နွားဂဲကျေးရွာ…….

yaungchikhaMarch 8, 20125min51627

ကျနော် ငယ်ငယ်က နေခဲ့ဘူးတဲ့ အဖေတို့အမတွေရှိတဲ့ နွားဂဲရွာကို မန္တလေးခဏပြန်ရင်းနဲ့သွားဖြစ်ခဲ့ပါတယ်၊ မန္တလေးကနေ ရွာကိုသွားရင် မိနစ်သုံးဆယ်၊ လေးဆယ့်ငါးမိနစ်လောက်တော့ ဆိုင်ကယ်မောင်းရပါတယ်၊ မန္တလေး-ပြင်ဦးလွင်သွားတဲ့လမ်းပေါ်မှာရှိတဲ့ အုန်းချောကျေးရွာကနေ ရွှေစာရံဘုရားသွားတဲ့ လမ်းခွဲကနေသွားရတာပါ။ ရွှေစာရံဘုရားသွားတဲ့ လမ်းပေါ်မှာပဲ ရွာထိပ်မှာ နွားဂဲရွာဆိုတဲ့ ဆိုင်ဘုတ်ကလေးရှိပါတယ်၊ ကျနော်တို့ ငယ်ငယ်ကတော့ နားတောင်းကျချောင်းက ရေတွေက မိုးရာသီမှာ ရေတက်ချိန်ရောက်ရင် ရွှေစာရံဘုရားနားကရွာတွေရော၊ အနီးနားတဝိုက်က ရွာတွေပါ ရေဘေးဒုက္ခခံကြရပါတယ်၊ အခုတော့ ရေကြီးတာမရှိတော့ပါဘူး၊ ကျနော်တို့ ငယ်ငယ်ကတော့ နားတောင်းကျချောင်းရေပြင်မှာ ရေချိုးကြ၊ ကစားကြတာပေါ့၊ ချောင်းဘေးက သဲတောမှာ ကျနော်တို့အဒေါ်က ပဲထုတ်ကလေးကို သဲထဲမြုတ်ထားတတ်တယ် သုံးလေးရက်ကြာမှ အဲ့ဒီပဲထုတ်ကလေးကို သွားယူရင် ပဲပင်ပေါက်လေးတွေရတာပေါ့၊ အခုတော့ ချောင်းရေကလည်း အရင်ကနဲ့မတူတော့ပဲ ညစ်ပတ်လာပါတယ်၊ အဖေ့တူ ကျနော့်အကိုရဲ့ ဇီးသီးခြံကိုရောက်ခဲ့ရင်းနဲ့ ဓါတ်ပုံရိုက်ယူခဲ့ပါတယ်၊ နားတောင်းကျချောင်းတဘက်ကမ်းမှာရှိတဲ့အကိုခြံနဲ့ ညီမတစ်ယောက်ရဲ့ ဇီးခြံကိုရောက်ဖြစ်ခဲ့ပါတယ်၊ ဇီးသီးကောက်တဲ့အချိန်နဲ့ တိုက်ဆိုင်လို့ ဇီးသီးခူး၊ ဇီးသီးကောက်နေတာကို ရိုက်ယူဖြစ်ခဲ့ပါတယ်၊ ဇီးသီးခူးခ၊ ဇီးသီးကောက်ခကတော့ တရက်ကို ၂၅၀ဝကျပ်နဲ့ ၃၀၀ဝကျပ် လောက်ပေးရပါတယ်၊ ဇီးသီးကောက်တဲ့ သူတွေဟာ လက်အိတ်လေးတွေနဲ့ ကောက်နေကြတာကို တွေ့ခဲ့ရပါတယ်၊ ကျနော် မရောက်တာကြာတဲ့ရွာဟာ ကျနော့်အတွက် စိမ်းမနေပဲ ကလေးဘဝက နွေရာသီကျောင်းပိတ်ရက် အလည်သွားတဲ့အချိန် ကစားခဲ့တဲ့ရက်တွေကို သတိရသွားစေပါတယ်၊ကျနော်တို့ ငယ်ငယ်ကတော့ ရွာအနောက်ဘက်က နားတောင်းကျချောင်းရေထဲမှာ သုံးရေ၊ အဝတ်လျှော်၊ ရေချိုးကြနဲ့ ချောင်းရေလေးကလည်း ကြည်လင်ပြီး ကျောက်ခဲလေးတွေမြင်နေရပါတယ်၊ ချောင်းပတ်ဝန်းကျင်ကလည်း သန့်ရှင်းလို့ပေါ့၊ အခုတော့ ချောင်းရေထဲမှာရော၊ ချောင်းဘေးတဝိုက်ရောမှာ အမှိုက်တွေကို တွေ့ခဲ့ရပါတယ်…………………..

ချောင်းထဲမှာ နွားကိုရေတိုက်၊ ရေချိုးပေးဖို့ ဆွဲခေါ်လာတာပေါ့………….

ချောင်းရေ ချိုးနေကြတာပေါ့………

ခြံထဲကိုသွားတဲ့ လမ်းမှာတွေ့ရတဲ့ ဇီးသီးခြောက်အိတ်တွေသည်လာတဲ့ နွားလှည်းပေါ့…….

အစ်ကို့ခြံထဲမှာ စိုက်ထားတဲ့ သင်္ဘော၊ ဘူးပင်၊ ဇီးပင်နဲ့ ပန်းစိုက်ခင်းပါ……………

ပန်းစိုက်ခင်းကို အနီးကပ်ရိုက်ထားတာပါ။

စိုက်ခင်းထဲရေသွင်းဖို့ ရေစုပ်စက်နဲ့ အခုလိုရေတင်တာပေါ့…………….

စိုက်ခင်းထဲကို အခုလို ပိုက်တွေနဲ့ ရေသွင်းတာပေါ့၊

ဒါကတော့ ဇီးသီးခူးနေတာပါ၊ နေ့စားရှင်းပေးရတာပေါ့………

ဇီးသီးခူးရင်း၊ သီချင်းညည်းတဲ့သူက ညည်း၊ စကားပြောတဲ့သူက ပြောပေ့ါ………….

ခူးလာတဲ့ ဇီးသီးတွေကို အခုလိုပုံထားတာပါ……….

ဇီးသီးကို အကြီးအသေးခွဲပြီး အောက်မှာ ငှက်ပျောရွက်ခံပြီး ဂျပ်ဖာပုံးထဲထည့်တာပါ။

အခုလို ဂျပ်ဖာပုံထဲ ထည့်လို့…………

အခုလို တိတ်တွေနဲ့ပိတ်ပြီး သစ်သီးပွဲရုံကိုပို့တာပါ။

အပင်အောက်မှာ မိုးကာခင်းပြီး ဇီးသီးတွေကို ဝါးတုတ်နဲ့ရိုက်ချပြီး တောင်းထဲထည့်တာပါ။

ကြွေကျနေတဲ့ ဇီးသီးတွေကို တောင်းလေးတွေထဲ လိုက်ကောက်ထည့်နေကြတာပါ။

ရိုက်ချတာမဟုတ်ပဲ အပင်က သဘာဝအတိုင်း ကြွေကျနေတဲ့ ဇီးသီးတွေကို လိုက်ကောက်ပြီး တောင်းထဲကိုထည့်တာပါ။

ကောက်လာတဲ့ ဇီးသီးတွေကို အခုလို တလင်းပြင်မှာ နေလှမ်းပြီး အခြောက်ခံပါတယ်၊ တရုတ်ဝယ်လက်တွေက ရွာထဲထိ လာဝယ်ကြပါတယ်၊ ဇီးပေါင်းလုပ်တဲ့လူတွေလည်း ဝယ်ကြပါတယ်၊ ဒါပေမယ့် တရုတ်ဝယ်လက်တွေက များပါတယ်…………….

27 comments

  • amatmin

    March 8, 2012 at 1:55 pm

    ပုံတွေ မိုက်တယ်ဗျ ရောင်ခြည်ခရေ..
    ဆီးသီးလေးခူးရင်း ပါးစပ်လေးကလဲ ဝါးရင်း ဆို ကွက်တိဗျာ..
    အချိန်ရ ရင်တော့ အဲလိုစိုက်ခင်းတွေထဲ တမေ့တမော နေချင်သား..
    တရုတ်အဝယ် မရှိတဲ့ပစ္စည်းတော့ အတော်ရှားသားဗျ နော်.. 🙂

  • weiwei

    March 8, 2012 at 2:08 pm

    ပုံလေးတွေမြင်ရတာ ကြည်နူးစရာကောင်းလိုက်တာ …
    မနေ့ကပဲ ကျေးလက်တောရွာသဘာဝရှုခင်းတွေကို အဝကြီးခံစားခဲ့ရတာမို့ အခုပို့စ်ထဲကိုပုံတွေကိုမြင်ရတာ အပြင်မှာမြင်ရသလိုမျိုး ခံစားလို့ရသွားတယ် …

  • နွယ်ပင်

    March 8, 2012 at 2:19 pm

    ရောင်ခြည်ခရဲ့ ပုံလေးတွေနဲ့စာကိုုဖတ်ပြီး ကျေးလက်ကို ရောက်သွားသလိုကိုခံစားရတယ်
    ရွာလေးကလည်း သာယာပြီး ကြည်နူးစရာကောင်းတယ်နော် ..
    နွယ်ပင်တို့အတွက်တော့ ဒီလိုမျိုးမြင်တွေ့ခွင့်ရဖို့ဆိုတာ မလွယ်တာမို့ ပုံတွေအတွက် ကျေးဇူးပါ ………

    • နွယ်ပင်

      March 8, 2012 at 4:53 pm

      ဒီလိုမျိုးမြင်ကွင်းလေးတွေကလို့ ရေးတာ ကျန်ခဲ့လို့နော် 🙂

  • Ma Ei

    March 8, 2012 at 2:41 pm

    နွား နဲ့လူ အတူရေချိုးလို့ ပျော်နေမှာနော်…
    ဇီးချိုသီးတွေလဲ စားချင့်စဖွယ်…

  • TITAN

    March 8, 2012 at 2:47 pm

    ဆီးသီးတွေမြင်တော့ သွားရေတောင်ကျဒယ် (ပလောက်) 😆

  • သူရဇော်

    March 8, 2012 at 3:38 pm

    ဇီးသီးလေးတွေစားချင်လိုက်တာဗျာ………..

  • နွေဦး

    March 8, 2012 at 3:53 pm

    ဇီးသီးတွေမြင်မှ
    ဇီးသီးစားချင်တာပေါ့ဗျာ…
    ဓါတ်ပုံ ရိုက်ချက်တွေကော..
    စာအရေးလေးရော..
    အကြောင်းအရာကော ..
    ကောင်းပါတယ်..
    ခံစားရပါတယ်။

  • Tin Tin

    March 8, 2012 at 4:23 pm

    ဇီးသီးပင်တွေက နိမ့်နိမ့်လေးနဲ့အသီးတွေပြွတ်ခဲနေတာဘဲနော်… အသီးလေးတွေကို လိုက်ခူးချင်လိုက်တာ၊ ပုံလေးတွေကိုမြင်ရတာနဲ့တင် ကြည်နူးပြီးပျော်စရာကောင်းလိုက်တာ..
    ပုံလေးတွေအတွက်ကျေးဇူးပါနော်…

  • pooch

    March 8, 2012 at 4:24 pm

    ရောင်ခြည်ရေ မန်းလေးမှာပဲ ရှိနေတုန်းလား ။ လာမယ်ဆိုလို့ မျှော်နေတာ။ လေးပေါက်ပြောထားလို့။
    ပျောက်နေတာနော် ။ မအားဘူးထင်တယ်။
    အဲ့ဒီ ဇီးသီး စားသာစားဖူးတာ အပင်က အခုမှ သေချာမြင်ဖူးတာရယ် ။ ချောင်းလေး မကောသေးတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ။ ချင်းက ပုံတွေ အကုန်သိမ်းထားတယ် ။ ဟိုနေ့ က ပုံတွေ ပြန်စီရင်း သတိရနေတာ ။

  • yaungchikha

    March 8, 2012 at 6:39 pm

    ကိုအမတ်မင်းရေ….. ဇီးသီးခူးရင်း ပါးစပ်ကလည်း ဝါးရင်းကွက်တိဆိုသလိုပါပဲ၊ ကျနော်လည်း ဓါတ်ပုံရိုက်ရင်း ဇီးသီးဝါးရင်းပေါ့၊
    ခံစားချက်တူနေပြီ မမဝေပို့စ်ထဲက ရူ့ခင်းတွေအခုပဲကြည့်ပြီး ကွန်းမန့်ပေးလာတာ၊
    နွယ်ပင်ရေ ……. တကယ်လို့ အချိန်ရရင် ရောင်ခြည်တို့ရွာကို လိုက်လည်ဖို့ ဖိတ်ပါတယ်နော်…….
    မအိ၊ TITAN၊ သူရဇော်၊ နွေဦး ရေ …. ဇီးချိုသီးတွေစားချင်ရင် နောက်တစ်ခါရွာကို သွားလည်ရင် လိုက်လည်လေ…
    တင်တင်ရေ…….. ဇီးသီးလေးတွေလိုက်ခူးချင်ရင် နောက်တစ်ခါ ဇီးသီးပေါ်ချိန် ရွာပြန်ရင် လိုက်ခူးလို့ရတယ်နော်..
    Pooch ရေ .. ကျနော် ကလေးမြို့ပြန်ရောက်နေပြီ၊ Pooh တို့ ဦးပေါက်၊ ဆရာမကြီးတို့ ဂေဇက်ရွာသူ၊ ရွာသားတွေနဲ့ တွေ့ချင်ခဲ့တာ အလုပ်တွေနဲ့ မအားတာနဲ့ပဲ မတွေ့ခဲ့လိုက်ရဘူး၊ နောက်တစ်ခါ မန္တလေး ပြန်ရောက်ရင် တကယ်လာတွေ့မယ်နော်၊ ပြီးရင်လည်း ရွာကို အလည်ခေါ်မယ်၊ လိုက်ခဲ့နော်.. ကျနော့်ကို သတိရပေးလို့ တကယ့်ကို ကျေးဇူးတင်ပါတယ်နော်..
    ကိုသန်းထဋ်ဦးရေ.. ရွာဘက်တွေကတော့ ဒီလိုပါပဲ၊ ချောင်းရေထဲမှာ နွားကိုရေချိုးပေးရင်း ကိုယ်တိုင်လည်းရေချိုးကြရတာပေါ့၊ ကြုံရင်တော့ ဇီးသီးကျွေးချင်ပါတယ်..

  • အဟီး .. ပုံတွေကြည့်ရင်း ..
    အနော်လည်း ဇီးသီးတွေ စားချင်စိတ် မနည်းကြိတ်မှိတ် မြိုသိပ်ထားရတယ် .. ဂလု .. 😀
    နွားလှည်းကြီးကို မြင်လိုက်ရတော့ …
    အနော့်ရဲ့ ထုံးစံအတိုင်း ရွာကို လွမ်းမိသွားတာပေါ့ .. 🙄
    ပုံတွေအတွက် သာဓုပါလို့ …
    __________________________

    ရောင်ခြည်ခ ရေ …
    ပုံနဲ့ စာနဲ့ တစ်ပါတည်း တွဲထားဖို့အတွက် ပုံတွေအောက်မှာ စာရိုက်ထည့်စရာ မလိုပါဘူး …
    ပုံတင်တုံးက Caption ဆိုတဲ့ နေရာလေး ရှိသဗျ ..
    အဲဒီ Box ထဲမှာ အခုလို ပုံအောက်မှာ ထည့်မယ့် စာလေးတွေကို ရိုက်ပြီးတာ ထည့်လိုက်ဗျို့ …
    ဒါဆို ပုံနဲ့ စာလေးက သူ့ဟာနဲ့သူ ကြည့်ကောင်းသွားရောဗျ …
    ဥပမာ အနေနဲ့ ကြည့်ချင်ရင် ရွာထဲက ဒါ့ပုံဆြာကြီး ကိုပေါက်(မန္တလေး) ရဲ့ ပုံတွေကို သွားကြည့်ပါလို့ …

    http://myanmargazette.net/106227/travel/local-guides

    အောက်ကဟာကတော့ အထောက်အကူ ရနိုင်မယ်လို့ ထင်မိပါတယ် …

    http://myanmargazette.net/103358/computers-technology

    ခင်တဲ့ … အံစာတုံး

  • windtalker

    March 8, 2012 at 7:31 pm

    အာကေထောခဲ့ရင် ၊ အဲဒီရွာဘက်မှာ မြေရသလောက်ဝယ်ပြီး ၊ စိုက်ပျိုးမွေးမြူရေး လုပ်မယ်ဗျာ ။
    နောက်ပိုင်း သာယာစိုပြေလာတဲ့အခါကြမှ ရွာသူား များကို ဖိတ်ပြီး ပစ်ကနစ် လုပ်ပေးမယ် ။
    ဘယ်လို သဘောရကြသလဲဗျို ့

  • ပြီးခဲ့တဲ့ သုံးနှစ်လောက်ကတော့ အဲဒီရွာဘက်မဟုတ်ဘူး။
    ပေါ်တော်မူသွားတဲ့လမ်း ဇီးခြံတွေမှာ ဇီးသီးသွားဝယ်ကြတာ။
    ကြိုက်သလောက်နို်က်စား ပျော်စရာကြီးဗျာ။
    တပေါင်းလပြည့်နေ့ကတောင်ပေါ်တော်မူရောက်ခဲ့သေးတယ်။
    ပိုစ်တင်ပေးမယ် စာမရေးရသေးလို့။

  • padonmar

    March 9, 2012 at 1:05 am

    ဇီးပင် ၂မျိုးကမတူဘူးနော်။
    ဇီးသီးအကြီး အချိုမျိုးကိုကျတော့ လက်နဲ့ တယုတယ ခူးရပြီး
    ဇီးသီးအသေး မျိုးကျတော့ ဒုတ်နဲ့ ရိုက်ချတယ်တဲ့။
    အင်း ဘဝချင်းကွာပါ့။

  • yaungchikha

    March 9, 2012 at 7:22 am

    အံစာတုံးရေ… အခုလိုပြောပြပေးလို့ကျေးဇူးတင်ပါတယ်နော်
    ကိုတော်ကာကြီး မြေမြန်မြန်ဝယ်နိုင်ပါစေဗျာ၊ ဆုတောင်းပေးပါတယ်..
    ဟုတ်တယ် ဦးပေါက်ရေ.. ပေါ်တော်မူသွားတဲ့လမ်းမှာလည်း ဇီးခြံတွေရှိတယ်၊
    အန်တီပဒုမ္မာရှင့် …. ဇီးသီးအသေးကိုလည်း အစိမ်းလိုချင်ရင် အဲ့လို တယုတယ ခူးရပါတယ်၊ အခြောက်လှမ်းမယ့် အသီးတွေက အပင်မှာမှည့်အောင်ထားတော့ ကြွေခါနီးဖြစ်နေလို့ အလုပ်အမြန်ပြီးအောင် ဒုတ်နဲ့ရိုက်ချကြတာပါ၊

  • ဆူး

    March 9, 2012 at 6:33 pm

    ဒီရက်ပိုင်း ဆူး ရောက်ခဲ့တဲ့ လမ်းက ရွာတွေက အဲဒီလိုပဲ ခြံဝိုင်းတိုင်းရဲ့ အိမ်ရှေ့က တလင်းမှာ ဇီးသီးတွေ အပြည့်ခင်းထားတာ တွေ့တယ်။ အိမ်ရှေ့တွေက ဖြတ်တော့ ဇီးနံလေး မွေးနေတာ မစားပဲ ကြည့်ခဲ့ရတာတောင် အနံက တော်တော် အရသာ ရှိတယ်။

  • MaMa

    March 9, 2012 at 8:21 pm

    ဇီးသီးတွေစားပြီး သတ်ပုံစစ်သွားတယ်။ 😀
    အဖေတို့အမတို့ တဲ့လား။
    သတ်ပုံမှားတာတော့ မဖြစ်တန်ရာဘူး။
    မြစ်ဝကျွန်းပေါ်ဘက်မှာလည်း အမေကို အမလို့ခေါ်တတ်ကြတယ်။
    ပုံလေးတွေကြည့်ပြီး အလည်သွားချင်မိတယ်။
    အိမ်ရှင်ခေါ်မခေါ်တော့ မသိဘူး။ 😆

  • yaungchikha

    March 10, 2012 at 10:20 am

    ဟုတ်တယ်ဆူးရေ…….. ဇီးသီးပေါ်ချိန်ဆို ကျနော်တို့ရွာမှာလည်း ဇီးသီးနံ့လေးတွေသင်းလို့၊ အရင်ကတော့ သင်္ကြန်တွင်းဆိုရင် ဇီးသီးခြောက်ယိုထိုးပြီး စတုဒီသာလုပ်ဖြစ်တယ်၊ အခုတော့ အိမ်နဲ့လည်းဝေးနေလို့ မလုပ်ဖြစ်တာကြာပေါ့……..
    မမရေ…….. သတ်ပုံစစ်ပေးလို့ ကျေးဇူးတင်ပါတယ်နော်၊ ကျနော် အရေးမှားတာပါ၊ အဖေ့ရဲ့ အမရှိတဲ့ရွာလို့ရေးရမှာထင်တယ်နော်၊ အချိန်ရရင်လာလည်ပါလို့ အမြဲတမ်းဖိတ်ပါတယ်နော်၊ လာလည်မယ်ဆိုရင် ကလေးမြို့ကနေ ပြန်လာပြီး ရွာကိုလိုက်ပို့မှာ…

    • ဆူး

      March 10, 2012 at 10:34 am

      ဆူး ဖြတ်သွားတဲ့ လမ်းက ရွာတွေမှာ အလှူခံ တွေ ရှိတယ်။ အဲဒီမှာ ရန်ကုန်သူတွေ အတွက် ထူးဆန်းတဲ့ ဓလေ့ပဲလို့ ပြောရမလားပဲ.. အလှူခံတွေက မုန့်ကျွေးတယ်။
      ဇီးသီး အကြော် မြေပဲပြုတ် လက်ဖက်သုတ် ထန်းရည်အချို အမျိုးကို စုံနေတာပဲ.. အလှူဘယ်လောက် ထည့်ထည့် လက်ဆောင် ကြိုက်သလောက် နိုက်ယူခိုင်းတယ်။
      သိပ်ကောင်းတဲ့ ဓလေ့လို့ ပြောလို့ ရတယ်။

  • htoosan

    March 10, 2012 at 10:53 am

    အဟိ.. သူများတွေ အကောင်းမြင်ရေးနေချိန်ဘာဖြစ်လို့ မဟုတ်မဟတ်တွေးပြီးရေးချင်ရလည်းမသိဘူး ။။
    နွားချေးပုံကြီး မိုးကာခင်းကာပြီး ကောက်နေကြတာ ..နွားချေးစလေးတွေ ဘယ်လောက်များလည်းကပ်ပါမလဲ မသိဘူးနော် … 😀 😀
    ကျွန်တော်တို့ တစ်တွေ ဘယ်လောက်ကံကောင်းလည်း ။။ ဟိုက်တက်ခ်တွေမပါဘဲနဲ့ သဘာဝ သာသာကနေ မြေကြီး က ရွှေသီးတဲ့ နေရာမှာနေရတယ် ။။။
    ..ဒါတောင် ..အဲ အဲ ဘယ်လောက်များကံဆိုးပါလိမ့်… 🙄

  • Khin Latt

    March 11, 2012 at 7:49 am

    ကျွန်တော်လေး ပျောက်နေလို့ သတိရနေတာ။
    ခရီးသွားနေတာကိုး။ ကျောင်းပိတ်နေတာလားလို့ ထင်မိသေး။
    သဘာဝ အလှ ပုံလေးတွေ က ရွာကိုလွမ်းတယ် ဖြစ်သွားတယ်။
    ဇီးသီးကြီး တွေက အကြီးကြီး တွေဘဲ။
    လှလိုက်တာ။
    ကိုယ့်တိုင်းကိုယ့်ပြည်မှာလဲ ဒါတွေ ထွက်တယ်လို့ ဂုဏ်ယူနိုင်တာပေါ့။
    ပိုပြီး လုပ်ငန်းတွေ ချဲ့ထွင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ 🙂

  • snow htet

    March 11, 2012 at 11:27 am

    ဇီးသီးတွေရယ်၊ ပန်းတွေရယ်တော့အရမ်းကြိုက်တယ်

    ဟိုအပုံကြီးတော့ကြိုက်ဘူး……..

    နွားအီးအီးတွေ……………ဟဲဟဲ

  • yaungchikha

    March 12, 2012 at 11:00 am

    ဟုတ်တယ်ဆူးရေ… ကျနော်လည်း တွေ့ဖူးတယ်၊ ချောက်တို့၊ ရေနံချောင်းတို့၊ ရွှေစက်တော်ဘုရားဖူးသွားတဲ့ လမ်းတွေမှာတွေ့ဘူးတယ်…
    ကိုထူးဆန်းရေ့… နွားချေးပုံက ဘေးမှာပုံထားတာပါ၊ မြေဩဇာအတွက်ပေါ့၊ နွားချေးပုံပေါ် မိုးကာခင်းတာမဟုတ်ပါဘူး၊ နွားချေးပုံရဲ့ ဘေးမှာပါ၊ မိုးကာကို ဆွဲခင်းနေတဲ့အချိန်ရိုက်လိုက်လို့ပါ….
    အစ်မလတ်ရေ.. ကျနော်လည်း သတိရနေတာ၊ ဆုတောင်းပေးလို့ကျေးဇူးပါနော်…
    snow htet ရေ .. နွားအီးအီးတွေက မြေဩဇာအတွက်ပါ.. 🙂

Leave a Reply