မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းပြည့်ကျော်၂ ရက် သောကြာနေ့

 

မန္တလေးဂေဇက် ရွာသူကြီးနဲ့တကွ ရွာသားများကျန်းခန့်သာလို့မာပါစ။ မင်္ဂလာချိန်ခါ

ဖြစ်စေသောဝ်။

ပြီးခဲ့တဲ့ တပတ်က ဆွေတော်ရှစ်ကောင်ဘိုးတော်ကြောင်တို့အကြောင်းရေးလိုက်ပြီးသကာလမှာ စုဖုရားတွေးမိတာက တော်ကြာ ကိုယ်ရေးတဲ့စာကလေး ( ငှက်မဟုတ်ပါ) သူကြီးရဲ့ကတ်ကျေးစာပဲမိမလား။ဒါမှမဟုတ် ခဲဖျက်စာပဲကျွေးမလားနဲ့တွေးလိုက်တာစက်တော်ခေါ်ဖို့ရာမြှေးလို့မှ    မရအောင် ပူပန်မိရဲ့ရှင်။

ဘာလို့လဲဆိုတော့ တို့ရွာမှာ ဘယ်က မိုးကျရွှေကိုယ်နန်းတွင်းရူးတယောက်လာရှုပ်ရသလဲရယ်လို့များ မြင်ပြင်းကတ် ပုဒ်မ တပ်လေမလားရယ်လို့…..။

စုဖုရားတို့ မင်းနေပြည်တော်ကြီးထက် ကြီးကျယ်ခန်းနားအောင် အကျယ်ချဲ့ငွေကုန်ခံထားတဲ့ ကြပ်ပြေးနေပြည်တော်ကြီးဆီအလည်တခေါက်ရောက်ခဲ့ပြန်တော့ ဖေါက်သည်ချချင်စိတ်တွေက ရင်ထဲ ကလိကလိနဲ့ အူယားလှသရှင်။

အင်း ခုတော့ရောက်ဖူးသူတွေရောက်ဖူးကြ၊ နေတဲ့သူတွေလည်းနေ နေကြလေတော့ အကြားအမြင်များနေကြပေမယ့် ရောက်တဲ့အခိုက်တွေ့လိုက်တာလေးတော့ မရောက်ဖူးသေးတဲ့ရွာကအမျိုးများရှိခဲ့ရင်သိစေချင်သပ။

 

မဟာရန်ကုန်မြို့ရယ်လို့ လောကနိဗ္ဗာန်လူတို့ဖန်တဲ့ နတ်ဘုံနတ်နန်းကို ဖြတ်လမ်းကနေ အလစ်သုတ်၊ အရှင်မွေးလို့နေ့ချင်းကြီး ၊ ပြည့် ဘဏ္ဍာမင်းဟာအမှတ်နဲ့ အပ်ချလောင်း နေပြည်တော်ကြီးပေါ်ပေါက်စေလို့ လိုတရ ဆေးကြိမ်လုံးနဲ့တို့လိုက်သလို သောက်ဖေါ်စားဖက် ငမိုက်သားတစုရဲ့ မကောင်းမှုမြှောက်မှုတွေကြောင့်

လွယ်သောအမှု ခက်စေ။ နိးသောခရီးဝေးစေ။ ကုန်ကျစရိတ်တက်စေ။ မိသားတစုကွဲစေ။ တိုင်းပြည့်ဘဏ္ဍာ ဘုံးကောင်းစေ  စေ စေ စေ……လက်ညှိုးညွှန်ရာဒုက္ခရောက်စေ။

ကဲလေ။ အဆိုးမြင်ဝါဒတွေ တိုက်ထုတ်ကြလို့ တို့တာဝန်အရေး ၃ ပါးနဲ မမေ့မလျှော့တွေ့တော့မယ်။

တပါးသောပြည့်ရှင်မင်းများတိုင်းနေပြည်တော်ကိုတည်ဆောက်တဲ့အခါ ကာလ ဒေသ သဘ၀ မျှတအောင်

အဖက်ဖက်က တွေးဆတော်မူကြမယ်ထင်ရဲ့။ စုဖုရားတို့နေပြည်တော်သစ်ကြီးမတော့ ဒေသ တွေ သဘာဝတွေထက် အ၀ိုင်းတွေ အ၀ိုင်းတွေက မနဲပါလားကွယ်တို့ရဲ့။

ညဖက်ရောက်တဲ့အချိန်မှာတွေ့မြင်လိုက်တဲ့မြင်ကွင်းဟာ အလို နေ့အလားလင်းထိန်ရှင်းလင်းတဲ့မြင်ကွင်းကိုမြင်ရပြန်တော့ သြော် ဒါဟာ နေပြည်တော် ၊ နေပြည်တော်ဆိုတာ ဒီလိုကိုးလို့။ လမ်းမီးတွေ ပန်းခြံလုပ်ထားတဲ့အ၀ိုင်းက ထိန်ထိန်ညီးနေတဲ့မီးတိုင်တွေ ရှိနေပေမယ့် အဲဒီအ၀ိုင်းနဲ့ လမ်းမ တွေ ပတ်ဝန်းကျင်မှာ လေညှင်းခံမယ့်သူမရှိ အိမ်မက်ထဲက စိတ်ကူးယဉ်မြို့တော်ထဲရောက်နေတယ်မှတ်ရ။

ရွာငယ်ဇနပုဒ်မီးကလေးမှိတ်တုတ်ဖြစ်နေတဲ့ ရွှေဂက်စ်ကမ်းရိုးတန်းနဲ့တော့ဆန့်ကျင်ဖက်ပဲလေ။ လူတွေရှိနေပြီးလျှပ်စစ်မီးမရလို့မှောင်နေတဲ့နေရာကဓါတ်ငွေ့တွေကိုလူရှိတယ်ဆိုရုံလောက်မြို့တည်ထားတဲ့ အဆောက်အဦးတွေ အ၀ိုင်းတွေနဲ့ပြည့်နေတဲ့နေရာမှာဗုံးဘောလအောသုံးထားတာ တလွဲဆံပင်ကောင်း။

ဒါနဲ့ တည်းခိုဖို့ရာဇရပ်သာလေ ဟိုတယ်စခန်းမြန်းရပြန်တော့ လှမ်းလိုက်ရတာတမျှော် တခေါ် မပြီးသေးသောပန်းချီကားနော် ဆိုချင်ရဲ့။ဟိုတယ်ဇုံရဲ့ ဟိုတယ်ပတ်ဝန်းကျင်မှာ ဆောက်လုပ်လက်စ ဆောက်လုပ်ရေးတွေ။ လေသာပြတင်းကကြည့်မိမှပိုဆိုးတော့တယ်။ ဟိုတယ်ရှေ့ဖက်တော့မိတ်ကပ်လိမ်း ရှုချင်စဖွယ်လုပ်ထားပေမယ့် ဘန်ဂလိုတွေရဲ့အနောက်မတော့ လွင်တီးခေါင်မှာ ချုံပုတ်လေးတွေက ကျိုးတိုးကျဲတဲ။

ထားပါတော့လေ။ လူမရှိပဲ နတ်ဘုံနတ်နန်းဖတ်ဆင်ူထားသလိုတွေ့ရတော့ ဘိုးဘိုးတွေပြောပြခဲ့ဖူးတဲ့နာနာဘာဝကြပ်တွေက လူတွေကိုဖမ်းစားချင်ရင်လူတွေနေတဲ့မြို့ရွာပုံစံတွေအဖြစ်အောင် ဖန်ဆင်းထားပြီးနံနက်မိုးသောက်အလင်းရောက်တာနဲ့ ညကမြင်ကွင်းတွေပျောက် လူတွေလည်း ကြက်ပျောက် ငှက်ပျောက်နဲ့ ကုန်းကမူလေးတွေ သစ်ရွက်ခြောက်တွေ သစ်ကိုင်းခြောက်တွေပဲဖြစ်ကုန်သတဲ့။ ဘိုးဘိုးပြောတဲ့

ကြပ်ကုန်းကိုသတိရမိရဲ့။ အေးလေ။ခုရောဘာထူးလို့လဲ အမည်နဲ့အရပ်ကလည်း ကြပ်ပြေးနေပြည်တော်ပေကိုး။

ရွေဥာဏ်တော်စူးရောက်သူက စူးရောက်သလောက် ဘေးကနေ၀ိုင်းပြီးမြှောက်ပေးသူများကလည်း ဒီယုံ မြင်လို့ ဒီချုံထွင်သကိုးကွယ့်။ အကြံပေးတဲ့ မြို့တော်သစ်တည် ကန်ထရိုက်တာများချမ်းသာစေကြောင်း ခွင် (ဂွင်) ကောင်း ကောင်း။ လူသူမနီးတဲ့တောကြီးမျက်မဲထဲ အဘယ်ကြောင့်ဒီလိုဆောက်ရသလဲဆိုတာ ပုပ်တော့လဲပေါ်

ဟုတ်တော့လဲကျော်ပေတာက သက်သေ မို့လား ရွာသားတို့ရဲ့။ ဖေါ်ကောင်ဘညွန့် ဟုတ်ပေါင် ဖေါ်ကောင်သတင်းပေးတွေလုပ်တော့မှပဲ  ရွှေဥာဏ်တော်စူးရောက်ရတဲ့အကြောင်းရင်းဟာ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော် ခွေးပြေး ၀က်ပြေး ပြေးရင် တွင်းအောင်နိုင်ဖို့ လှိုင်ဂူတော်ဆောက်သတဲ့။ မင်းနေပြည်တော်အဖြစ် အကြီးအကျယ်ကြံစည်တော်မူတာဒါကြောင့်ကိုး။ ပြည်သူတွေအားကိုးထိုက်ပါတဲ့ မင်းတြားကြီးနဲ့ ဂျီးတော်ကြိုင်တို့ပေပဲ။ တန်တော့ တကြိမ်တခါက ဂျီးတော်ကြိုင်

တယောက် သပြေကုန်းအ၀ိုင်းမှာ လက်တဖက်က ခွေးကိုဆွဲ လက်တဖက်က ၀က်ကိုဆွဲပြီးပြေးခဲ့တဲ့ကိစ္စ က ဂလိုကိုး။ ဟားဟား။ စုဖုရားတော့ ရယ်ချင်လိုက်တာ ဖတ်ဖတ်မော ရင်ဘတ်နောက်က ကျော။ ဂျီးတော်ကြိုင်ရဲ့ပုံကို တွေးမြင်မိရဲ့။  ရူး လဲ ရူးနိုင်ပါပေ့။ ဒါမျိုးပဲဖြစ်မယ် ပုထုဇ္ဖနော ဥမ္မတကော လူဆိုတာပေါတောတော။  အင်းပြောသာပြောရ ဒင်းတို့ကတော့ ပေါတဲ့ ဟိုးဖက် မိုင်တစ်ထောင်လောက်ကိုလွန်

နေတဲ့ ဥစ္စာရူး အာဏာရူးတွေ။

ဒီတပတ်တော့ ဒီမျှနဲ့ရပ်တော့မှ။ စုဖုရားလည်း ရောမ ရောက်က ရောမ လို ရွာရောက်တော့လည်း  ရွာသားပေါ့လေ။ ရှေ့လျှောက် စုဖုရားအမည်ပျောက် တို့များလည်း ရွာသားဘ၀နဲ့နေပါ့မယ်။( တို့ကိုစုဖုရားဆိုလို့ ၀ိုင်းပြောကြတာကိုး)

တူမီးသေနတ်ပိုင်ရှင် သူကြီးနဲ့တကွရွာသားအားလုံးကျန်းမာချမ်းသာဘေးရန်ကွာစေ။

ပြည်တခွင်ကို အေးချမ်းကြည်လင် စေချင်တဲ့ ကြည်လွင်။

( ဒီစာရေးနေတုန်း ရုပ်မြင်သံကြားကနေ တပေါင်းလပြည့်နေ့ ရွှေတိဂုံစေတီဘုရားဖူးများ ရင်ပြင်တော်အပြည့် ကြက်ပျံမကျ စည်ကားတာကိုော့ တစ်မီးတစ်လောက်ပဲပြပြီး ကြပ်ပြေးနေပြည်တော် ရွှေတိဂုံအတုမှာ ဖွတ်ချီးသမ္မတဂျီးနဲ့ မိုက်ဖေါ်သေဖက် ငမိုက်သားတစ်စုသူကြီးဘုရား ရွာသားကောင်းမှုလုပ်နေတာကျတော့ နာရီဝက်နီးပါးပြနေလိုက်တာ။)

About Kyi Lwin

Kyi Lwin has written 57 post in this Website..