မာတာဝီကီ သံစုံမြည်

သူရႆဝါMarch 9, 20121min773

( ၁ )
ဝီခီပီးဒယ (Wikipedia) ဆိုသည့် ဝေါဟာရကို အင်တာနက် အွန်လိုင်းတည်း ဟူသော ဖန်ကြိုးမျှင် ဆက်သွယ်ရေး စနစ်နှင့် မကင်းသည့်သူ အတော်များများ သိရှိကြပေမည်။ အသေးအမွှား အလေးမထားဖွယ် ကိစ္စရပ် ပိစိလေး များမှစ.. ကြီးကြီးထွားထွား ဧရာမ လူပုဂ္ဂိုလ်၊ ကိစ္စရပ်၊ နေရာဋ္ဌာနများ အဆုံး အပြုံးမပျက် စေရဘဲ ကျွန်ုပ်တို့ သိလိုသမျှ အားလုံးလိုလိုကို ၎င်းဝီကီခေါ် အွန်လိုင်း စွယ်စုံကျမ်း ဒေတာ ဟင်းလေးအိုးကြီး အထဲတွင် အကျယ်တဝင့် ရှာဖွေ ဖတ်ရှု၍ ရနိုင်လေ၏။ ပြေတီဦး ဆိုလျှင် တီတီ၊ N ကိုင်ရာ ဆိုလျှင် ကိုင်၊ ထက်ထက်မိုးဦး ဆိုလျှင် ထက်ထက်၊ ကျော်ဟိန်း ဆိုလျှင် ဦးကျော် အစရှိတို့အား လူအား စိတ်အားဖြင့် ရင်းနှီး လာပဟေ့ ဆိုလျှင် အတိုကောက် အဖျားဆွတ်၍ ခေါ်လေ့ရှိသည့် လူ့ထုံးစံ သဘာဝကြောင့် အကျွန်ုပ်တို့၏ ဝီခီပီးဒယ ကိုလည်း ဝီကီ ဟူ၍ အဖျားဆွတ် ခေါ်သမှု ပြုကြသည် ဖြစ်လေ၏။ တကယ်တော့ ကျွန်ုပ်၏ ဆိုလိုရင်းမှာ ထိုသော ဝီကီသည် အင်တာနက် ပေါ်တွင်သာ ရှိသည်မဟုတ်၊ ကျွန်ုပ်တို့၏ လူ့ဘုံခန်းဝါ လူ့ကမ္ဘာ တွင်လည်း အခန့်သား ရှိနေတတ်ကြ လေသည်သာ ဖြစ်၏။

( ၂ )
“ဒီကောင်ကတော့ ဇီးကွက်ပဲ” ဟုဆိုလျှင် တော်ရုံ တန်ရုံ ညမအိပ်သူ၊ “သင်းကတော့ သောကြာသား ပေပဲ” ဆိုလျှင် စကားများသူ ဟူ၍ လူ့သဘာဝ အလျောက် တန်ရာ တန်ရာ နိမိတ်ပုံ များဖြင့် ခေါ်ဆို အမှတ်သညာ ပြုကြသည် ဖြစ်ရာ ယခုနောက်ပိုင်း အိုင်တီခေတ် ရောက်သည်တွင် ထိုသို့ အမှတ်သညာ ပြုပုံများ အတော် အတန် ပြောင်းလဲ လာကြ လေ၏။

“ငါးထောင်တန် ဖုန်းတွေ ထွက်တော့မယ် ကြားသဟေ့”
“ဟိုမင်းသားတော့ ပကတိ အရှိတရားဆိုတာ ဒါပဲဟေ့ ဆိုတဲ့အကြောင်း တစ်နေ့ကပဲ လူကြားသူကြား သက်သေ ပြသွားတယ် တဲ့တော့၊ ရှင်းရှင်းလင်းလင်းကြီး ဆိုပဲ… ဟီဟိ” စသည်ဖြင့် နောက်ဆုံးရ စက်ရပ် သတင်းများအား ကျွန်ုပ်တို့ မသိရှိခင် ကြိုတင်၍ သိလေ့ရှိသူ မရွှေမိအား ကျွန်ုပ်တို့က အင်တာနက် ဟု အမှတ်သညာ ပြု၏။ သတင်းနှင့် အချက်အလက်က တယ်မြန် ပေသကိုး။ ထို့အတူ ခပ်ဝေးဝေး တစ်လံ အကွာမှ ပြောပြော၊ အနီးကပ်၍ နားရွက်ပေါ် တက်ထိုင်ပြီးပဲ ပြောပြော၊ ဘာစကား ပြောပြော၊ ဘယ်အချိန် ပြောပြော၊ ဘာဆိုဘာမှ မကြားတတ်သော သူငယ်ချင်း ကဗျာဆရာ တစ်ဦးအား ကျွန်ုပ်တို့က ဤသို့ မှတ်ချက် ထောပနာ ပြုလေ့ ရှိပေ၏။

“ဒီအကောင်ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ကော်နရှင် ကျနေတာ” ဟူ၍ … ။
ထားပါလေ..။ ယခု အထူးတလည် ပြောချင်သည်က ကိုယ့်ငါးချဉ် ကိုယ်ချဉ်မည့် ကိစ္စ။ ဘာကိစ္စနည်း ဟူမူ ကျွန်ုပ်၏ မာတာမိခင် ကျေးဇူးရှင်အား ကျွန်ုပ်တို့ မိသားစုက ဝီကီဟု အမှတ်သညာ ပြုသည့် အကြောင်း ဖြစ်၏။ ကျွန်ုပ်၏ အမေသည် ဘာမဆို အကုန်သိ၊ ဘာဖြစ်ဖြစ် အကုန်သိ၊ ဘယ်ကိစ္စမဆို အကုန်သိ၊ ဘယ်လောက်ထိ သိသနည်း ဟူမူ ကျွန်ုပ်တို့၏ အင်တာနက် ပေါ်မှ ဝီကီကြီး ကဲ့သို့ပင်တည်း။ သို့သော် သူက ဟိုဝီကီနှင့် မတူ.. နယူးဗားရှင်း ဝီကီ ဖြစ်၏။ သူ့မျက်စိရှေ့ ပေါ်လာသည့် ကိစ္စ၊ သူ့ရှေ့တွင် ပြောဆိုမိသည့် ကိစ္စ.. အနှီသို့သော ကိစ္စများကို ကြားပြီဆိုလျှင် ကျွန်ုပ်တို့က အစပျိုးရုံ ပြောလိုက်သည်နှင့် ကျွန်ုပ်၏ မာတာဝီကီမှာ ၎င်းကိစ္စနှင့် ပတ်သက်သည့် ကိစ္စများကို ဘေးလူ ယုံသည် မယုံသည် အပထား၊ အာပေါင်အာရင်း သန်သန်နှင့် အဆုံးတိုင် ပြောလေတော့ခြင်း ဖြစ်ချေ၏။ မရှင်းလျှင် ဆက်ကြည့်လေ မိတ်ဆွေ..။

( ၃ )
“ဟုတ်တယ်… သူတို့ ကိုရီးယားမှာ တော်ရုံ တန်ရုံ ကွာရှင်းလို့ ရတာ မဟုတ်ဘူးလေ.. အဲဒီလိုမျိုး သူတို့က လက်မခံဘူး၊ တရားရုံးတိုင်း လိုလိုမှာ ဒီလိုပဲဟဲ့”

ဒါက ရုပ်သံမှ လာနေသော ကိုရီးယား ဇာတ်လမ်းတွဲကို ကြည့်၍ ခပ်တည်တည် ပြောနေခြင်း။ မသိလျှင် သူ ကိုယ်တိုင်ပဲ ကိုရီးယားတွင် ဆယ်နှစ် ဆယ်မိုး နေဖူးသလိုလို၊ ကိုရီးယားရှိ ကွာရှင်းမည့် လင်မယား အမှုများတွင် သက်သေ လိုက်ပေးဖူး၍ တရားရုံးများ အထာကို သိနေသလို။ “အမေက ကိုရီးယား ရောက်ဖူးလို့လား” ဟု မေးတော့လည်း တစ်ချက်မှ မလျှော့။ ကြည့်ဦးလေ.. ဖြေပုံကလေး။ “မရောက်ဖူးပေမယ့် ငါက သိကိုသိတယ်” တဲ့။ ကိုင်း.. ပြတ်ကရော မဟုတ်လား။

( ၄ )
“အမေက ဝီကီ ဆိုတော့ကာ ဖြေစမ်းပါ၊ ဂျာမန်တွေရဲ့ ကမ္ဘာကျော် ခေါင်းဆောင်ကြီးက ဘယ်သူတုန်း”

ဒါကတော့ ကျွန်ုပ်တို့က မာတာဝီကီအား ဘာမဆိုသိ၊ ဘာမဆိုတတ် ဆိုတော့ ဖြေနိုင်လျှင် ဖြေဟူသည့် သဘောဖြင့် ပညာစမ်းခြင်း ဖြစ်ချေ၏။ သူကား ပြုံးပြုံးကြီး လုပ်နေ၏။ ပြီးမှ တစ်လုံးချင်း ရှင်းရှင်းလင်းလင်း ဖြေလေ၏။

“အော် တ လာ”
ကျွန်ုပ်တို့ သရော်လှောင်ပြောင်ကာ ရယ်မောကြလေ၏။ ထိုအခါ ကျွန်ုပ်တို့၏ ဝီကီက
“ဟဲ့.. နင်တို့က ဘာလို့ ရီသတုန်း”

“ဟစ်တလာပဲ ရှိပါတယ် အမေရယ်… ဘယ့်နှယ် ရမ်းရွှီးတာများ အော်တလာ ရယ်လို့ပဲ… ဒါနဲ့များ ဝီကီတဲ့၊ ဘာမှလည်း မသိဘဲနဲ့”

“ဟဲ့… နင်တို့ကမှ ငတုံးတွေ၊ အော်တာနဲ့ ဟစ်တာနဲ့ အတူတူပဲ၊ လျှာမရှည်နဲ့၊ သူတို့ရဲ့ အလံတံဆိပ်တောင် ပြောပြရ ဦးမလား၊ အပေါင်း လက္ခဏာမှာ အညှောင့်လေးတွေနဲ့လေ”

စကားဆုံးသော အခါ ကျွန်ုပ်တို့ ပက်လက်လန် လေ၏။ ထိုသို့ သေးသေးကစ ကြီးကြီးအဆုံး တွေ့သမျှ၊ မြင်သမျှ အကုန်သိ အကုန်တတ် သဘော ရှိသောကြောင့် ကျွန်ုပ်၏ မာတာ ဝီကီအား ကျွန်ုပ်တို့ မိသားစုက တညီတညွတ်တည်း ဝီကီဟု ခေါ်ဆိုခြင်း ဖြစ်ချေလေ၏။ ဒါတောင်မှ

“ငါ Physics နဲ့ ဘွဲ့ရထားတာ နှစ် (၂၀)ကျော်ပြီ၊ ဗုံးလုပ်နည်း တစ်နည်းပဲ မှတ်မိတော့တယ်၊ E=mc2 ” ဆိုတာ ပါသေးသည်။ ဘေးလူ ကြားလျှင် ဗုံးတီထွင်နိုင်သူ ဟုပင် အထင်ကြီးမလား၊ လှည်းတန်း အများသုံး သန့်စင်ခန်း ဖောက်ခွဲသူပင် ဖြစ်ချေမည်ဟု သံသယ ရှိမလား မပြောတတ် နိုင်ပါပေ။ ထိုသည်တို့ မှာကား ကျွန်ုပ်တို့၏ အိမ်တွင်း ဝီကီ ဖြစ်သည့် မာတာမိခင် ကျေးဇူးရှင် အကြောင်း တစေ့တစောင်း ဖြစ်ချေ၏။

( ၅ )
ဤသို့ ဤပုံ အကြောင်းစုံတို့ အားဖြင့် ကျွန်ုပ်တို့၏ လူ့ဘုံလောက ဋ္ဌာနတွင်လည်း မာတာဝီကီ ရှိသည်၏ နည်းတူ ကျွန်ုပ်တို့ အမည်သညာ ခေါ်မှတ် ပညတ်ပြုစရာ လူ့ဂူဂဲလ်များ၊ လူ့ကွန်ပျူတာများ၊ လူ့အန်တီဗိုင်းရပ်စ်များ မားမားထွားထွား ပေါ်ပေါက် လာကြ ပါစေကြောင်း ဆုတောင်းရမည်သာ ဖြစ်ပေတော့သတည်။

(ယခုဖော်ပြပါ ဆောင်းပါးကို ICT Journal တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

သူရဿဝါ
28. Feb. 2012

www.thurathawah.net

www.facebook.com/ThuRaThaWah

www.facebook.com/LiteraryArtBlog

 

3 comments

  • NK

    March 9, 2012 at 12:36 pm

    အင်တာနက်=လုံခြုံမူမရှိသောသတင်းကွန်ယက်

  • pooch

    March 9, 2012 at 2:04 pm

    အိမ်က အမေကတော့ ခေတ်သစ် မာတာဝီစီပါ ။ တရွှီရွှီနဲ့ မှုတ်လွန်းလို့ နားတွေတောင် အူနေပါပြီ။ တခါတခါ ဝီစီမှုတ်လို့ အားမရရင် စက်သေနတ်နဲ့ ပစ်တတ်ပါသေးတယ်။ ငြင်းလို့ ရှုံးရင် ဗီတို အာဏာသုံးတတ်ပါတယ်။

Leave a Reply