အခု ပေါက်နေတဲ့ စာသား

marblecommetMarch 10, 20121min714

မင်း အလုပ်အကိုင်ကို ပြော

မင်းငါ့အပေါ် နည်းနည်းလူရာဝင်လိုတာနဲ့

မင်းမှာ အလုပ်အကိုင် တစ်ခုခု လိုလာပြီ

မင်း အခု ဘာလုပ်နေတာလဲ

အဲဒီမေးခွန်းနဲ့ နှုတ်ဆက်မခံလိုရင်

ငါ ဘာမှ မလုပ်ဘူး ဆိုတာကို ငုံပြီး

ကမ္ဘာအပြင်ကို ထွက်ပြေး

မင်း အလုပ်အကိုင်ကို ပြော

မင်းအရေအပြားတွေ ခန်းခြောက်နေရင်

ငါ့စိမ်းစိုမှုပါ ပျက်သုဉ်းနိုင်တယ်

အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့

မင်းကြားဖူးတယ်မဟုတ်လား

ငါတို့ကမ္ဘာကြီးမှာ အဲဒီလို နေထိုင်ကြတယ်

မင်းမှာ အလုပ်မရှိရင်

ပုံသေနည်းအရ မင်းကိုအထင်သေးရမှာ စိတ်မဆိုးပါနဲ့

မင်းဟာ ငါတို့အားလုံးကို

ဒုက္ခသည် စခန်းလို့ ထင်လား

အနုပညာရောင်ရမ်းတာ အလုပ်မဟုတ်ဘူးလား

လူအဖြစ် သပ်သပ်ရပ်ရပ် ရှင်သန်တာကိုက

အလုပ်မဟုတ်ဘူးလား

မင်းမေးခွန်းမှာ ငါတို့ကြမ်းတစ်ပြေးတည်း မထိုင်ဘူး

ရောက်ရက်ခတ်နေတဲ့ ကမ္ဘာကြီးမှာ

မင်းက အေးဆေးသမားလား

ဂျွန်စတိန်းဘက် လို အလုပ်စုံရမှာလား မမေးနဲ့ မသိဘူး

မြို့ပတ်ရထားပေါ် ကဗျာစာအုပ်လိုက်ရောင်းရင် ရမလား

မမေးနဲ့ မသိဘူး

ရိုးရိုးသားသားပဲဖြေပါ

မင်းအလုပ်ကောင်းလား မကောင်းဘူးလား

မင်းသီအိုရီကို ငါတို့ သုံးသပ်ပြီး

ဘီယာဆိုင်မှာ ဆုံသင့်ရင် ဆုံကြတာပေါ့…..။        ။

19 . 10 . 2006 နံနက်….3 . 15

4 comments

  • a me

    March 11, 2012 at 4:22 pm

    အဲ့ဒါ ပွက့်လင်းတဲ့ အသုံးအနှုန်းပါပဲ

  • marblecommet

    March 11, 2012 at 6:49 pm

    ဟုတ်ကဲ့ဗျ
    2006 ခုနှစ်က ရေးထားတာ
    ပြန်တွေ့လို့တင်လိုက်တာဗျာ

  • windtalker

    March 12, 2012 at 2:13 pm

    ဘီယာဆိုင်မှာ ဆုံဖို ့
    ဒီအတိုင်း မလာခဲ့ပါနဲ ့
    ဘာ ၁ဝနာရီ ထိုးတော့မယ်…
    မနေ ့က အိပ်ယာမှာဘဲ
    ငါ အိပ်မောကျနေခဲ့

  • marblecommet

    March 20, 2012 at 1:47 pm

    အနီကောင်တွေကို
    ချစ်တယ်ကွာ…..
    ဟင်း ဟင်း… သိတယ်နော်
    ဘယ်လိုချစ်တယ်ဆိုတာ…
    ငထိပ်နီ…..

Leave a Reply