အမျိုးသမီး (၄) ဦးအား KIA က အဓမ္မပြုကျင့်

ဘဲဥMarch 7, 20122min815

PDF | Print | E-mail

Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ ဖေဖော်ဝါရီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ်။ Monday, 13 February 2012 19:20

ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်အတွင်းရှိ တာလောကြီး ကျေးရွာမှ လူငယ်များအား ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA ၏ ဒေသခံ တပ်ဖွဲ့က စုဆောင်းရေး ခေါ်ယူသွားပြီး အမျိုးသမီး (၄) ဦးအား အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

ကျေးရွာအပြင်ဖက်ရှိ မုံညှင်းစိုက်ခင်းမှ ပြန်လာသည့် လူငယ် ၁၂ ဦးအား ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ယခုလ (၈) ရက်နေ့က အမျိုးသမီးများ ပြန်လည်လွတ်မြောက် လာခဲ့သည်ဟု ဒေသခံ ရွာသားတဦးက အခုလို ပြောသည်။

“မနက်မိုးလင်းတော့ မုံ့ညှင်း သွားနုတ်ကြတယ်။ ညနေ လေးခွဲ ငါးနာရီဆိုရင် အိမ်ပြန်ကြတာပေ့ါ။ အဲဒါ လမ်းမှာဆီးပြီးတော့ ဖမ်းသွားတယ်။ ရွာက (၁၂) ယောက်ပါသွားတယ်လေ။ အဲဒါ မိန်းခလေး (၄) ယောက်တော့ ပြန်လွတ်လာပြီ။ အဓမ္မ ပြုကျင့်ခံခဲ့ရတယ်လို့ ပြောတယ်။”

အသက် (၁၅) နှစ် အရွယ်ခန့် မိန်းခလေး နှစ်ဦးနှင့် အိမ်ထောင်သည် မိန်းကလေး နှစ်ဦးတို့ ဖြစ်ပြီး ၎င်းတို့အား တာလောကြီးကျေးရွာ တိုက်နယ် ဆေးရုံ၌ ကုသမှု ခံခဲ့ရသည်။ ယခုအခါ နေအိမ်ပြင်ပသို့ မထွက်ရဲကြကြောင်းနှင့် စိတ်ဖိစီးမှု ဝေဒနာ ခံစားနေပုံရကြောင်း ဆက်လက် ပြောဆိုသည်။

“သူတို့ အခန်းထဲမှာပဲ အောင်းနေကြတယ်။ ကြောင်တောင်တောင်လေးတွေနဲ့ ဘယ်ကိုမှလည်း မထွက် ကြတော့ဘူး။ အဲဒါ တခုခု ဖြစ်မှာစိုးလို့ သူတို့ကို စောင့်ကြည့်နေရတယ်။ ကြောက်လည်း အရမ်း ကြောက်နေကြပုံပဲ။”

ယင်းကိစ္စနှင့် ပတ်သက်၍ ဒေသတွင်း စုဆောင်းရေးဆွဲသည့် သတင်းများ ထွက်ပေါ်နေသည့် အပေါ်   တပ်ဖွဲ့က စီစစ်နေဆဲ ဖြစ်ကြောင်း KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က အခုလိုပြောသည်။

“စုဆောင်းရေးဆိုတာကတော့ တခါတလေမှာ အစိုးရတပ်က ဖမ်းမှာ စိုးလို့ရှိရင် အဲဒီလူတွေက၊ မိဘတွေကပေ့ါနော်။ KIO က အတင်းအဓမ္မ ခေါ်သွားတာပါဆိုပြီးမှ ထွက်ဆိုတတ်ပါတယ်။ ဒါ အရင်တုန်းက ဗီယက်နမ်တို့ ဘာတို့မှာလည်း ဖြစ်ခဲ့တာပါပဲ။ အဲဒီတော့ ဒီအခြေအနေ မှန်တွေ ကတော့ ကာယကံရှင်တွေက ပြောတဲ့ အပေါ်မှာလည်း အများကြီး မူတည်ပါတယ်ခင်ဗျ။ အဲဒီတော့ ကျနော်တို့လည်း စိစစ်နေတုန်းပါပဲ။”

ထို့အပြင် KIA တပ်ဖွဲ့ဝင်များက ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မ ပြုကျင့်သည့် ကိစ္စနှင့် ပတ်သက်၍လည်း “ကျနော်တို့လည်း အဲဒါအခု ရှေ့တန်းကို လှမ်းပြီးမှ စစ်နေတယ်ခင်ဗျ။ သတင်းတွေ ထွက်လာလို့လေ။ တခါတလေမှာ ရှေ့တန်းမှာ အဲလိုမျိုး ဖြစ်တတ်တာမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ ရဲဘော်တွေ မူးပြီိးတော့ ဖြစ်တာတို့ တခါတလေမှာ စိတ်လိုက် မာန်ပါ လုပ်တာတို့ အမှား အယွင်းတွေ ရှိတတ်ပါတယ်။ ကျနော်တို့လည်း  ဒါကို အခု စိစစ်နေတုန်းပါပဲခင်ဗျ။” ဟု ဆက်လက် ပြောဆိုသည်။

တပ်ဖွဲ့ဝင်များ အနေဖြင့် ယခုလို ပြစ်မှုမျိုး ကျူးလွန်ပါက KIA က ချမှတ်ထားသည့် စည်းကမ်းအတိုင်း အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး လောလောဆယ် ပြစ်မှု ကျူးလွန်ခြင်း ရှိမရှိကိုလည်း စစ်ဆေး နေဆဲ ဟုဆိုသည်။

ယခုကိစ္စအပေါ် ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့မှ တာဝန်ခံ မွန်းနေလီက မည်သည့် တပ်ဖွဲ့က ကျူးလွန်သည်ဖြစ်စေ အမျိုးသမီးများအပေါ် အကြမ်းဖက်သည့် လုပ်ရပ်မှန်သမျှကို ဆန့်ကျင် ကန့်ကွက်ကြောင်း အခုလို ပြောသည်။

“ကျမတို့ အမျိုးသမီးတွေကို အမျိုးသားတွေ တစုံတဦး ဘယ်သူပဲ ဖြစ်ဖြစ်ပေ့ါ အဲလိုမျိုး အဓမ္မ ပြုကျင့်တယ် ဆိုတာကိုတော့ ကျမတို့ အမျိုးသမီး အသင်းအနေနဲ့တော့ လုံးဝကို ရှုံ့ချတယ်ပေ့ါနော်။ (Against) လုပ်တယ်။ ဆန့်ကျင် ကန့်ကွက်တယ်။”  

ဒေသခံများ အနေဖြင့် KIA တပ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ပြန်လည် လွတ်မြောက်လာပါက အစိုးရတပ်ဖွဲ့၏ ခေါ်ယူ စစ်ဆေးမှုများ ခံကြရသလို မင်္ကာမှုဖြင့် ဖမ်းဆီးခံရသည့် ဖြစ်ရပ်များ ယခင်က ဖြစ်ပွားခဲ့သည့် အပေါ် ဘက်နှစ်ဘက်စလုံးကို ကြောက်ရွံ့နေရသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

အလားတူ ယခု တကြိမ်တွင်လည်း ကာယကံရှင်များအား အစိုးရစစ်တပ်မှ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ် လာနိုင်သလို KIA ဖက်မှ ရန်ပြုလာမည်ကိုလည်း ကြောက်ရွံ့နေသည့်အတွက် ဖြစ်ရပ်မှန်ကို ထုတ်ဖော် ပြောဆိုရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

အစိုးရနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ KIO တို့ (၈) လကျော် ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်တို့ (၆) ကြိမ်ထက်မနည်း တွေ့ဆုံ ဆွေးနွေးပြီး သော်လည်း တစုံတရာ သဘောတူညီမှု မရသေးပါ။

တိုက်ပွဲကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များ အပါအဝင် တရုတ်မြန်မာ နယ်စပ်ဒေသ များသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ပြေးဒုက္ခသည်ပေါင်း ခြောက်သောင်းခန့် ရှိပြီဟု လွန်ခဲ့သည့် လ (၁၇) ရက်နေ့ KIO ကထုတ်ပြန်သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

 

မှတ်ချက်  ။  ။    Network Media Group  မှကူးယူဖော်ပြပါသည်။

5 comments

  • ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ဗျာ…..မုဒိမ်းကောင်းကိုတော့ ဖော်ထုတ်ပေးကြပါ။
    ဖြစ်စေချင်တာက နအဖ ကစွပ်စွဲတာလား။KIA ကရောတကယ်လုပ်သလား။
    တိတိကျကျဆိုရင် ပိုနားလည်ရကောင်းတာပေါ့။

  • windtalker

    March 7, 2012 at 8:09 pm

    “တခါတလေမှာ ရှေ့တန်းမှာ အဲလိုမျိုး ဖြစ်တတ်တာမျိုးတွေလည်း ရှိတာပဲ။ အဲဒီတော့ ရဲဘော်တွေ မူးပြီိးတော့ ဖြစ်တာတို့ တခါတလေမှာ စိတ်လိုက် မာန်ပါ လုပ်တာတို့ အမှား အယွင်းတွေ ရှိတတ်ပါတယ်။ ကျနော်တို့လည်း ဒါကို အခု စိစစ်နေတုန်းပါပဲခင်ဗျ။”
    တခါတလေ တဲ့ ၊ ခွင့်လွှတ်ပေးရမယ့် ပုံစံနဲ ့ပြောနေသလိုပါလား

  • တော်ဒေးဒါပေါ့ …
    ခေါင်းစဉ်ကြီး ကြည့်ပြီး သများဖြင့် လန့်သွားတာပဲ …
    KIA ကို KAI ဆိုပြီး မြင်လိုက်မိလို့ …
    များတို့ သဂျီးများလားလို့ ……….
    😀

    • TITAN

      March 8, 2012 at 9:39 am

      ဟယ်… သများတို့ တဂျီးမင်းကိုတော့ ပြောပါဘူးဟယ် (ဖားတာ ဖားတာ) 😀

  • MTY

    March 8, 2012 at 1:19 pm

    ကမ္ဘာပေါ်မှာဖြစ်ခဲ့သမျှစစ်ပွဲကြီးများ၊စစ်ပွဲငယ်များ၊
    ပြည်တွင်းစစ်များ၊အမေရိကန်၊ရုရှား၊ဂျာမနီ၊ဂျပန်၊
    တရုတ်၊ဘယ်နိုင်ငံ၏စစ်တပ်မှအဓမ္မ ပြုကျင့်မှုနဲ့မကင်းခဲ့ကြပါ။
    ဘက်မလိုက်တမ်းပြောရရင်သေမထူးနေမထူးဇတ်ခင်းသလား
    ထင်ရပါသည်။

Leave a Reply