ကျမ မိန်းမ တစ်ယောက်ပါ။ တစ်ခါတစ်ရံလိမ်ညာတတ်ပေမဲ့ ကိုယ့်ကိုယ်ကို သွေးသားထဲက ကို ရိုးသားနေတယ် လို့ ထင်နေသူပေါ့။ ကောက်ကျစ်သူတွေကို ဒီလိုကောက်ကျစ်ရတဲ့အကြောင်းရင်းက ဘာလဲ လို့ ဘယ်တော့မှ နားမလည်နိုင်သူပါ။ ယုံကြည်ချက်အတွက် အသက်စွန့်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ချေဂွေဗားရား၊ ဒေါက်တာဟိုးဆေးရီဇော်တို့ကို အလွန်လေးစားအားကျ ခြေရာနင်းလိုပေမဲ့ သရဲတော့ အင်မတန် ကြောက်ပါတယ်။ ဂျူံးအော့အတ် တစ်ယောက်ပြင်သစ်အလံကိုကိုင်ဆွဲပြီး တပ်ဦးကချီတက်တိုက်ခိုက်ရလောက်အာင် ယောက်ကျားတွေဘာလုပ်နေကြလဲလို့ တစ်ခါတစ်ရံယောက်ကျားထုတစ်ရပ်လုံးကို သောက်ညင်ကပ် တတ်သူပါ။ (ဘတ်စ် ပေါ်မှာနရာလုထိုင်တဲ့ယောက်ကျားတွေနဲ့တွေ့ရင်ပိုဆိုးပါတယ်)

ဘ၀ရဲ့ရည်မှန်းချက်က ဘာလဲလို့မေးလာရင် ကိုယ့်ကိုယ်ကို ဇဝေဇ၀ါနဲ့ အဟုတ် အခုအသက်အရွယ်အထိ ငါတော့တစ်နေ့ဘာဖြစ်ရမယ် ဆိုတဲ့အတွေးမျိုး တစ်သက်နဲ့တစ်ကိုယ်မတွေးဘူးသေး။ ဒါပေမဲ့ လက်ဘက်ရည်ဆိုင်ထိုင် ဟေးလားဝါးလားလုပ်နေတဲ့ ကောင်လေးတွေ၊ မော်ဒယ်ရောင်ရောင်ဘာရောင်ရောင်နဲ့ စပွန်စာအိမ်မက်မက်နေတဲ့ ကောင်မလေးတွေကိုတော့ အင်မတန်မျက်မုံးကျိုးပါတယ်။

မရှိတာထက်မသိတာခက်ဆိုတာကို လေးလေးနက်နက်ထောက်ခံပြီး လူမှုရေးမသိ၊ ယဉ်ကျေးမှုနားမလည်၊ နိုင်ငံကြီးသားမပီသ၊ ငါ့ဘို့မှ ငါ့ဘို့ တစ်ဘို့ထဲသိတဲ့ “ဖေ့သားကြီး” များကို ပြည်သူ့နီတိ စာအုပ် လိုက်ဝေပေးချင်သူပေါ့။ (အင်း ခေါင်းမှာတော့ တစ်ခုခုဆောင်းသွားမှ)

သူများနောက်ကျောဒါးနဲ့ထိုးရမှာရှက်တတ်ပြီး မျက်နှာချင်းဆိုင်ဆိုလို့ကတော့ သတ်ရဲ၊ သေရဲပါတယ်။ ( အမလေး အိမ်မြှောင်ကြီးတော့ အမေရေ လုပ်ပါဦး)

သင်္ခသူသမီးကျောက်စာထဲကလို အမျက်မကြီးသော၊ ခွင့်လွတ်တတ်သော၊ ပေးကမ်းတတ်သော၊ ၀န်မတိုတတ်သော စတဲ့ ဆုတောင်းကိုတောင်းပြီး အရိမေတ္တိယျ ဘုရားရှင်ကိုဖူးမျှော်ချင်သူပါ။ ကိုယ့်ထက်အားနဲသူများကို သနားကြင်နာညှာတာပြီး ကိုယ့်ထက်အင်အားကြီးသူများကိုတော့ မုဒိတာပွားဖို့ မနဲကြိုးစားနေရပါတယ်။ အဆိုပါအင်အားကြီးသူတွေက ဖြတ်လမ်းနည်းနဲ့ မသမာသူတွေဖြစ်ရင်တော့ ဘုရားရှိခိုးရင် “ဒင်း မပါ” လို့ ဖယ်ပြီး မေတ္တာပို့တတ်ပါတယ်။

သည်းခံတယ်ဆိုတာ အရှုံးပေးတာမဟုတ်သလို ဒုတိယကမ္ဘာစစ်တုံးက အင်္ဂလိပ်တပ်မှုးများရဲ့ “အောင်မြင်စွာ ဆုတ်ခွာခဲ့သည်” ဆိုတဲ့သဘောထားကို လေးစားစရာတစ်ရပ်အဖြစ် မနိုင်နိုင်တဲ့စစ်ပွဲတစ်ရပ်ကို အတင်းတိုက်မနေဘဲ အောင်မြင်စွာဆုတ်ခွာပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နှုတ်ဆိပ်ငြိမ်သက်နေတတ်ပါတယ်။ Terminator ထဲမှာ အာနိုးကြီးပြောသွားဖူးတယ်လေ “I will be back.” တဲ့။

မြန်မာပြည်ကိုချစ်လားဆိုတော့ မြန်မာလူမျိုးတစ်ယောက်နဲ့ နိုင်ငံခြားသားတစ်ယောက်နဲ့ ရန်ဖြစ်နေရင်တော့ မှန်တဲ့ဘက်ကပဲ ၀င်ပါဖြစ်မှာပါ။ လမ်းသွားရင်း ခွေးနှစ်ကောင်ကိုက်တာတောင် အားနဲတဲ့ခွေးဘက်က ၀င်ကိုက် အဲလေ ၀င်ရိုက်တတ်သူမို့ပါ။ ဒါပေမဲ့ စီရော်နယ်ဒိုကို ဘယ်လောက်ပဲ အသဲစွဲကြိုက်ကြိုက်၊ လူ့မလှိုင်ကြီးများ ထူထောင်ထားတဲ့ MNL ကိုဘယ်လောက်မုံးမုံး၊ ရီးရဲလ် နဲ့ MNL ကန်ရင်တော့ ကျိန်းသေ MNL ဘက်ကခုံတန်းမှာ ထိုင်ဖို့ ၀န်မလေးပါဘူး။

Virgo ရာသီဖွားဖြစ်လို့ စည်းကမ်းတိကျ၊ လှပ (ဟီ ဟီ့ )၊ သစ္စာရှိ၊ ရိုးသား၊ အချစ်ကို တန်ဖိုးထားပြီး မကောင်းတဲ့ အကျင့်တွေကတော့ ဇီဇာကြောင်၊ မကောင်းမြင်တတ်လွန်း၊ အငြိုးအတေးကြီးတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် တစ်ဦးပါ။

ဂေဇက်မန်ဘာများစာရင်းမှာ Wow ကို ကျား၊မ မသိလို့ ရေးထားရာက ကိုယ့်ကိုယ်ကို ငါဘာကောင်လဲဟု ပြန်စဉ်းစားဖြစ်ခဲ့ပုံပါ…

အဲဒီတော့ ကဲ ကျမ ဘာကောင်လဲဟင်င်င်င်….

About Wow

has written 62 post in this Website..