ပုဂ္ဂလိက ပိုင်ပြုလုပ်ခြင်းများ

လင်းဝေJune 8, 20101min1194

စက်သုံးဆီအရောင်းဆိုင်တွေကို ပုဂ္ဂလိက ပိုင်ရှင်များကို လုပ်ကိုင်ခွင့်ပေးပြီး ရောင်းချမှုကို ဇွန်လ (၁၀)ရက် စတင်လို့ အကောင်အထည်ဖော်မှာ ဖြစ်ကြောင်းနဲ့ စက်သုံးဆီ (ဓါတ်ဆီ ) ဈေးကို ဆိုင်များအား အစိုးရ ၊ စွမ်းအင်းဝန်ကြီးဌာနမှ တစ်ဂါလံ ဈေးနှုန်း ကျပ်၂၃၅ဝ ဖြင့်ရောင်းချပေးပြီး လူအများကို ထိုဆိုင်များမှ ၂၅၀ဝကျပ်ထက် မများစေပဲ ပြန်လည်ရောင်းချပေးရန် ညွှန်ကြားထားတယ် လို့ သတင်းစာစောင်တွေမှာတွေ့ရပါတယ်။ အဲဒီသတင်းစာစောင်တွေရဲ့ အင်တာနက် ဆိုက်တွေမှာလည်း တင်ထားတာမို့လို့ အောက်က ထင်မြင်ချက်ပေးတာလေးတွေဖတ်ရပါတယ်။ တစ်ယောက်ကဆိုရင် ဘာဖြစ်လို့ သူတို့ကို ၁၅ဝကျပ် အမြတ်ပေးရမှာတုန်း၊ အစိုးရ ကတစ်ခါတည်းလူတွေကို ဈေးသက်သာအောင်တိုက်ရိုက်ပေးလိုက်ပါလား ၊ ဒီဆိုင်ဖွင့်တဲ့သူတွေ က ဘာဖြစ်လို့ ဒီအမြတ်ကို ဝင်ယူတာခံရမှာတုန်း ဆိုတာမျိုးတွေ့တော့ အင်းလေ ဒီလို လုပ်ထားတော့ ဒီပုံစံမျိုးတွေစရာဖြစ်နေတာပေါ့လို့ပဲ စဉ်းစားမိပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အစိုးရက လျှော့ရောင်းပေးနေတာကို ဆိုင်ပိုင်ရှင်များက အခန့်သားစားကြရတာကို ရှင်းရှင်းကြီးမြင်နေရသလိုကိုး။ လက်လီလက်ကားပုံစံလို့ စဉ်းစားရင် ရနိုင်ပေမယ့် လက်လီရောင်းခွင့်ရတာက အထူးအခွင့်ရေးဖြစ်နေတော့လည်းအမြင်မကြည်စရာဖြစ်ပါတယ်။

မြန်မာပြည်မှာ ဒီ ဓါတ်ဆီကိစ္စကိုပြောမယ်ဆိုရင် တော့ ပြည်တွင်းထုတ်လုပ်မှု နဲ့ သုံးစွဲနိုင်မှုက စလို့ ၊ ဓါတ်ဆီ ဒီဇယ်ဆီ ခိုးရောင်းစရာဈေးကွက်ကြောင့် ခိုးလိုက်ကြတာ တစ်တိုင်းပြည်လုံး က ဆောက်လုပ်ရေးစီမံကိန်းတွေ၊ လမ်းတွေ ကစလို့၊  ပို့ဆောင်ရေးကဏ္ဍကြီးအပါအဝင်၊ လုံခြုံရေး စစ်ရေးပါ ထိခိုက်နေလိုက်တာ နှစ်ပေါင်းကြာလို့ နာတာရှည်ရောဂါကြီးအဖြစ်မြန်မာပြည်မှာ စွဲကပ်နေတာပါ။ ဒီ စက်သုံးဆီ ကိစ္စထက် အခု ပြောချင်နေတာကတော့ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး အကြောင်းဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်ဟာ တကယ်တော့ ပုဂ္ဂလိက ပိုင်ပြုလုပ်တာထက် နိုင်ငံပိုင် ပစ္စည်းများနဲ့ လုပ်ကိုင်ခွင့်ကို ရောင်းချနေတာမျိုးဖြစ်ပါတယ်။ လုပ်ကိုင်ခွင့်ကို လွှဲပြောင်းပေးတာမျိုးက ပိုလို့တောင် အမြင်ဆိုးပါသေးတယ်။ တကယ့် နိုင်ငံတကာလုပ်ကိုင်ပုံများနဲ့ စီမံခန့်ခွဲမှု ပုံစံများအရဆိုရင် နိုင်ငံပိုင်  လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ပြုလုပ်ခြင်းဟာ အစုရှယ်ယာများ ရောင်းချခြင်းမှ သည် ထိုလုပ်ငန်းများကို စီမံခန့်ခွဲပိုင်ခွင့်ကို လူထုလက်သို့ပြောင်းပေးလိုက်ခြင်းဖြစ်ပါတယ်။

နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးများ လုပ်ငန်းကြီးများ စက်ရုံကြီးများရဲ့တန်ဖိုးဟာကြီးမားတာများပါတယ်။ ထိုလုပ်ငန်းများကို အပြီးအပိုင်ဖြစ်စေ အစိတ်အပိုင်းဖြစ်စေ လွှဲပြောင်းခြင်း ပြုလုပ်မယ်ဆိုရင် နိုင်ငံသား တစ်ဦးတစ်ယောက်တည်းက လုပ်ကိုင်နိုင်ဖို့မလွယ်ပါဘူး။ တစ်ဦးတစ်ယောက်တည်းက လုပ်ကိုင်နိုင်သူနည်းပါးမယ်ဆိုရင် ငွေကြေးချမ်းသာပြီးသားလူနည်းစုကို သာလုပ်ကိုင်ခိုင်းဖို့ဖြစ်နေပါလိမ့်မယ်။ မည်သို့ပင် လူအများကို လုပ်ကိုင်ခွင့်ပေးသည်ဆိုစေကာ မူ လူအများလက်ထဲမှာ တစ်ဦးတစ်ယောက်ခြင်းစီအနေနဲ့ ငွေကြေးအရင်းအနှီး လုံလောက်စွာမရှိလို့ပါ။ ဒီတော့ လုပ်ကိုင်နိုင်သူ ငွေကြေးတတ်နိုင်သူများအတွက်သာ ချယ်လှယ်ခြင်သလို ချယ်လှယ်နိုင်တဲ့ ပုဂ္ဂလိက ပိုင် ပြုလုပ်ခြင်းသာဖြစ်သွားပါတော့တယ်။ ဆိုလိုတာကတော့ ကိုက်မယ်ထင်တဲ့လုပ်ငန်းကို ကြိုက်မှ လုပ်မယ့်သဘောဖြစ်သွားပါတယ်။ နောက်တစ်ခါ အဲဒီလို ငွေကြေးတတ်နိုင်နေသူများဟာ ဘယ်လို အခွင့်ထူးတွေရပြီး ငွေရင်းအနှီးရလာသူတွေလဲ၊ အခွင့်ထူးကြောင့် ငွေကြေးတွေ ရလာပြီးနောက်တစ်ခါ ဒီလို နိုင်ငံပိုင် လုပ်ငန်းကြီးတွေထဲက ကြိုက်ရာခေါင်းခေါက်ယူသလို လုပ်ခွင့်တွေရနေတာကလည်း လူအများအတွက် မကျေနပ်စရာဖြစ်ပါတယ်။

နိုင်ငံသားတွေအားလုံး က နိုင်ငံတော်ရဲ့အသီးအပွင့်တွေနဲ့ အခွင့်အရေးတွေကို ညီမျှစွာမခံစားရဘူးလို့ အများစုကြီးက မှတ်ယူရင် အဲသလို စီမံခန့်ခွဲသူတွေအတွက် ဘယ်မူဝါဒမှ အကောင်အထည်ဖေါ်မနေသင့်ပါဘူး။ ဘာမှ အောင်မြင်မှာ မဟုတ်လို့ပါပဲ။

ဖြစ်သင့်သော ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးလုပ်ငန်းစဉ်ဟာ နိုင်ငံပိုင်လုပ်ငန်းများရဲ့ ငွေစာရင်းရှင်းတမ်း ( Balance Sheet ) ကို မှန်ကန်စွာပြုလုပ်ပြီး Total Assets ကို ရှယ်ယာများအဖြစ်ရောင်းချရမှာဖြစ်ပါတယ်။ ဒါကတော့ အကြမ်းဖျဉ်းနဲ့ အရှင်းဆုံးပြောပြတာပါ။ ဒီလို ရှယ်ယာများရောင်းချပြီး ပုဂ္ဂလိက ပိုင်ပြုလုပ်မယ်ဆိုရင် လူနည်းစုကလည်း ဝင်ပြီးဝယ်ယူ ရင်နှီးမြုပ်နှံနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုးရောင်းချတဲ့အခါမှာ ငွေကြေးအရင်အနှီးနည်းပါးသော်လည်း ကျွမ်းကျင်မှု ရှိသော လူများကိုလည်း ပါဝင်စေကာ လုပ်ငန်းများစီမံခန့်ခွဲစေခွင့်ရမှာဖြစ်ပါတယ်။ ဒီလို ခိုင်မာတဲ့ အများပိုင်ကုမ္ပဏီများပေါ်ပေါက်မှသာလည်း စီးပွါးရေးအခွင့်အလမ်းများနဲ့ ကုန်ထုတ်လုပ်မှု ၊ ပြည်တွင်းစားသုံးမှုတွေ မြင့်တက်လာပြီး GDP တက်လာလို့ စီးပါွးတိုးတက်မှုအသီးအပွင့်ကိုလူတိုင်ခံစားနိုင်မှာဖြစ်ပါတယ်။

အစပိုင်းကပြောသလို ဒီ စက်သုံးဆီကိစ္စမှာ လည်း ဒီလို ဆိုင်လေးတွေ တစ်ခုချင်းစီကို လွှဲပြောင်းရောင်းချမယ့်အစား မြန်မာ့ရေနံထွက်ပစ္စည်းလုပ်ငန်း ဆိုတဲ့ နိုင်ငံပိုင်လုပ်ငန်းကြီးတစ်ခုလုံးကို အများပိုင် ကုမ္ပဏီ အဖြစ်စတင်ပြောင်းလဲလို့ ရှယ်ယာများထုတ်ရောင်းကာ ဒါရိုက်တာ အဖွဲ့ဝင်အသစ်များနဲ့ စီးပွါးရေးလုပ်ငန်း ပုံစံအသစ်အဖြစ် စတင်ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ စက်သုံးဆီဈေးကွက် ကို မျှမျှတတ မှန်ကန်စွာရောင်းချပေးမယ့် (Nationwide Distribution Networkတွေ ဖေါ်ဆောင်ကာ )လုပ်ငန်းကြီးအဖြစ် ပုဂ္ဂလိက စီမံခန့်ခွဲသော ကုမ္ပဏီအဖြစ်ပြောင်းလဲသွားရမှာပါ။ အဲဒီလို အောင်မြင်စွာလုပ်ကိုင်နိုင်ရင်း တစ်ဖက်မှာလည်း ပြိုင်ဘက်လုပ်ငန်းများကို မွေးမြူပေးတဲ့အနေနဲ့ ဖြစ်စေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနဲ့ စီမံခန့်ခွဲမှုများရလာအောင်ဖြစ်စေ ကမာ္ဘကျော် သိက္ခာရှိ လုပ်ငန်းများကို ပြည်တွင်းမှာ အများပိုင်အဖြစ် မှတ်ပုံတင်စေပြီး ထပ်မံလုပ်ခွင့်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာ လူအများအတွက်လည်းအကျိုးရှိသော ရင်းနှီးမြုပ်နှံနိုင်တဲ့အခွင့်အရေးတွေ ရလာမှာဖြစ်ကာ အားလုံးအတွက်မျှတသော အခွင့်အရေးကို ပေးရာရောက်မှာဖြစ်ပါတယ်။

4 comments

  • htethtet

    June 8, 2010 at 9:09 am

    အင်း……… တစ်ချိန်တုံး ဓာတ်ဆီဆိုင်တချို့ကို ဦးပိုင်ကိုလွှဲပြီးရောင်းချခွင့်ပေးခဲပါသေးတယ်
    တစ်နှစ်ခွဲလောက်နေတော့ မသမာမှုတွေလုပ်တယ်ဆိုပြီး စွမ်းအင်ကပြန်သိမ်းခဲ့ပြန်တယ်
    ခုလဲ .. ဘယ်လိုဘယ်လို လုပ်အုံးမလဲ ?

  • wailynnoo

    June 8, 2010 at 9:24 am

    အင်း နောက်ဆုံးတော့ လေးဖြူပြောသလိုဘဲ “တစ်ဝက်ကတော့ ကျွန်တော့်အမျိုးတွေပါ။”

  • yannaingech

    June 8, 2010 at 10:48 am

    နောင်ကျရင် လုပ်ချင်သလိုလုပ်လို့ရတော့မှာမဟုတ်တော့ ရတုန်း အကုန်ရောင်းစားခဲ့တာနေမှာပေါ့။

  • htethtet

    June 8, 2010 at 11:50 am

    အားလုံးအတွက်မျှတသော အခွင့်အရေးကို ပေးရာရောက်မှာဖြစ်ပါတယ်။
    UN:F [1.9.1_1087] တဲ့
    မောင်းထုလိုက်မယ်……………….. ” မထင် “

Leave a Reply