မော်ဒန်ကဗျာဖတ်နည်းအကြောင်း နည်းနည်းလောက်ပြောမယ် အပိုင်း(၂)

မော်ဒန်ကဗျာဖတ်နည်းအကြောင်း သိသလောက် အပိုင်း(၂) အဖြစ် ဆက်လက်ရေးသားလိုက်ပါတယ်။ ဒါဟာ ကျွန်တော့ရဲ့ ကဗျာဖတ်ပုံဖတ်နည်း ယူဆချက် စကားပြေများဖြစ်ပါတယ်။ ပရိသတ်များကို တဆင့် ကျွန်တော် ခံစားသလို ပြန်မျှဝေလိုက်ပါတယ်။ ကဗျာဖတ်ခြင်း အဆင်ပြေကြပါစေ။
ဒီနေရာမှာ မော်ဒန်ကဗျာကို လိုင်းခွဲပေးခြင်း မဟုတ်ပါ။ ဖတ်ရိုးညွှန်း သက်သက်သာဖြစ်ကြောင်း နားလည်စေချင်ပါတယ်။
ဒီတစ်ခါ ကျွန်တော် ရှင်းပြချက်ကို ကျွန်တော့ အကြိုက်ဆုံး ကဗျာစာအုပ်ထဲမှာ ကောက်နုတ်ပါတယ်။ ဆရာနေနော်ရဲ့ ဖြောင့်ချက်ဆိုတဲ့ ခေါင်းစဉ်ပါ စာအုပ်ထဲမှ အကြောင်းအရာကို ခံစားကြည့်ပါအုံး။
ကဗျာတစ်ပုဒ်ကို ဖတ်ပြီဆို စကားလိန်တွေကို ကဗျာဆရာ ဘယ်လိုဖော်ညွှန်းလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်တတ်ရမယ်။ ကဗျာဆိုတာ ရိုးရိုးရှင်းရှင်း ရေးတာရှိသလို၊ အတွေးနက် ပုစာ္ဆဆန်ဆန် ရေးတားလည်း ရှိပါတယ်။ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ခံစားမှု စကားလုံးကို ဖတ်သူက စိတ်မှန်းနဲ့ မှန်းရတာမျိုးပါ။ ရေးသူထက် ဖတ်သူ ပိုထွင်းဖောက်မြင်ရင်တော့ ကဗျာတစ်ပုဒ်ဖတ်ရတာ ဟင်းကောင်းစားရသလိုပဲ မြိန်ပါတယ်။
ကဲ…အရင်ဆုံး ဆရာနေနော်ရဲ့ “ငါ့မိန်းမဟာ ငါ့ရန်သူမဟုတ်ဘူး” ကဗျာတစ်ပုဒ်မှ ကောက်နုတ်ချက်ကို မြည်းကြည့်ရအောင်။
“ယုံပါ
ငါဟာ ကိုယ်လုံးအရေပြားကို ချွတ်ပြီး
မင်းရှေ့မှာ ပုံခင်းထားခဲ့တာပါ။
အတ္တဆိုလို့လည်း (ဗန်းမော်တင်အောင် ပြောသလို)
မင်းကို ချစ်မိတာလေးပဲ ရှိခဲ့တာပါ။”
ဒီကဗျာပိုဒ်လေးရဲ့ ဆိုလိုချက်က သူ့မိန်းမကို ဆရာက အရာအားလုံးထက် ပိုချစ်တယ်ဆိုတာ ပြောထားတာပါ။ ဒါကို အပေါ်ယံအလွှာကို ဘေးဖယ်ထားပြီး အားလုံးကို ခဝါချ မင်းကိုချစ်တယ်လို့ ရည်ညွှန်းထားတယ်။ ဒါကို ကိုယ်လုံး အရေပြားနဲ့လည်း ခိုင်းနှိုင်းထားပါတယ်။ ပြီးရင် နှစ်ကြောင်းဆန်း နှစ်ကြောင်းရိုးဟန်လေးနဲ့ အတ္တရဲ့ ရယူပိုင်ဆိုင်ခြင်းကို ဖော်ညွှန်းထားတယ်။ မင်းကို ချစ်တာ တစ်ခုပဲ ရှိတယ်ပေါ့ဗျာ။
ကဲ နောက်တစ်ပိုဒ် “တနင်္ဂနွေနေ့၌ မိတ်ဆွေတစ်ယောက်နဲ့ ငါးမျှားထွက်ခြင်း” ကဗျာထုတ်နုတ်ချက်အား ခံစားကြည့်ပါအုံး။
“လက်ထဲရောက်ပြီးမှ ပြန်လွှတ်သွားတဲ့အခါ
ငါ့ဖျင်းသက်လက်ဟာလည်း
ငါးတန်လောက်တော့ ကြီးသေးတာပဲ”
ဒီပုံစံလေးကတော့ စကားပုံ အပြောကို ထွင်ပြီးရေးလိုက်တာလေ။ ဒါကို မြင်ရင် လွတ်တဲ့ငါ ပိုကြီး ဆိုတဲ့ စကားပုံလေးကို ခန့်မှန်းမိပါလိမ့်မယ်။ ဒါကို ချဲ့ထွင်စပ်တာလို့လည်း ခေါ်နိုင်ပါတယ်။ ငါတန်က ငါးကြီးထဲမှာ ပါပြီး ငါးဖျင်းသလက်က ငါးသေးထဲမှာ ပါတာကို ကဗျာဆရာက နှိုင်းယှဉ်ရေးဖွဲ့လိုက်တာပေါ့။
ကဲ…နောက်ဆုံး တစ်ပိုဒ်“ဖြောင့်ချက်” ကဗျာကောက်နုတ်ချက်ကို ခံစားကြည့်ပါအုံး။
“ဘဝမှာ တစ်ခါအဆင်မပြေတိုင်း
ဆံပင်ရှည် တစ်ချောင်း ဆွဲနုတ်ကြေးဆို
တစ်ခေါင်းလုံးလည်း
ပြောင်လုပြီ။”
ဒီအပိုဒ်လေးက သရော်သံနဲ့ ရေးဖွဲ့ခြင်းပေါ့။ လူတိုင်း ဘဝမှာ အဆင်မပြေတာမျိုး အနည်းနဲ့ အများရှိတတ်တာကို မီးမောင်းထိုးပြထားတယ်လေ။ အဆင်မပြေတိုင်းသာ ခေါင်းမွှေးတစ်ချောင်းနုတ်ကြေးဆို နောက်ဆို ကတုံးဖြစ်သွားနိုင်တယ်ဆိုတာ ဟာသသရော်သံလေးနဲ့ စပ်ထားတာပေါ့။
ကဲ…ဒီလောက်ဆိုရင် ခေတ်ပေါ်ကဗျာကို တီးမိခေါက်မိ သဘောတော့ပေါက်သွားနိုင်မယ် ထင်ပါတယ်။ ကိုယ်သိသလောက် ပြန်မျှဝေတာမို့ အမှားပါလည်း ခွင့်လွှတ်ပါဟု ပြောကြားရင်း…
စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • inz@ghi

    March 9, 2012 at 1:32 pm

    ဟတ်ကဲ့ …
    ဘွမှာရည်းစား၁ခါရတိုင်း ဆံပင်တချောင်းဆွဲနှုတ်ရမယ်ဆို
    မသေခင် ကော်လီနာ ဖြစ်ပါရစေ အရှင်ဘုရား….

    ဒက်ဂလောက် ….ဒက်ဂလောက် ….

    😀

  • စေပိုင်ထွဋ် (ပုသိမ်)

    March 9, 2012 at 1:50 pm

    ယောက်မ မြင်းစီးထွက်တယ်ပဲ ကြားဖူးပါတယ်
    ခုတော့ မိဂီ မြင်းစီးထွက်နေပါလား ဟားဟား

Leave a Reply