စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲ၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း …

lu ta loneJune 7, 20101min753

စွန့်ပစ်ပစ္စည်းများမှ လူသုံးကုန်အဖြစ် ပြောင်းလဲထုတ်လုပ်သည့် လုပ်ငန်းစဉ်တရပ်ကို မဲဆောက်ရှိ မြန်မာရွှေ့ပြောင်း အထက်တန်းကျောင်း (SAW) တွင် အကောင်ထည်ဖော် လုပ်ကိုင်လျက်ရှိသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရခြင်း၏ တန်ဖိုးကို သိရှိနိုင်ရန်ရည်ရွယ်၍ အလဟဿဖြစ်မည့် စွန့်ပစ်ပစ္စည်းများမှ လူ့အသုံးချပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်ခြင်း လုပ်ငန်းကို ကျောင်းသားလူငယ်များအား သင်ကြားပေးခြင်းဖြစ်ကြောင်း SAW ကျောင်းမှ ဆရာဦးထိန်ဝင်းက ပြောသည်။

၎င်းက “ဒီစွန့်ပစ်ပစ္စည်းတွေ မြေကြီးထဲရောက်သွားရင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေပဲဖြစ်မယ်၊ ဒါကြောင့် ဒီပစ္စည်းတွေကို အသုံးပြုပြီး ကလေးတွေအနေနဲ့ အနုပညာလေးတွေ ဖန်တီးစေချင်တယ်။ လူတွေအသုံးပြုလို့ရတဲ့ ပစ္စည်းတွေလည်း ဖန်တီးစေချင်တယ်။ အနုပညာနဲ့အလုပ်အကိုင်တခုခုကို တီထွင်စေလိုတဲ့အတွက် ဒီလုပ်ငန်းစဉ်ကို ပြုလုပ်ရတာဖြစ်တယ်။ ဒါတွေကိုလုပ်ကိုင်ရင်းနဲ့ ကလေးတွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အဆိုးအကောင်းကို ခွဲခြားသိမြင်လာမှာဖြစ်တယ်” ဟု ပြောသည်။

သဘာဝပတ်ဝန်းကျင် တနေ့တခြား ယိုယွင်းပျက်စီးလာမှုများကြောင့် ရာသီဥတုများ ဖောက်ပြန်ကာ ကမာ္ဘကြီးတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လျက်ရှိကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ လူများ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှု အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ဆရာဦးထိန်ဝင်းက ပြောသည်။

“ဒါကြောင့် ကလေးတွေကို သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေနဲ့ ကမာ္ဘမြေရဲ့တန်ဖိုးကို သိရှိနားလည်ပြီး ကမာ္ဘမြေစိမ်းလမ်းစိုပြေရေးအတွက် ပူးပေါင်းပါဝင်မှုတွေ လုပ်ဆောင်လာနိုင်ဖို့၊ သူတို့ကို ဒီအရွယ်ကတည်းကနေ ပညာပေးရေး လုပ်ငန်းစဉ်တွေ ချမှတ်ပေးတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စွန့်ပစ်ပစ္စည်းများမှ ကလေးများပြုလုပ်သည့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲတရပ်ကိုလည်း SAW ကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ပြုလုပ်ခဲ့ပြီး အလှဆင်ပစ္စည်းမျိုးစုံ၊ ပန်းဆိုင်း၊ မီးအုပ်ဆောင်း၊ ကြက်တောင်၊ ပန်ကာဒလက်၊ ရေခွက်မျိုးစုံ၊ ပန်းကန်များ၊ ကလေးကစားစရာများ အပါအဝင် ပစ္စည်း (၁၅) မျိုးခန့်ရှိပြီး တခုချင်းစီ၏တန်ဖိုးမှာ ထိုင်းဘတ်ငွေ (၂၀) မှ ဘတ် (၂၀၀) အထိဖြစ်သည်။

ရောင်းချ၍ရသည့်ငွေများကို ပစ္စည်းထုတ်လုပ်သည့် ကျောင်းသားကျောင်းသူများကို အချိုးကျ ပြန်လည်ခွဲဝေပေးမည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။

(၈) တန်းကျောင်းသူ မမေစနိုးက “သမီးတို့ ဒီလိုလုပ်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်ပြီး လူတွေရဲ့ကျန်းမာရေး ထိခိုက်မှုတွေကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ အရေးပါပုံတွေကို ရပ်ကွက်ထဲပြန်ရောက်ရင်လည်း သမီးတို့သိထားတာတွေကို လက်ဆင့်ကမ်းဖြန့်ဝေသွားမယ်” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဈေးရောင်းပွဲသည် မနက်ဖြန်တွင် ကျရောက်မည့် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အကြိုအဖြစ် SAW ကျောင်းမှ ကမကထပြု ကျင်းပခြင်းဖြစ်ပြီး အခြား ကျန်ရှိသည့် ကျောင်းများနှင့် အစိုးရမဟုတ်သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက မနက်ဖြန်တွင် ထိုင်း-မြန်မာ နယ်တလျှောက်၌ ကျင်းပပြုလုပ်ကြမည် ဖြစ်သည်။

ဇွန်လ (၅) ရက်နေ့ကို နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် ၁၉၇၂ ခုနှစ်မှစတင်ကာ ကမာ္ဘ့ကုလသမဂ္ဂက တရားဝင်သတ်မှတ်ပေးခဲ့သည်။

မှတ်ချက်။ ။ ဇွန်လ ၅ ရက်နေ့ က ကျရောက်သော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုတင်ဆက်ပါသည်။

3 comments

  • သတင်းလူသား

    June 7, 2010 at 7:33 pm

    ယခုလို လုပ်ဆောင်မှုမျိုးမြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သင့်ပါတယ်။ ယနေ့အချိန်ဟာ ကမ္ဘာကြီးကို သဘာဝဘေးအန္တရာယ်ဆိုးများက ခြိမ်းခြောက်နေချိန်ဖြစ်ပါတယ်။ ထိုသို့ခြိမ်းခြောက်လာရခြင်းကလည်း အဓိကတရားခံလူသားတွေကြောင့်သာဖြစ်ပါတယ်။ သဘာဝအရင်းအမြစ် များကို တရားလွန်ထုတ်ယူသုံးစွဲခြင်း၊ မဆင်မခြင်ပြုမူဆောင်ရွက်ခြင်းတွေကနေအစပျိုးလာခဲ့တာဖြစ်ပါတယ်။ အဲတော့ကိုယ်ပြုတဲ့အမှုကိုယ်ပဲခံရမှာဖြစ်တဲ့အတွက် ပျက်စီးယိုယွင်းလာနေတဲ့ ယနေ့ကမ္ဘာကို ဆက်လက်ပျက်စီးမသွားရအောင်နဲ့ ပြန်လည်ကောင်းမွန်လာအောင်လုပ်ရမှာက လူသားတွေရဲ့တာဝန်ပါ။ နောက်တစ်ခုက အနာဂတ်လူငယ်များလက်ထဲကို ကောင်းမွေပဲပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အဲဒီတော့ ခုလိုပွဲမျိုးတွေများများလုပ်ပြီး ပြည်သူလူထုကိုလည်း အသိပညာပေးခြင်းက တစ်ဖက်တစ်လမ်းက အထောက်အကူပြုရာရောက်တဲ့အတွက် အားပေးပါတယ်။ ခုလိုပွဲမျိုးများများဖြစ်ပေါ်လာဖို့ကိုလည်း ဝိုင်းဝန်းလုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါအပြင် မီဒီယာစုံကလည်း ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ပေးရင် ပိုပြီးကောင်းမွန်မှာဖြစ်ပါတယ်။

  • kai

    June 7, 2010 at 9:46 pm

    မှန်ပါတယ်ဗျာ..။
    နောက်ပိုင်းဆယ်စုနှစ်မှာ..ဒီလိုဂရင်းအလုပ်တွေ(စွန့်ပစ်ပစ္စည်းမှ လူသုံးကုန်ပြောင်းလဲတဲ့အလုပ်) က ဖွံ ့ဖြိုးဆဲနိုင်ငံတွေကို အလုပ်အကိုင်အခွင့်အလန်းအများကြီးပေါ်စေမှာပါ။
    မြန်မာတွေလက်ဦးထားရင် အဲဒါနဲ့တင် တိုင်းပြည်တိုးတက်လာနိုင်ပါတယ်။
    ကားတွေ။ သင်္ဘောတွေ။ လေယဉ်တွေ၊ အီလက်ထရောနစ်ပစ်စည်းတွေ ထုတ်တဲ့ကုမ်မဏီတွေ မရပ်မနားနိုင်ထုတ်နေပြီး မကြာခင်နှစ်တွေမှာ စွန့်ပစ်ဖို ့အတွက် ငွေကြေးပေးကြရတော့မှာပါ။
    မြန်မာအစိုးရက ဒါမျိုးတွေအတွက် မက်လုံးပေးပြီး တိုင်းပြည်ထဲ တင်သွင်းခွင့်ပြုတဲ့ဥပဒေမျိုး မြန်မြန် ပြဌာန်းသင့်တယ်ထင်ပါတယ်။
    သိကြုအြတိုင်း…မြန်မာလူမျိူးက..အဲဒီကနေ နည်းပညာအမြတ်ရနိုင်တာမို ့ပါ။
    တာယာအပျက်တွေကို ဖိနပ်လုပ်စီးတတ်ပြီး နို ့ဆီခွက်အလွတ်တောင် အကျိုးရှိအောင်လုပ်တတ်တဲ့ ပါရမီရှိတဲ့ ဖြစ်အောင်လုပ်တတ်တဲ့ လူူမျိုးမဟုတ်ပါလား..။

  • snow white

    March 7, 2012 at 12:41 pm

    တော်ပါပေတယ် စွန့်ပစ်ပစ္စည်းတွေကို လက်မှုပညာတခုနေနဲ့လုပ်လို့ရတာ အရမ်းကောင်းပါတယ်

Leave a Reply