လေတိုက်ရာ အရပ်သို့ မျက်နှာမူကာ(၅)

marblecommetMarch 10, 20121min863

ရေသောက်မြစ်တစ်ခုလိ်ု ငြိမ်သက်နေသော မင်းအကြောင်းများ၏အတွေးတွင် ငါ အေးခဲ့ရပ်တန့်နေသည်။ အကြောင်းအမျိုုးမျိုးကြောင့်မဟုတ်ဘဲ ရင်ဆိုင်နေရသော ပြသနာအမျိုးမျိုးမှာ ငါ့ရင်ပူသည်။ ထို့ကြောင့်ပိုရု် လက်တံရှည်လာသော အရက်ပုလင်းထဲတွင်  ပျော်ရွှင်ခြင်းများ ဝမ်းနည်းနေပါ၏။

ငါသည် အချစ်အား ဖဲပွတ်သလိုပွတ်၏။ ပြီးသောအခါ အချစ်သည် ရှက်ရွှံ့ဖွယ်သိပြီးသား ဖဲတစ်ချပ်ဖြစ်လို့နေသည်။ အစိမ်းရောင်ဖြင့်လောင်သော အခန်းတစ်ခုတွင် ငါနေသည်။ ထိုအခန်းထဲတွင် အရပ်ပုပြီး မျက်ဝန်းလှသော ကောင်မလေးတစ်ယောက်အား နာမ်လောက တွင်ဖွက်ထား၏။ ရာသီဥတုသာယာသော နေ့တစ်နေ့တွင် သူမအား ခိုးပြီးသွားချောင်းကြည့်ခဲ့သည်။ လသာသော ညတစ်ညတွင်လည်း သူမအား အိပ်မက်ထဲတွင် ဖမ်းချုပ်လိုက်သည်။ ငါသွားလေရာ ခေါ်နေမိသော သူမသည် အလိုအလျှောက် သူမဘာသာဖြူဖြူလွင်လွင်ရယ်နေသည်။ ငါနှင့်မည်သို့မျှမဆိုင်။

ပုတ်သင်ညိုတစ်ကောင်လို ပြောတိုင်းယုံတတ်သော အမှုကိစ္စကို ဆန့်ကျင်ရန်အတွက် အတ္တကို ကိုယ်ရောက်ဖျောက်ထားသော ကဗျာဆရာယောင်ဆောင်ထားသူ တစ်ယောက်နှင့်ဆက်ဆံခြင်းမှ  ရပ်တန့်လိုက်သည်။ အကြောင်းအရာ ပုံသဏ္ဍာန်နှင့် နည်းစနစ်ဆိုင်ရာ ပုံစံများအား ဖျက်ဆီးပစ်လိုက်ကြရန် ငါကြွေးကြော်မည်။

သူမ၏ အရိပ်သည် 15 ပေရှည်ထွက်နေရာမှ ငါ၏အရိပ်သည် တစ်လက်မခန့်ပုဝင်သွားသည်အထိ ငါထိုင်ငေးသည်။ လူမှုဆက်ဆံရေး သည် မြောက်ဘက်အရပ်မှ လေညှင်းနှင့်အတူ ပူးတွဲရောက်ရှိလာသည်။ အိမ်ထောင်သားမွေးမပြုလုပ်သော လူတစ်ယောက်ကို အထီးကျန်ဟု စွပ်စွဲလိုက်ကြသည်။ ရေးချင်သလိုရေးထားသော စာကြောင်းများအား လူအများ မဖတ်ခြင်းမှာ ထိုစာသားများ၏ အောင်မြင်မှုဖြစ်သည်။ လောကဓံ သူသောအရာသည် ဘယ်လိုအကောင်မျိုးနည်း။ သူ့တွင် မြင်းကောင်ရေအား မည်မျှရှိသနည်း။

လောက၏ ရှုပ်ထွေးခြင်းများတွင် သူမအား မပါဝင်စေလို။ အကြောင်းကိစ္စတိုက်ဆိုင်မှသာ စိတ်က ဖောက်ပြန်ခြင်းမဟုတ်။ တိမ်ကလေး တစ်ဆုပ်လှပရုံဖြင့် လူတစ်ယောက်ပြိုပျက်သွားနိုင်သည်။ ထူးဝေ ဟုခေါ်သော လှိုင်သာယာသား ကဗျာဆရာတစ်ယောက်သည် ငါ့ဘော်ဒါဖြစ်သည်။ သူလည်း ထိုနည်းနှင်နှင် လဲကျခဲ့ဖူးသည်။ ထိုစဉ်က ငါတို့မှီဝဲခဲ့ရသည် မှာ ပယင်းရောင် ညနေခင်းများဖြစ်ခဲ့သည်။

စံပါယ်တစ်ခင်း ကဲ့သို့ နုဖတ်ရီဝေသော နေ့တစ်နေ့သည် သင်တို့ထံသို့မည်သည့်အချိန်တွင်  ဆိုက်ရောက်လာမည်နည်း။

ကုန်ကားကြီးတစ်စီးပေါ်၊ မီးရထားကြီးတစ်စီးပေါ်၊ ပင်လယ်ကူူး သင်္ဘောကြီးတစ်စီးပေါ်တွင် ခိုကပ်လိုက်ပါလာသော လူငယ်လေးသည် မိသားစု၊ သူမနှင့် သူငယ်ချင်းများထံမှ တရားမဝင်ခိုးထွက်လာသော စက်လှေတစ်စီးဖြစ်၏။

မကောင်းဆိုးဝါးများ နေသောအရပ်တွင် အနုပညာပေါများ၏။ အားလုံးသိပြီးသား ဆိုပေမယ့် အားလုံးမေ့နေကြကာ မပြောပဲလည်းမနေနိုင်သော ညများသည် လရောင်မြစ်ဖြစ်သည်။ သို့သော် ထိုမြစ်များသည် တစ်ချို့သော လူတွေအတွက် ကောသွားခဲ့လေပြီ။

ပင်လယ်ရေမျက်နှာပြင်အထက် ပေ နှစ်ထောင်တွင်နေထိုုင်သော ပုဂ္ဂိုလ်တို့သည် စိတ်၏မျက်နှာပြင်အထက် ရိုးသားခြင်းပေမည်မျှမြင့်ပါသနည်း။ တစ်ခါတစ်ရံ ဂီတသံသည်  လူတွေနားထောင်ရန်အတွက်မဟုတ်ပဲ တိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များအတွက် ဖြစ်နေတတ်သည်။ ပုတီး တစ်ကုံး၏ အလျှားလိုက်ခရိးစဉ်တွင် စိတ်ရမ္မက် ခရီးသည်ပေါင်း မရေတွက်နိင်အောင် လိုက်ပါစီးနှင်းကြ။ မာယာများသော အရပ်သည် ပျော်စရာ အကောင်းဆုံးနှင့် အပေါစားပျက်လုံးများ ထွန်းကားရာအရပ်လည်းဖြစ်သည်။ အာဖရိကတောနက်ထဲမှ ခြင်္သေ့တစ်ကောင်နှင့် မုဆိုးကြီးအလန်ကွာတာမိန်းနှုတ်ဆက်နေပုံ တိုင်းမဂ္ဂဇင်းမှာ ပါလာတော့မည်ဖြစ်သည်။ ခန္ဓာကိုယ်အချိုးအစားကျနမှုဖြင့် အောင်မြင်နေသော ယောက်ျားဘသားတစ်ယောက်၏ ရင်ဘတ်တွင် မွေးရာပါ အားနည်းချက်ရှိသည်။ ဥရောပမှ ရိုနယ်ဒို ကန်သွင်းလိုက်သော ဂိုးတစ်ဂိုးသည် မရမ်းကုန်းမြို့နယ် သမိုင်းတစ်ရပ်ကွက်မှ အိမ်တစ်လုံးအား ဖွတ်ဖွတ်ညက်ညက်ကြေအောင်  ထိမှန်သွားသည်။ ဥမမယ် စာမမြောက်မိန်းမတစ်ယောက်ကြိုက်သော အစားအစာကိုလိုက်လံမေးမြန်းနေသော အင်တာဗျုဝါတစ်ယောက်၏ ပါးစပ်ထဲဝက်တစ်ကောင်လုံးခုန်ဝင်သွား ၏ ။ မျက်မှောက်ခေတ်သိပ္ပံပညာရှင်တို့သည် လက်တွေ့ကျကျလေ့လာရန်အတွက် အိမ်ထောင်တစ်ခုအား အကျအနတည်ဆောက်ရန်ကြိုးပမ်းနေသော မိန်းမတစ်ယောက်ကို အတုယူသင့်သည်။

သည် စာကြောင်းများသည် ပြီးဆုံးရန် အချိန်မတိုင်သေးဘဲ ပြီးဆုံးခဲ့လေပြီ . . . ။

3 comments

  • pooch

    March 10, 2012 at 11:10 pm

    အောင့်ထားပါ ၊ တောင့်ထားပါ ၊ ဆုပ်ကိုင်ထားပါ ၊ ဆိုးမျိုးခံနိုင်မှ ပါရမီ သန်ပါတယ်တဲ့။

    မှောင်တဲ့ အခါတွေ ရှိပေမဲ့ မနက်ခင်းကတော့ ရောက်လာမှာပဲ ။ မျှော်လင့်ချက်သာ အသက်ဝင်နေပါစေ။

  • a me

    March 11, 2012 at 4:28 pm

    အသတ်ရှုူရတာ ဝတာပေါ့ မျက်နှာမူထားတော့ ဒါပေမယ့် အသားတော့မဲ မယ် ထင်တယ်

  • marblecommet

    March 11, 2012 at 6:49 pm

    အေမီရယ်..
    အသားမည်းမှာကို
    ဒီလောက်တောင်တွေးပူရသလားဗျ….

Leave a Reply