“သံစဉ်မဲ့ လရိပ်ည ”

“သံစဉ်မဲ့ လရိပ်ည ”

သံစဉ်မဲ့ လရိပ်ည

ဒီည ………လပြည့်ညလေ……………….
ဖယောင်းတိုင်မီး၊
ဘတ်သီးမီး၊
ဖလော့ဆင့်မီး၊
ဘက်ထရီမီး၊
နီယွန်မီး၊
မာကျူရီမီး။
ရောင်စုံမီး ရှိသမျှမီးအားလုံးမှိတ်။
ရင်ထဲမှာရှိနေသမျှ
အချစ်မီး အမုန်းမီး
လောဘမီး“ဒေါသမီး
မောဟမီး တဏှာမီး
အပူမီး အပျော်မီး
မာနမီး
ရှိသမျှ မီးအားလုံးလဲပိတ်၊
အေးမြတဲ့လအရိပ်ကို ခံစားရင်း
ငြိမ်းချမ်းစွာနေမယ်။

ဒီည တိတ်ဆိတ်တဲ့ လပြည့်ညလေ………………..

တရို့ရို့နဲ့ အော်တဲ့ ဟစ်ဟော့
ဝုန်းဒိုင်းကြဲတဲ့ အော်လတာ
ဗြူးဗြူးဗြဲဗြဲ့ ဟဲဗီးရောခ့်
မဟော့တဟော့ ဖောစ်ထရောခ်
ပျင်းရိပျင်းတွဲ ကန်းထရီးလဲမလာခဲ့နဲ့။
အရက်မူးမှအော်တတ်တဲ့
ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်တဲ့“နဂါးနီ”လဲနားထား။
လူများများနဲ့သံစုံအော်တဲ့
အသက်ကလေးရဲ့ရှည်စေလို ရေညိုညိုရစ်ခါသန်းရွှေမန်းတောင်ရိပ်ခိုတဲ့
မြနန္ဒာ အဲဒါလဲ မလိုချင်ဘူး။
ချစ်သူဟောင်းတမ်းတ
ကွဲသွားတဲ့အသဲကို အရက်စိမ်ထားတဲ့သီချင်းသံလဲမကြားချင်ဘူး။
မူန်ဝါးဝါးရှေးဟောင်းရုပ်ရှင်ကြည့်ရသလို
မောင်ရယ် မေရယ်အသံလဲမကြားချင်။

ပြောနေရင်ကြာသကွာ……………………..
လူတွေဖန်ဆင်းထားတဲ့
အလင်းရောင်တွေလဲပိတ်
သံစဉ်တွေလဲ တိတ်
အေးမြတဲ့လရောင်အရိပ်မှာ
တိတ်ဆိတ်ခြင်းရဲ့ ဂီတ ခံစားကြမယ်။
လာကွာ မျက်ဝန်းလေးအသာမှိတ်
တိတ်တိတ်ကလေး အိပ်ကြရအောင်…………………………………………….

ကိုပေါက်လက်ဆောင်အတွေးစဉ်
(11-3-2012)

23 comments

  • water-melon

    March 11, 2012 at 8:45 am

    ဘဘလေးပေါက်ကလည်း
    မျက်ဝန်းလေးအသာမှိတ် အခန်းတံခါးလေးပိတ် ဂျိတ် :mrgreen:
    တိတ်တိတ်ကလေး အိပ်ကြရအောင်…… ခေါ ဂူး ခေါ( သူကြီး ဟောက်သောအသံ)
    ဟီး ခံစားသွားပါတယ် ချင့်။

  • aye.kk

    March 11, 2012 at 9:48 am

    လအရိပ်…
    မှေးမှိတ်မျက်လွာ…
    ကြယ်စင်အိမ်မက်..
    မျက်ဝန်းရိပ်မှာ..
    ဝေဒနာတွေ…မရှိ
    ကြည်နှူးအတိ…ဖြာ။

  • နွေဦး

    March 11, 2012 at 9:54 am

    အခုလျှပ်စစ်မီးက မှန်နေတော့
    “ပြောနေရင်ကြာသကွာ……………………..
    လူတွေဖန်ဆင်းထားတဲ့
    အလင်းရောင်တွေလဲပိတ်”
    အင်းနော်…ခံစားချင်တော့ မီးတွေ ပိတ်ခိုင်းရတော့တာပေါ့..

  • လောဘ မီးကို မှိတ်ထားပေမယ့် …
    လပြည့် ညချမ်းလေးကိုတော့ သာယာနေမိမှာ အမှန်ပါပဲ …
    ဒေါသမီး မှိတ်ထားပေမယ့် …
    လပြည့် ညချမ်းလေး ကွယ်ပျောက်သွားမှာကိုတော့ မသိမသာ ပူပန်နေမိမှာ အမှန်ပါပဲ ..
    လေးပေါက်ရေ …
    ရင်ထဲက မီး အကြီးစားတွေကိုပဲ ညိမ်းသတ်ပြီး သံစဉ်မဲ့ လပြည့်ညချမ်းလေးမှာ အိပ်စက်ကြရအောင်လားဗျာ … ။

  • TTNU

    March 11, 2012 at 1:58 pm

    Comments အားလုံးရဲတောက်နေပါလား။
    သံစဉ်မဲ့လရိပ်ညမှာ လုပ်ကြံသူတွေရှိနေပြီ။
    Watch out!!!!

  • snow white

    March 11, 2012 at 2:29 pm

    ပုံလေးကိုအရမ်း ကြိုက်ပါတယ် တကယ် ရိုက်ချက်ကောင်းတယ် သိလား

  • a me

    March 11, 2012 at 3:33 pm

    လပြည့် လား လကွယ်လား မသိရတာ နေ့ပေါင်းတော်တော်ကြာနေပါပြီ ဦးဦးရယ်

  • (အခုလျှပ်စစ်မီးက မှန်နေတော့
    “ပြောနေရင်ကြာသကွာ……………………..
    လူတွေဖန်ဆင်းထားတဲ့
    အလင်းရောင်တွေလဲပိတ်”
    အင်းနော်…ခံစားချင်တော့ မီးတွေ ပိတ်ခိုင်းရတော့တာပေါ့..)
    နွေဦးရေ…………..
    မီတာခ သက်သာအောင်သွယ်ဝိုက်သောနည်းနဲ့တိုက်တွန်းတာပါကွဲ့။

  • KoNyeinChan

    March 11, 2012 at 5:05 pm

    ကိုပေါက်ရေ… ဝိုးတဝါးမြင်နေရတဲ့ သစ်ကိုင်းလေးတွေအပေါ်ကို စိတ်က ရောက်သွားတယ်.. ခံစားမှုတမျိုးနဲ ့ပေါ့ဗျာ

  • pooch

    March 11, 2012 at 8:17 pm

    ကောင်းကင်က လဟာ တခြားဂြိုဟ်နက္ခတ်များလိုပဲ လူသားများအပေါ် ဩဇာသက်ရောက်မှုအထိုက်အလျောက် ရှိတယ်။ စိတ်ဆင်းရဲနေကြသူတွေ၊ စိတ်ဝေဒနာရှင်တွေဟာ လပြည့်နေ့ကျရင် ပိုပြီးရောဂါတိုးလာတတ်တာကို လေ့လာတွေ့ရှိရတယ်။ တချို့ရောဂါရှင်တွေဟာ လဆန်းရက်တွေမှာ ရောဂါတိုးလာတာကိုလည်း တွေ့ရတယ်။ ဒီရေ အတက်အကျဟာလည်း လရဲ့ ဆွဲအားကြောင့်ဖြစ်ရကြောင်း လေ့လာတွေ့ ရှိခဲ့ကြတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်း ဟာ ရေဓာတ်များဖြစ်ပါတယ်။ ဆေးပညာရှင်များလေ့လာ တွေ့ရှိထားတာက ခန္ဓာကိုယ်ထဲက ရေဓာတ်စာ လပြည့်နေ့တွေမှာ ပိုပြီးလွတ်လွတ်လပ်လပ် စီးဆင်းတယ်လို့ ဆိုတယ်။ မိမိရဲ့ စိတ်ကို အဆင့်မြင့်အောင် စင်ကြယ်အောင်လေ့ကျင့်ပျိုးထောင် ထားခြင်းမရှိကြတဲ့ လူပုဂ္ဂိုလ်များမှာ လရဲ့ ဩဇာသက်ရောက်မှုပိုပြီး ထိရောက်တယ်လို့ ဆိုပါတယ်။

    (ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက — ဆန်းလွင် ( ရှင်အာဒိစ္စရံသီ) ၁၉၃၈-၂၀၀၂)

  • တစ်ခါက လူတစ်ယောက်က မယ်ပုရေးထားသလို လရဲ့ ဓါတ်ကို ခံယူချင်ပါသတဲ့။
    ဆောင်းတွင်းရဲ့ လပြည့် ညတစ်ရက် ညပိုင်းမှာ သူ့ကိုသူသန့်အောင်ရေအရင်ချိုး။
    ပြီးတော့ လဓါတ်ကို အပြည့်အဝရအောင် သဘာဝအတိုင်းနေပြီး ခြံထဲမှာလမ်းလျှောက်နေပါသတဲ့။
    ခဏနေတော့ ရပ်ကွက်က အမြင်မတော်လို့ဖုန်းဆက်လိုက်ရပါသတဲ့။
    ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။

  • Gipsy

    March 11, 2012 at 10:23 pm

    တစ်နေကုန်ပြန် ဒို့ရုပ်နာမ် သေရန်တစ်ရက်နီးခဲ့ပီ တစ်ညကုန်ရန် နှစ်နာရီ အကျန် တစ်ရေးဝအောင်အိပ်တော့မည်………ကိုပေါက်ရေ ….။

  • aye.kk

    March 11, 2012 at 10:52 pm

    လသာညရက်များက…
    လူ့စိတ်နှလုံးအားကြည်နှူးရွှင်ပြုံးချမ်းမြေ့လန်းဆန်းစေပါသည်။။

  • yaungchikha

    March 12, 2012 at 11:10 am

    လပြည့်ညမှာ အေးမြတဲ့ လရောင်ရဲ့ အလင်းဓါတ်လေးက စိတ်နှလုံးကို ငြိမ်းချမ်းစေပါတယ်…

  • သိပ်မှန်တာပေါ့ ရောင်ခြည်ခရေ
    ဂျူးရဲ့ ဝတ္တုတစ်ပုဒ်ထဲမှာ လရောင်ဖမ်းစားတာခံလိုက်ရတော့ ရီးစားတစ်ယောက်ရသွားသလဲ့

  • Mon Kit

    March 12, 2012 at 12:52 pm

    အေးမြတဲ့ လရောင်နဲ့ ငြိမ်းချမ်းတဲ့ အမေ့ရဲ့ရင်ခွင်ကို သတိယတယ်..

  • ko ko soegyi

    March 13, 2012 at 9:09 pm

    ရဲရဲတောက် ဒို့ဗမာတွေ.. သတ္တိခဲတွေ…
    ဒီသီချင်းလည်း ဒီလိုလရောင်အောက်မှာ စပ်ခဲ့ထာထင်တယ်ဗျ..
    ရဲသလားမမေးနဲ့..

  • ဒီအရဲတွေက စိတ်ထဲထားလောက်စရာမရှိပါ။
    လက်ဆော့တာ သက်သက်ပါ။
    ကြိုက်သလောက်ရဲပေ့စေတော့။

  • kotun winlatt

    March 13, 2012 at 10:32 pm

    လသာတဲ့ လပြည့်ညဆို
    အိပ်ရမှာ နှမြောတယ်ဗျာ…
    လမင်းကြီးကိုငေးကြည့်ရင်း
    ဂစ်တာလေးနဲ့ အလွမ်းသီးချင်းတွေညာဉ်းရင်ညာဉ်း
    ဒါမှမဟုတ်… ကိုတိုးကြီး ၊ ကိုထီးသီးချင်းလေးဖွင့်ပြီးနားထောင်
    အရသာရှိမှရှိ လေးပေါက်ရာ….

  • ကောင်းတာက ခိုင်ထူးရဲ့
    စိမ်းမြ………….သစ်ရွက်တို့ကြွေနေဆဲ…………………….
    တစ်ချို့တွေနေနိုင်လွန်းတယ်…………………….နဲ့မှလိုက်ဖက်တာ

Leave a Reply