ယနေ့ ဖြစ်ပေါ်လာတဲ့ ဒီမိုကရေစီ စနစ်အရ လွှတ်တော်တွေ ပေါ်ပေါက်လာခဲ့ပြီး လွှတ်တော်တွင်းမဲခွဲ ဆုံးဖြတ်ခြင်းတွေလဲ ပေါ်ပေါက်လာခဲ့ပါတယ် အဲဒီမှာ ကျွန်တော် ဘ၀င်မကျမိတဲ့ အချက်တစ်ခုကတော့ လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးခြင်းကိုပါပဲ ကျွန်တော့်အနေနဲ့ကတော့ ဘယ်အဆိုပြုချက်ကို ဘယ်လွှတ်တော်အမတ်ကတော့ ကန့်ကွက်လိုက်တယ် ဘယ်အမတ်ကတော့ သဘောတူလက်ခံလိုက်တယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ ထင်ပါတယ် ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုရာမှာ လွှတ်တော်တွင်းတင်ပဲ ပွင့်လင်းမြင်သာမှုမဟုတ်ပဲ ပြည်သူတွေအထိ သိစေနိုင်မယ့် ပွင့်လင်းမြင်သာမှုကိုသာ ဆိုလိုရင်းဖြစ်ပါတယ်

 

အဲဒါမှလဲ ပြည်သူတွေအနေနဲ့ ဘယ်လွှတ်တော်အမတ်ကတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် အမှန်တကယ် စေတနာထားတယ် ဘယ်သူကတော့ စေတနာထားမှု သိပ်မရှိဘူး ဘယ်သူကတော့ ၀တ်ကျေတမ်းကျေပဲဆိုတာတွေကို သူတို့တွေရဲ့ ဆန္ဒမဲတွေကတဆင့် သိရှိနိုင်ပါတယ် လေ့လာနိုင်ပါတယ် အဲဒါမှလဲ နောက်ထပ်အကြိမ်တွေမှာ ဘယ်အမတ်ကိုတော့ ရွေးချယ်တင်မြှောက်ဖို့ မဖြစ်သင့်ဘူးဆိုတာတွေကို သိရှိနိုင်ပါတယ်

 

အဲဒီအခါ လွှတ်တော်အမတ်တွေ အနေနဲ့လဲ အဆိုတစ်ခုကို ကန့်ကွက်တာသော်လည်းကောင်း ထောက်ခံတာသော်လည်းကောင်း ဆုံးဖြတ်ချက်ကို လွယ်လွယ်မချတော့ပဲနဲ့ တလေးတစားစဉ်းစားချင့်ချိန်ပြီးမှပဲ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ် အဲဒီလို သေသေချာချာ စဉ်းစားချင့်ချိန်နိုင်စေဖို့အတွက် လွှတ်တော်အမတ်တစ်ယောက်ရဲ့ အဆိုတင်သွင်းလွှာကို ဖတ်ကြားချိန်မှာ အာရုံစိုက်ပြီး စိတ်ဝင်တစားနားထောင်နေဖို့ လိုကိုလိုအပ်လာပါလိမ့်မယ် အဲဒီအခါ လွှတ်တော်ရဲ့ပုံရိပ်ကို ကျဆင်းစေတဲ့ နိုင်ငံရဲ့ ပုံရိပ်ကို အဆင့်အတန်းနိမ့်ပါးစေတဲ့ လွှတ်တော်တွင်း ငိုက်မြည်းနေခြင်းတွေလဲ ရှိလာတော့မှာ မဟုတ်ပါဘူး

 

အဲဒီအခါ တိုင်းပြည်နဲ့ လူမျိုးအပေါ်အမှန်တကယ် စိတ်စေတနာ မရှိပါပဲ အခွင့်အရေးရလိုမှုအတွက် လွှတ်တော်အမတ်လုပ်နေကြသူတွေလဲ တဖြည်းဖြည်း လျှော့ပါးသွားပါလိမ့်မယ်

 

တကယ်ဆို ကျွန်တော့်ရဲ့ ဆန္ဒအရ ဒီထက်ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန် ဖြစ်စေချင်တာကို ပြောရမယ်ဆိုရင် လွှတ်တော်သတင်းတွေကို TVကနေ ထုတ်လွှင့်တဲ့အခါ သတင်းကြေညာသူမှ သတင်းဖတ်သွားတာမျိုးတောင် မဖြစ်စေချင်ပဲ လွှတ်တော်အမတ်တွေရဲ့ အသံအစစ်အမှန်နဲ့ပဲ ထုတ်လွှင့်စေချင်ပါတယ် အဲဒီအခါ ပြည်သူတွေအနေနဲ့ လွှတ်တော်အမတ်တွေရဲ့ အရည်အချင်းကို လေ့လာအကဲခတ်နိုင်ပါတယ် ကြိုတင်ပြင်ဆင်ထားရှိမှု ဘယ်လောက်ရှိတယ်ဆိုတာကို သိသာပေါ်လွင်စေနိုင်ပါတယ် အဲဒီလိုဆိုရင် သတင်းထုတ်လွှင့်ချိန်တွေဟာ ကြာကောင်းကြာသွားနိုင်ပါတယ် ဟုတ်ပါတယ် အဲဒါကို လက်ခံပါတယ်

 

အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် သတင်းတွေပဲ သီးသန့် ထုတ်လွှင့်ဖို့အတွက် Channel လိုင်း တစ်လိုင်းထားရှိစေချင်ပါတယ် အဲဒါမှ သတင်းကြည့်ချင်တဲ့ သူတွေကလဲ ပြည့်ပြည့်စုံစုံ ကြည့်နိုင်မယ် ဖျော်ဖြေမှု အစီအစဉ်တွေ ကြည့်ချင်သူတွေအနေနဲ့လဲ အေးအေးလူလူ ကြည့်ရှုနိုင်ပါလိမ့်မယ်

 

အခြား အခြားသော နိုင်ငံတွေမှာတော့ လွှတ်တော်အစည်းအဝေးသတင်းတွေကို ဘယ်လိုလုပ်လဲ ဆိုတာတော့ မသိပါဘူး မဲခွဲဆုံးဖြတ်ချက်တွေကို ဘယ်လို စီစဉ်ဆောင်ရွက်သလဲ မသိပါဘူး ကျွန်တော့်အနေနဲ့ တွေးမိတဲ့ စိတ်ကူးလေးကို တင်ပြခြင်းဖြစ်ပါတယ်

 

တခြားနိုင်ငံတွေရဲ့ နည်းစနစ်တွေကို သိသောသူများမှလဲ နည်းပေးလမ်းပြ ပေးကြပါဦး ဒီစိတ်ကူးနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကိုလဲ သုံးသပ်စဉ်းစားပေးကြပါဦး အကြံဥာဏ်လေးတွေ ပေးပေးပါဦး

 

ရွာသားများရဲ့ ပြန်လည်ဆွေးနွေးချက်များကို မျှော်လင့်လျက်

အရှုံးတွေနဲ့ ကျွန်တော်

 

 

 

About အရှုံးတွေနဲ့ ကျွန်တော်

အရှုံးတွေနဲ့ ကျွန်တော် has written 8 post in this Website..