာတယ်ဆိုလို့ ဝမ်းသာရပါတယ်။

နွေဦးရဲ့ လှပ လွတ်လပ်မှု ရှုခင်းတွေကို ခံစားရင်း အကြော်ကောင်းကောင်း စားချင်ပါသလား (မြနန္ဒာ ဂျာနယ်)

ကဲ ကိုပေါက်ကြီးတို့ ကိုစိန်သော့ကြီးတို့ ရွှေမင်းသားလေးတို့ သူကြီးအတွက် အကြော်စုံ ဓါတ်ပုံလေးတွေရိုက်ဖို့ ရန်ကုန်က နေ ဆိုင်လေးတစ်ဆိုင် လမ်းညွှန်ပေးမလို့ဗျို့။ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ ဖတ်ကြည့်ကြဗျ။

ယခုလို နွေဦးပေါက်ရာသီမှာ လွတ်လပ်မှုအပြည့်နဲ့ လှပသာယာတဲ့ လယ်ကွင်းလယ်ကွက် ရှုခင်းတွေရယ်၊ ဧရာဝတီမြစ်ကြီးရယ်၊ စစ်ကိုင်းတောင်တန်းရယ် ဒီလို ရှုခင်းတွေကို တဝကြီး ခံစားကြည့်ရှုပြီး အကြော်ကိုလည်း တွဲဖက်စားသုံးချင်တယ်ဆိုရင် ရှမ်းလေးကျွန်းအလွန် စစ်ကိုင်း-မန္တလေး အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ ရွှေဗဟို အကြော်ဆိုင် ကို လမ်းညွှန်လိုက်ပါတယ်။
အဲဒီအကြော်ဆိုင်လေးမှာ အာလူးကြော်၊ ပြောင်းဖူးကြော်၊ ဘူးသီးကြော်၊ အရွက်စုံကြော်၊ ငါးကြော်၊ ပုဇွန်ထုပ်ကြော်နဲ့ ထမင်းဆီစမ်းအပြင် အအေးမျိုးစုံကိုပါ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ဗိုက်ဖြည့်ချင်သူတွေအတွက် အကြော်နဲ့ ထမင်းကို တပါတည်း တွဲဖက်စားသုံးနိုင်ပြီး ထမင်းဆီဆမ်းတစ်ပွဲကို ငွေကျပ်သုံးရာနဲ့ ရနိုင်တဲ့ အပြင် နွားနို့ကိုပါ တစ်ခွက်ငါးရာ နှုန်းနဲ့ မှာယူသောက်သုံးနိုင်ပါတယ်။
ဆိုင်နေရာ ရှုခင်းမှာ လမ်းတစ်ဖက်တစ်ချက်စီရဲ့ သစ်ပင်ရိပ်အောက်မှာ ထန်းလက်ခုံလေးတွေ၊ ဝါးစားပွဲလေးတွေ၊ ခင်းကျင်းပေးထားတာကြောင့် မြန်မာ့သဘာဝအလှနဲ့ ကျေးလက်ဆိုင်အပြင်အဆင်ကို ခံစားချင်သူတွေအတွက် စိတ်ကျေနပ်ဖွယ်ကောင်းလှတဲ့ နေရာဖြစ်ပါကြောင်း …။

ဓါတ်ပုံကောင်းကောင်းလေးတွေ ရလာရင်လည်း လမ်းညွှန်ပေးတဲ့လူကို ခရက်ဒစ်လေးတော့ ပေးကြဦးနော်။ မပေးရင်တော့ နောက်တစ်ခါ မန္တလေးက နေရာကောင်းကောင်းလေးတွေ လမ်းညွှန်မပေးတော့ဘူးဗျာ။

မြန်မာ့ရိုးရာ စောင်းပညာကို အခမဲ့ သင်ပေးတဲ့ နေရာ (မြနန္ဒာ ဂျာနယ်)

မန္တလေးကတော့ လုပ်လိုက်ရင် အစမ်းကြီးပဲဗျို့။ ကဲ တန်ဘိုးရှိတဲ့ သတင်းလေးမို့ မူရင်းကို ဖတ်ဗျာ။

မန္တလေးမြို့မှာ မြန်မာ့ရိုးရာ စောင်းပညာ သင်ချင်တယ်ဆိုရင် ၇၅ လမ်း၊ ၂ရလမ်း x ၂၈ လမ်းကြား၊ မှာရှိတဲ့ စောင်းဆရာကြီး အင်းလေး ဦးမြင့်မောင်ရဲ့ ဇနီး ဒေါ်ခင်မေကိုယ်တိုင် မြန်မာ့ရိုးရာစောင်းပညာကို အခြေခံကစပြီး တတ်ကျွမ်းတဲ့အထိ အခမဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ သင်တန်းချိန်တွေကို သတ်မှတ်ပေးထားပြီး အချိန်အကန့်အသတ်နဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။ မြန်မာ့ရိုးရာစောင်းပညာကို ဖြန့်ဝေတဲ့ အနေနဲ့ ဖွင့်ထားတဲ့ အခမဲ့သင်တန်းလေးဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားမရွေး မြန်မာ့ရိုးရာ စောင်းပညာရဲ့ တစ်ဝက်ဖြစ်တဲ့ ကြိုးညှိနည်းက အစ အကုန်သင်ပေးမှာဖြစ်တဲ့သင်တန်းလေး ဖြစ်ပါတယ်။ notes နဲ့လည်း သင်ပေးပါတယ်။

ကဲ မန္တလေး မြို့နေ မြန်မာ့ရိုးရာဂီတကို ချစ်မြတ်နိုးကြတဲ့ မန်းသူမန်းသားတွေ ဝါသနာပါရင် အလွယ်တကူ သင်ယူနိုင်အောင် သင်တန်းသတင်းလေး ပေးလိုက်ပါတယ်ခင်ဗျာ။

အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြားရှိ ရွှေတိဂုံဘုရားလမ်းပိုင်း နှစ်လမ်းသွားဖြစ်ပြီ (ရွှေမြင်သာ ဂျာနယ်)

ရန်ကုန်မှာ ကားမောင်းနေကြတဲ့ ရွာသူရွာသားတွေ သိထားရမယ့်သတင်းလေးပါ။ မင်္ဂလာ ရုပ်ရှင်ရုံရှိတဲ့ ဘလောက်ဟာ အရင်က တစ်လမ်းမောင်းစံနစ်ဖြစ်ပြီး အခု ဖေဖေါ်ဝါရီ ၃ ရက်ကစလို့ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်တဲ့ဗျာ။

မိုဘိုင်းဖုန်းခေါ်ဆိုမှုများ ညပိုင်းခေါ်ဆိုမှုအတွက် ဈေးနှုန်းတစ်ဝက်လျှော့ချပေးမည် (Messenger)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ဉာဏ်မမီတော့ပါဘူး ကျောင်းဒကာ။ ဘယ်နှယ့် ဖုန်းတွေကို အင်တာနက် ခွင့်ပြုမယ်ဆိုလည်း အကုန်ခွင့်ပြုပေါ့ဗျာ။ အခုတော့ ဟိုဖုန်းအမျိုးအစားကတော့ အင်တာနက်ဖွင့်လို့ရတယ်။ ဒီဖုန်းအမျိုးအစားကတော့ အင်တာနက်ဖွင့်လို့မရဘူး။ ဆယ့်ငါးသိန်းနဲ့ ဝယ်သုံးခဲ့ရတဲ့ GSM တွေခဗျာ အခွင့်အရေးတန်းတူ မရတဲ့အပြင် အသားလွတ်အနှိမ်ခံနေရသလိုဖြစ်နေတော့ ဆက်သွယ်ရေးလုပ်ငန်းက လူကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေမေးသလို (လူကြီးလူကောင်းဆန်ဆန်ပေါ့ဗျာ) ပြောရရင်တော့ ခင်ဗျားတို့ လုပ်နေကိုင်နေ ကြတာတွေကို ကျွန်တော် ဘယ်လိုမှ ဉာဏ်မမီပါကြောင်းနဲ့ ခင်ဗျားတို့ ကိုလည်း သိတ်အစာမကြေဘူးဆိုတာလေး ဒီနေရာကနေ ပြောလိုက်ချင်ပါတယ်။ သူရဦးရွှေမန်းကြီးက သတ္တိရှိကြပါတဲ့။ သတ္တိမရှိတာဟာ အဂတိလိုက်စားတာပါပဲတဲ့ ပြောလို့ သတ္တိလေးနည်းနည်းမွေးပြီး ပြောလိုက်ပါပြီဗျာ။ နောက်တစ်ခု မိုဘိုင်းဖုန်းတွေရဲ့ ညပိုင်းခေါ်ဆိုမှုတွေအတွက် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်းတစ်ဝက်လျှော့ချပေးမည် ဆိုတဲ့ သတင်းကိုလည်း နည်းနည်းလေး ဖီလင်ဖြစ်မိပါတယ်။
“ညပိုင်းကျတော့ အလုပ်ကိစ္စဆက်ဖို့ အဆင်မပြေဘူး။ သာမန် သမီးရည်းစား personal ကိစ္စတွေအတွက် ဆက်ဖို့တော့ အဆင်ပြေတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကောင်းပါတယ်” ဟု ခရီးသွားလမ်းညွှန်တစ်ဦးက ပြောသည်။
အယ်လ်ခွန်းရီ ရဲ့ ချစ်သူတွေရဲ့ တယ်လီဖုန်း သီချင်းလေးကိုတောင် စာသားပြောင်းရေးရမလိုဖြစ်နေပြီ ကျောင်းဒကာရေ။
ကြင်နာသူတွေ စကားပြောတဲ့အခါ ဈေးနှုန်းသက်သာတယ်
ညဘက်ကျရင် ဖုန်းဆက်တတ်တာ သိတ်အဆင်ပြေပါတယ်
ညရောက်ရင် ကိုကိုရေ ဖုန်းလေး ဆက်ပေါ့နော်
နေ့ဘက်ဆို ကိုကိုရေ ဖုန်း မဆက်နဲ့တော့နော်
ရေးဝိုးရေး…..

လှိုင်သာယာ ဆပ်ပြာစက်ရုံတွင် အလုပ်သမားများ မတော်တဆ အဖြစ်များ (Messenger)

စိုးရိမ်ပူပန်စရာသတင်းလေးတစ်ပုဒ်ပါ ကျောင်းဒကာ။ ဖတ်ကြည့်ပါ။

လှိုင်သာယာစက်မှုဇုန်မှ နာမည်ကြီး ဆပ်ပြာနှင့် ခေါင်းလျှော်ရည် သွားတိုက်ဆေးများထုတ်လုပ်လျက်ရှိသော စက်ရုံကြီးတစ်ရုံတွင် မတော်တဆမှုဖြင့် အလုပ်သမားဝန်ထမ်းများ လက်ပြတ်မှုများပြားလာကြောင်း ကိုယ်တွေ့ကြုံခဲ့သူများ နှင့် ယင်းအလုပ်သမားများနှင့် နီးစပ်သောအသိုင်းအဝန်းက ပြောသည်။
“ကျွန်မအပါအဝင် လက်ပြတ်တဲ့ အလုပ်သမားသုံးယောက်လောက် ရှိနေတယ်။ အရင်ကလည်း ဖြစ်ခဲ့ဘူးကြတယ်လို့ ပြောကြတယ်။ စက်ရုံမှာ ဓါတ်လိုက်သေတာ၊ ဖယ်ရီကားမှောက်လို့ ထိခိုက်ဒါဏ်ရာရတဲ့ သူတွေလည်း ရှိကြတယ်”
ဟု မဖူးပွင့်ဝေ (အမည်လွှဲ) က ပြောပြသည်။ လက်ပြတ်တောက်မှုမှာ လက်ခလယ် လက်ချောင်း၏ ထိပ်ပိုင်းလက်ဆစ်များတွင် ပြတ်တောက်မှုအများဆုံးဖြစ်ပွားပြီး သွားတိုက်ဆေး (Tube) ဘူးများအား ပါကင်ပိတ်သောစက် ကိရိယာအတွင်း လက်ချောင်းများမတော်တဆ ညပ်ပါသွားရာမှာ လက်ချောင်းများ ပြတ်တောက်ခြင်းဖြစ်ကြောင်း စက်ရုံဝန်ထမ်းတချို့က ပြောသည်။
“ပြတ်တဲ့လူ အကုန်လုံးက လက်ခလယ်တွေမှာပဲ ဖြစ်တာ။ သွားတိုက်ဆေးဗူးနောက်ပိတ်ကို လက်ညှိုးနဲ့ လက်ခလယ် ညှပ်ပြီး စက်ထဲကို မြန်မြန်ထည့်ရတာ။ အဲဒီဌာနမှာပဲ ဖြစ်ကြတာ။ လက်ဆစ်ပြတ်တော့ စက်ရုံကဆေးကုပေးတယ်။ အလုပ်မဆင်းနိုင်လည်း တစ်နေ့တစ်ထောင်ပေးတယ်” ဟု မဖူးပွင့်ဝေ က ဆိုသည်။

တော်တော် စိတ်ပျက်စရာကောင်းတဲ့ သတင်းပါ ကျောင်းဒကာ။ ဘယ့်နှယ့် မကြာခဏ လက်ချောင်းတွေပြတ်နေတယ်ဆိုကတည်းက အန္တရာယ်အလွန်များနေတယ်ဆိုတာ သိသာနေပါပြီ။ အလုပ်ရှင်တွေကရာ ဝန်ထမ်းတွေ လုံခြုံမှုရှိမယ့် စက်တွေ အသုံးပြုကြဖို့ မကြံစည်ကြတော့ဘူးတဲ့လား။ လက်ပြတ်သွားရှာတဲ့ ကလေးတွေကရောတဲ့။ ထိုက်တန်တဲ့ လျော်ကြးရကြရှာရဲ့လား။ တွေးကြည့်လိုက်ရင် ရင်မောစရာကြီးပါဗျာ။ ကဲ ဒီစာကို တာဝန်ရှိသူ တစ်ယောက်ယောက်များဖတ်မိရင် အလုပ်သမားတွေရဲ့ လက်ချောင်းလေးတွေ လုံခြုံရေးအတွက် နည်းနည်းတော့ ကြည့်ပေးကြပါဦးလို့ ဒီနေရာက တောင်းဆိုပါရစေခင်ဗျာ။

နှစ်ပေါင်း ၂၃ နှစ်ကြာမှ ပထမဆုံးအကြိမ် သင်္ကြန်သံချပ် ကားများအား ပြန်လည်ခွင့်ပြု (Messenger)

၁၉၈၈ နောက်ပိုင်း ပိတ်ပင်ခဲ့တဲ့ သင်္ကြန်သံချပ်ကားတွေကို ပြန်လည်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်ကျောင်းဒကာ။
သင်္ကြန်သံချပ်ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးများကို အနုပညာသမားများက အပြုသဘောဖြင့် ဝေဖန်သည့် သီချင်းများဖြစ်ကြောင်းသိရသည်။
လာမည့် မြန်မာ့ရိုးရာ သင်္ကြန်တွင် သံချပ်များ စိစစ်ရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဒို့တာဝန်အရေး ၃ ပါးကို မထိပါးစေဘဲ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူလူထု၏ စိတ်ပျော်ရွှင်မှုရရှိစေရန် အခြေခံ၍ စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကဲ ကျောင်းဒကာ။ ဗေလုဝကြီးတို့၊ ကိုကုသိုလ်ကြီးတို့၊ ကိုမေတ္တာကြီးတို့ ရဲ့ သင်္ကြန်သံချပ်တွေ နားဆင်ဖို့သာ ပြင်ထားပေတော့ဗျာ။

ဝယ်ပြီး ပြည်တွင်း လေယာဉ်လက်မှတ်များ လေဆိပ်တွင် ငွေထပ်ကောက် (Voice)

မူရင်း ဂျာနယ်ပါ သတင်းလေးက ဒီလိုဗျ။
အများပြည်သူသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ပြည်တွင်း လေကြောင်း လေယဉ်လက်မှတ်များ ရုတ်တရက်ဈေးပြောင်းသွားကာ လေယဉ်လက်မှတ်ဝယ်ပြီးသူများကို လေဆိပ်တွင် ငွေထပ်မံကောက်ခံမှု ကြုံတွေ့နေရကြောင်း အဲမန္တလေး လေကြောင်းလိုင်းဖြင့် မတ်လ ၁ ရက်နေ့ ရန်ကုန်-ညောင်ဦး ခရီးလိုက်ပါခဲ့သူ ခရီးသည်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ကောင်းဗျာ။ ကိုလံဘတ် လေယဉ်လက်မှတ် အရောင်းလုပ်ငန်းထံမှ လေယဉ်လက်မှတ် ဝယ်ပြီးစီးတာတောင် လေဆိပ်ရောက်မှ ဈေးနှုန်းပြောင်းလဲသွားလို့ ဆိုပြီး ကျပ် ၁၂၀၀ဝ ထပ်မံတောင်းခံခဲ့ပါသတဲ့။ ပိုက်ဆံအပိုမပါတဲ့ ခရီးသည် ဆို ဘယ်လိုလုပ်ကြမလဲ ကွယ်တို့။ ကြည့်လည်းလုပ်ကြပါဗျာ။
မြန်မာ့လေကြောင်းသို့ လေကြောင်းလိုင်းတွေက လေယဉ်ဆီဘိုးပေးချေရာမှာ တစ်ဒေါ်လာ လျှင် ၆ ကျပ်နှုန်း တွက်ချက်ပေးချေနေရာမှ မကြာမီ တစ်ဒေါ်လာလျှင် ကျပ် ၈၀ဝ ပတ်ဝန်းကျင် နှုန်းထားတစ်ရပ်သို့ ပြောင်းလဲရန်ရှိလို့ ဖြစ်ပါတယ်တဲ့။
ကိုလင်းဝေကြီးတို့လို လေယဉ်ကြီးစီးပြီး ခန့်ခန့်ကြီး ခရီးသွားတတ်တဲ့လူကြီးတွေ သတိထားဗျို့။ လေဆိပ်ရောက်မှ ပိုက်ဆံထပ်တောင်းနေရင် ပေးဘို့လည်း အပိုငွေလေးလည်း ဆောင်ထားကြဦး။

သတ္တိမရှိခြင်းသည် အဂတိလိုက်စားခြင်း ဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား (Express Time)

အော် နေရင်းထိုင်ရင်း သူရဦးရွှေမန်းကြီးပြောလိုက်မှ ခင်ဗျားတို့ ကျုပ်တို့ တတွေလည်း အဂတိလိုက်စားတဲ့ လူ တွေ ဖြစ်ရပြန်ပါပြီ ။ ပြောရက် ဆိုရက် ရှိလိုက်တာ ကျောင်းဒကာရယ်။
သူ့အပြောလေး နည်းနည်း ဖတ်ကြည့်ဗျ။

သတ္တိမရှိတာဟာလည်း အဂတိတရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကို ဒုက္ခရောက်မှာ ကြောက်တယ်ဆိုတာကလည်း ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ်

အော် သတ္တိရှိလို့ ပြောရဲဆိုရဲ ရှိပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကျတော့လည်း … မိန်းမတောင်ယူဖို့ အချိန်မရကြရှာပါဘူး။ ကဲ ကျောင်းဒကာ။ ကိုယ့် ထမင်းကိုယ်စား ပြီးတော့ နေရင်းထိုင်ရင်း အဂတိ လိုက်စားသူကြီးတွေ မဖြစ်အောင် နေကြဗျာ။ ပြောရဲ ဆိုရဲ ရှိအောင် သတ္တိလေးလည်း နည်းနည်း မွေးဗျ။ မတော် အဂတိလိုက်စားသူတွေ ဖမ်းမယ်ဆိုတော့မှ ကျွန်တော်မပါပါဘူး မလုပ်နဲ့… ဟင်းဟင်း။

ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း (Messenger)

ကဲ ကျောင်းဒကာ။ ဒီတစ်ပတ် ဦးအောင်သိန်းလင်းနဲ့ အင်တာဗျူးထားတာလေးတွေ့လို့ ခင်ဗျားစိတ်ဝင်စားမယ့်မေးခွန်းလေးတွေနဲ့ အဖြေလေးတွေ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။ မူရင်းအင်တာဗျူးက တော်တော်ရှည်ပါတယ်။ ဒီထဲမှာတော့ စိတ်ဝင်စားမယ်ထင်တာလေးတွေပဲ ထုတ်နှုတ်ပေးထားတာပါ။

မေး။ ငါးထောင်တန်ဖုန်း ကိစ္စ လွှတ်တော်ထဲ လွှတ်တော်ထဲတင်မယ်ဆိုတာ ဘာကြောင့်ပါလဲ။
ဖြေ။ ငါးသိန်းဖုန်းက များနေသေးတာကိုး။ များနေတဲ့ အခါကျတော့ ဈေးသက်သက်သာသာနဲ့ သုံးလို့ရမယ်ဆိုရင် ဖုန်းသုံးချင်တဲ့သူတွေ အဆင်ပြေသွားမယ်။ အခုနောက်ထပ် ဒီလို ဟန်းဖုန်းလိုတဲ့လူတွေ သုံးချင်တဲ့လူတွေ ကိုင်ချင်တဲ့လူတွေ ငှားကိုင်နေတဲ့လူတွေ အများကြီးရှိသေးတယ်။ ဒါ သူတို့တွေက ဘာကြောင့်သုံးချင်သားနဲ့ မသုံးနိုင်ရတာလဲ။ ငှားပြီးသုံးနေရတာလဲ မေးဖို့ လိုသေးတယ်ပေါ့နော်။ ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုရင် ဖုန်းသုံးချင်တဲ့လူတွေ ပြည်သူလူထုရဲ့ ဆန္ဒပြည့်ဝမှာပေါ့ဗျာ။ အခုနောက်ဆုံးရောင်းတာ ငါးသိန်းတန်ဖုန်းပေါ့။ အဲဒီထက်သက်သာတဲ့ ဖုန်းတွေများ ရှိရင်၊ အဲဒီထက်သက်သာတဲ့ ဖုန်းတွေများလုပ်လို့ရရင် လုပ်ပေးပါလို့ ကျွန်တော့်အနေနဲ့ တောင်းဆိုမှာပါ။ ဘာမှ ပုဂ္ဂလဓိဌာန် မဆန်ဘူး။ ကျွန်တော်တို့က ပုဂ္ဂလဓိဌာန် ဆန်လို့မရဘူး။

နောက်မေးခွန်းလေး တစ်ခုဆက်ကြရအောင်ပါ။

မေး။ ကွန်ကရစ်လမ်းတွေကို ပြည်ခိုင်ဖြိုးပါတီက တစ်ဝက်တစ်ပျက်ပဲ ခင်းပေးတာကျတော့ရော
ဖြေ။ ။ ကွန်ကရစ်လမ်းတွေခင်းတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ကျွန်တော်တို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ မျှတပြီးတော့ပေးရတယ်။ ပေးတဲ့ အခါမှာ သူလည်းလိုချင်တယ်။ ကိုယ်လည်းလိုချင်တယ်။ လိုချင်တဲ့လူ များတဲ့အခါကျတော့ သူ့တော့ပေးပြီးတော့ သူ့တော့မပေးဘူး။ ဘယ်ဖြစ်မလဲ။ အားလုံးကိုမျှပြီးတော့ပေးလိုက်တယ်။ အားလုံးကိုမျှပေးလိုက်တဲ့အတွက် တစ်ခါပေးရင် နည်းနည်းစီပဲပေးတယ်။ နည်းနည်းစီပဲပေးတော့ နည်းနည်းခြင်းပဲ တိုးနေရတယ်။ တိုးနေရတော့ အခုလောလောဆယ်မှာတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲဥပဒေအရ ကျွန်တော်တို့က လုပ်လို့မရဘူးပေါ့ဗျာ။ မဲဆွယ်စည်းရုံးရေးကာလမှာ အဲဒါတွေလုပ်လို့မရတဲ့အတွက် ရပ်ထားရတယ်။ ဒါတွေပြီးရင်တော့ ဒီလိုပဲ တဖြည်းဖြည်းချင်း ဖြန့်ပြီးတော့မှ လုပ်သွားမှာပါ။ ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် တစ်ခုခုလုပ်ရင်းနဲ့ တိုးတက်သွားတာ တစ်နေ့နေ့ကျလို့ရှိရင် ကိုယ့်ရဲ့ ရည်မှန်းချက်ရောက်မှာပေါ့။ ရွာတွေမှာ ကွန်ကရစ်လမ်းခင်းဖို့ဆိုတာက ကျွန်တော်တို့ ပါတီတစ်ခုပဲ ကြိုးစားပြီးတော့ စေတနာအရင်းခံပြီးလုပ်နေတာနော်။ ပြီးတော့ မြို့ကလူတွေထက်စာရင် တောရွာကလူတွေအတွက် လမ်းကပိုလိုတယ်။
မြို့ကလူတွေက ကားနဲ့လည်း သွားနိုင်တယ်။ တစ်နေရာကနေ တစ်နေရာကို ကားနဲ့သွားသွား၊ ခြေကျင်သွားသွား ရာသီဥတုသုံးပါးစလုံးသွားလို့ရတယ်။ နောက်တစ်ခါ ကွန်ကရစ်လမ်း အပြီးလုပ်လိုက်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ သူတို့အတွက်ပြည့်စုံသွားတာပေါ့။ ပြီးတော့ဆို ဂဝံလမ်းလုပ်လိုက်၊ ကျောက်ချောလမ်းလုပ်လိုက် ကြာလည်းကြာတယ်။ ပိုက်ဆံလည်းကုန်တယ်။ အခုလို မိုးတွင်းတစ်တွင်းနှပ်ပြီးတော့မှ မြေအသားသေသွားလို့ရှိရင် ကွန်ကရစ်လမ်းခင်းတာပေါ့။ အခုတော့ ကျွန်တော်တို့ သိထားတာက လုပ်ရမယ့်လမ်းတွေများတဲ့အတွက် အလုပ်ဖြစ်ရုံပဲ လုပ်မှာပေါ့နော်။ ပြီးတော့မှသာ တဖြည်းဖြည်းအပြည့်ဖြစ်သွားမှာပေါ့။

နောက်ဆုံး အရေးကြီးတဲ့ အမေးအဖြေလေးတစ်ခုကို ရွေးထုတ်ပြချင်ပါတယ်ဗျာ။

မေး။ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်တဲ့ ရေ၊ မီး၊ လမ်းတွေဟာ ပါတီရန်ပုံငွေထဲက ဆောင်ရွက်တာမဟုတ်ဘူးလို့ ဝေဖန်သံတွေ ထွက်နေတယ်။
ဖြေ။ ။ အဲဒါကတော့ သာမာန်အားဖြင့် ဒီရန်ပုံငွေတွေဟာ ပြည်သူလူထု ရန်ပုံငွေတွေ ဖြစ်တယ်။ နောက်ပြည်သူလူထုက အခွန်တုပ်တာတို့၊ နောက်ဝန်ဆောင်မှုလုပ်လို့ရတဲ့ ငွေတွေရှိတယ်။ အခွန်ကောက်လို့ရတဲ့ ငွေတွေရှိတယ်။ အဲဒီငွေတွေနဲ့ ပြည်သူလူထုလိုအပ်တဲ့ လမ်းတို့၊ ရေတို့ လုပ်ပေးတာပဲလေ။ သူတို့လိုအပ်တဲ့ဟာ လုပ်ပေးတာပေါ့။ ကောင်းပြီ လုပ်ပေးတော့ ဘာလို့ ပြည်ခိုင်ဖြိုးက ဆိုင်းဘုတ်တပ်သလဲ။ နာမည်ခံသလဲလို့ မေးကြတယ်။ အဲဒီတော့ ဆိုင်းဘုတ်တင်တာက လုပ်ကတည်းက ပိုက်ဆံအကုန်သက်သာအောင်လို့ ငွေကြေးကို ပစ္စည်းအတွက်ပဲ သုံးတယ်။ လုပ်အားခအတွက် မသုံးဘူး။ အဲဒီ ပိုလာတဲ့လုပ်အားခတွေ စုပြီးတော့မှ နောက်ထပ်လမ်းဖြစ်အောင်လုပ်တယ်။ အဲဒီတော့ အဲဒီလို လုပ်အားခတွေကို ပါတီဝင်တွေကို လုပ်ခိုင်းပြီးတော့ ပိုလာတဲ့ လုပ်အားခတွေကို လမ်းများများရအောင်သုံးတာပေါ့ဗျာ။ သာမန်အားဖြင့်တော့ သူ့ပစ္စည်းနဲ့ ထိုက်သင့်တဲ့ လုပ်အားခနဲ့ ငှားပြီးတော့ လုပ်လိုက်လို့ရှိရင် လမ်းတစ်လမ်းရမယ်ဆိုပါတော့။ အဲဒီလမ်းကို ပါတီဝင်တွေလိုက်လုပ်ကြတယ်။ လုပ်အားခတွေမပေးရတော့ဘူး။ အဲဒီတော့ အဲဒီလိုပဲ နှစ်လမ်းလောက်လုပ်လိုက်လို့ရှိရင် အဲဒီနှစ်လမ်းလောက်လုပ်လိုက်လို့ ထွက်လာတဲ့လုပ်အားခတွေနဲ့ နောက်ထပ်လမ်းလုပ်လို့ရတယ်။ အဲဒီတော့ အဲဒီပါတီဝင်လမ်းသူလမ်းသားတွေက သူတို့လုပ်အားနဲ့လုပ်ရတာကို ဂုဏ်ယူတဲ့အနေနဲ့ သူတို့ဘာသာသူတို့ ဆိုင်းဘုတ်လေးတပ်လိုက်တယ်။ ကျွန်တော်တို့က ပထမတော့ ဘာလုပ်တာလဲလို့ ကြည့်သေးတယ်။ ကျွန်တော်တို့ တပ်ပါရစေ။ ကျွန်တော်တို့လုပ်အားနဲ့လုပ်ရတာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် တပ်ပါရစေဆိုတော့ တပ်ကြတယ်။ အဲဒီတော့ လမ်းသူလမ်းသားတွေနဲ့ ပါတီဝင်တွေဝိုင်းလုပ်တဲ့ လမ်းဖြစ်တာကြောင့် လမ်းသူလမ်းသားတွေရဲ့ ဆန္ဒ၊ အများဆန္ဒနဲ့ တင်တာဖြစ်တယ်။ လမ်းတွေလုပ်ရမှာက ကျွန်တော့်တာဝန်ပဲလေ။ နောက်ပြည်သူလူထုရဲ့ ငွေနဲ့ ပြည်သူလူထုအတွက် လမ်းလုပ်ပေးတာပဲဗျာ။

ဒီရက်ပိုင်း ကျွန်တော် နေပြည်တော်ကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ရိုက်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ။

နေပြည်တော် လမ်းဘေး နေပူပူထဲက အညတြ ရုပ်ပွားတော်လေး တစ်ဆူ။
နေပြည်တော် လမ်းဘေးနားက အညတြ ရုပ်ပွားတော်။
နေပြည်တော်က ရွှေတိဂုံ ပုံတူ စေတီတော်။
ထုံးစံအတိုင်း ကျွန်တော်ကြိုက်တဲ့ မျက်ရိုင်းဖားဖားကြီးတွေ။
နေပြည်တော်သွား အမြန်လမ်းဘေး တစ်နေရာ။

51 comments

  • သူကြီးရေ
    မန်းလေးနန်းတော်နဲ့ကျုံးပုံပို့လိုက်ပြီနော်။
    ကြည့်ပေတော့ ။
    ဒီစာကို ခုမှဖတ်ဖြစ်လို့။
    မကြိုက်ရင်ပြော မန်းလေးကျုံးပုံက ပုံတစ်ရာကျော်လောက်ရှိတယ်

  • blackchaw

    March 13, 2012 at 1:43 pm

    @ Novy ;
    မည်သို့ပင်ဆိုစေကာမူ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။

    @ TinTin ;
    ချိုပေါ့ကျ ၅ မနက်ဖြန် လောက်ဆို တင်ဖို့ရည်ရွယ်ထားပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

    @ yaungchikha ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါခင်ဗျာ။

    @ king
    ကျေးဇူးပဲ ညီလေးရေ။

    @ Diamond Key ;
    ကိုသော့ရေ။ ချစ်လို့နောက်တာနော်။ စိတ်မဆိုးပါနဲ့။
    မန္တလေးကို မကြာမကြာရောက်ပါမယ်။
    😀 😀 😀

  • kaung kin pyar

    March 14, 2012 at 11:40 am

    နေပူတော်က စည်လားမေးတော့ ဘယ်လိုပြောရပါ့..။ ကောင်းကင်လဲ နေပူတော်ကို ရောက်နေပါတယ်။ ဒီမှာက ဆိုးတာ လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ တစ်နေရာကို သွားဖို့က ဆိုင်ကယ်ကယ်ရီလား၊ သူတို့ပြောတဲ့ တုတ်တုတ်(သုံးဘီးဆိုင်ကယ်)လား၊ ဟိုနားဒီနား မြင်းလှည်းရှိတယ်။ သွားလာရေးစရိတ်ကတော့ လူများရင် မထောင်းသာပေမယ့် လူနည်းမယ်ဆိုရင်တော့ သွားလာလည်ပတ်ရေးစရိတ်နဲ့တင် ဘဏ္ဍာရေး လိုငွေပြသွားနိုင်ပါတယ်။ ပြီးတော့ ဒီမှာ သိပ်ပြီး စနစ်မကျသေးပါ။ရောက်ရင် သတိထားကြည့်ပါ။ ဒီမှာရေမြောင်းတွေ သိပ်မရှိဘူး။ အရှင်မွေးတော့လဲ နေ့ချင်းကြီးပါတယ်။ ရေပန်းဥယျာဉ်၊ ဆာဖာရီကတော့ ဟုတ်လို့။ 3D ရုပ်ရှင်ရုံလဲ ရှိတယ်။ သူ့ဟာနဲ့သူတော့ ဟုတ်သလိုလိုပါပဲ…။

  • blackchaw

    March 14, 2012 at 3:55 pm

    @ kyeemite ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ ကိုကြီးမိုက်ရေ။ :mrgreen:

    @ intro ;
    တော်တော် ကြာကြာပျောက်နေတဲ့ လူတစ်ယောက်က
    ကွန်းမန့်ဝင်ပေးတဲ့အတွက် တကယ်ဂုဏ်ယူမိပါတယ် ကို အင်ထရိုရေ။
    ပို့စ်လေးတွေလည်း ဖတ်ချင်ပါသေးတယ်ဗျို့။
    ကွန်းမန့်လေးအတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်ဗျာ။ :mrgreen:

    @ Phaung Phaung ;
    အသာလုပ်ပါ။ ဘယ်နှယ့် လူကိုလာပြီး ရန်အောင်ကြီးဆီ တွန်းလွှတ်နေတယ်။
    :mrgreen:

    @ unclegyi1974 ;
    အန်ကယ်ကြီးရေ။
    အညတြ ရုပ်ပွားတော်လေး လို့ ခေါင်းစဉ်တတ်လိုက်တာ
    အဲဒီအတိုင်း တကယ်ဖီလင်ရလို့ပါ။
    ရောက်သွားတဲ့အချိန်က နေ့လယ် ၁၁ နာရီလောက်။
    နေပြည်တော်နေကလည်း ပူပါဘိသနဲ့။
    ရုပ်ပွားတော်လေးစံနေရရှာတာက အုတ်ခုံပျက်ကြီးပေါ်မှာ။
    နောက်ခံသစ်ပင်ကလည်း အရွက်ကမရှိ။
    ထီးဖြူမိုးပေးထားပုံကိုလည်း ကြည့်လိုက်ဦး… သစ်သားတန်းကို သစ်ပင်မှာ
    တွဲချည်လို့။
    အဲဒါတွေစုပြီး အညတြ ရုပ်ပွားတော်လေးလို့ ခေါင်းစည်းပေးလိုက်တာပါ။
    :mrgreen:

    @ kokothandar ;
    အင်တာဗျူးတွေက လူတွေရဲ့ အရည်အချင်းကို ပေါ်လွင်စေပါတယ်။
    ညံ့ရင်ညံ့သလို တော်ရင်တော်သလို ထင်ထင်ရှားရှားကြီး ဖြစ်စေပါတယ်ဗျာ။
    :mrgreen:

    @ koyinsithu ;
    ညီလေး ပျောက်လှချည့်လား။ ဖုန်းလေးဘာလေးဆက်ပါဦး။
    ကွန်းမန့်လေး ဝင်ပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ။ :mrgreen:

    @ kaung kin pyar ;
    ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။ :mrgreen:

Leave a Reply