သို့/သမ္မတကြီး ဦးသိန်းစိန်- မှ/ဦးပဉ္စင်း၊ဝီရသူ(မစိုးရိမ်)

kaiMarch 8, 20121min1476

သမ္မတကြီး ဦးသိန်းစိန်ထံသို့

                                                   သမ္မတကြီး ဦးသိန်းစိန်ထံသို့

                                                  အိတ်ဖွင့်ပေးစာ

သမ္မတကြီးခဗျင်္ာ- ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါ သည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းထဲ၌

အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ေြကာင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေအများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်နဝါရီလအတွင်းမှာ(၂)ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်း ချမ်းသာခွင့်ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည်ကိုလည်း တွေ့ရပါသည်။

လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွားထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။

သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရပါသည်။

သမ္မတကြီးခင်္ဗျာ လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက်အကျဉ်းသားများသည်လည်း အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့် မရှိကြတော့ဘူးလား ခင်္ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်းကြောင့် သမ္မတကြီးမျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။

 

 

သမ္မတကြီးခင်္ဗျာ-

ထောင်ကျသူချင်းအတူတူ-မိဘက လွတ်လာပြီး၊ သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာကလွတ်လာပြီး၊ တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်္ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလား ခင်္ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ်  သမ္မတကြီး စက္ကန့်ပိုင်းလေးလောက် ကိုယ်ချင်းစာ ကြည့်စေချင်ပါသည် ခင်္ဗျာ။

သမ္မတကြီးခင်္ဗျာ-

ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်း ကြောင့် သမ္မတကြီးပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည် လား ခင်္ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။

ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်း သာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက် အကျဉ်းသားများကိုတော့ တစ်ယောက်မကျန် လွတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်း ချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှုမရှိဘဲ အမြန်ပေးလှူစေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား(ယုံကြည်ချက်အကျဉ်းသား)မရှိသောကြောင့် (ဝါ)နိုင်ငံရေးအကျဉ်းသားရှိနေလှျင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။

                                     ၁၃.၁.၂၀၁၂-နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်

                                     မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ

                                     ဦးပဉ္စင်း၊

                                              ဝီရသူ(မစိုးရိမ်)

                                               ဓမ္မသဟာယကျောင်း

                                               မစိုးရိမ်တိုက်သစ်

                                               မဟာအောင်မြေမြို့နယ်

                                               မန္တလေးတိုင်းဒေသကြီး

                                     (                  )

၉.၃.၂၀၁၂။

6 comments

  • padonmar

    March 9, 2012 at 1:21 am

    နာမည်ကြီးတွေ လွတ်ပြီးသွားပြီဆိုတော့ လူထုကလည်း ကျန်တဲ့သူတွေကို မေ့နေကြတယ်ထင်ပါတယ်။
    ယုံကြည်ချက် အကျဉ်းသားကတော့ လွှတ်ပေးသင့်ပါတယ်။

  • ဦးဦးပါလေရာ

    March 9, 2012 at 8:59 am

    ဟင်း.. ဟင်း..

    ပြောချင်နေတာ ပါးစပ်ကိုယားလို့ ……

    ရပြီးသား ရလာဒ်ကောင်းလေးတွေကို ကဖျက်ယဖျက်လုပ်မိသလို ဖြစ်မှာစိုးလို့…..

    ပြန်မြိုချပါဦးမယ်… ဂလု … ဂလု….

  • ရွှေပြောင်ပြောင်

    March 9, 2012 at 9:48 am

    စစ်မှန်တဲ့ ယုံကြည်ချက်မျိုးနဲ့ လူသားတွေကောင်းကျိုးကို…

    ကိုယ့်အတွက်မပါတဲ့…ရည်ရွယ်ချက်နဲ့..ထောင်ထဲရောက်နေသူဆိုရင်တော့..

    လုံးဝလွှတ်သင့်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ ကျမ်းမာရေး၊ လူမှုရေး၊ ပညာရေး…

    စတဲ့…ဘက်စုံမှာပေ့ါ..။ နိုင်ငံရေးတစ်ခုထဲဆိုပြီးတော့လည်း..မဖြစ်သင့်ပါဘူး….။

    ဘယ်သူတွေက..လွှတ်သင့်သူဆိုတာတော့….အနေနီးတဲ့..ထောင်မှူး၊ ထောင်ပိုင်၊

    ထောင်ဝါတာတွေ..အသိဆုံးဖြစ်မှာပါ…။ သူတို့ရဲ့..အကြံညံလည်း..ယူသင့်တယ်.

    ထင်ပါရဲ့…။ (ကောင်းသောသူများ…လွတ်ပါစေလို့သာ…မဖြစ်နိုင်ရင်းက…ဇွတ်ပဲ..

    ဆုတောင်းနေမိတယ်..။)

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 9, 2012 at 2:36 pm

    ဘာအတွက်လဲ ဘာ့ကြောင့်လဲ ဘာလို့လဲဆိုတာတွေ ကိုဖြေနိုင်မှလွှတ်ပေးမယ်လို့ သူ(သမ္မတကြီးနှင့် လွှတ်
    တော်များရှိ ဥက္ကဌများ ၊ ပြောရေးဆိုခွင့်ရှိသူများ)ဆိုထားလေတော့
    အဲဒီ့ကျန်ရှိအကျဉ်းသားများအတွက် ဖြေဆိုနိုင်မည့် အရင်ဆုံးလွတ်မြောက်လာသော အကျဉ်းသားများက
    ပြည်သူလူထုထက်ပိုသိရှိမှာဖြစ်လို့ အရင်ဆုံးလွတ်မြောက်လာသော အကျဉ်းသားများဦးဆောင်လမ်းညွှန်ပေး
    ခြင်းအားဖြင့် ပြည်သူကပါနောက်မှလိုက်ပါလာမည်ဖြစ်ပါကြောင့် အကြံပေးလိုက်ပါသည်။

  • kyeemite

    March 9, 2012 at 4:05 pm

    ကိုယ်တိုင်လွတ်လာခဲ့ပြီးသော်လည်း ဘဝတူလက်ကျန်လူပုဂ္ဂိုလ်
    များအတွက်တောင်းဆိုပေးပါသော ဦးပဉ္စင်း၊အားလေးစားကြည်ညို
    မိပါသည်။

Leave a Reply