ဒေဝဒတ်လိုအရှင်နှင့် အဇာတသတ်လိုဘုရင်

lionkingMarch 13, 20121min811

ဘုရားကိုသတ်၊ သံဃာမြတ်ကို
မပြတ်ဦးဆောင်၊ သင်ခေါင်းဆောင်ပြီး
ပြီးပြီးခန့်ခိုင်၊ ဓမ္မတိုင်ကို
လှိုင်လှိုင်ဖွံ့ဖြိုး၊ ကြိုးကြိုးစားစား
သင်လုပ်ညားလို…..။
အို…အဇာတသတ်….
ဖခင်ကိုသတ်၊ တိုင်းပြည်မြတ်ကို
မပြတ်ဦးဆောင်၊ တိုးတက်အောင်ဟု
ဆောင်ယောင်စည်းစိမ်၊ တထိန်ထိန်နှင့်
အငြိမ်နေသွား၊ သင်လုပ်ငြားလို…။
အို…အဇာတသတ်…
ကျေးဇူးရှင် အဖေကိုရှင်း၊ အာဏာကိုမင်းယူ၊
ထူထောင်ပေါ့ရာဇဂြိုဟ်၊ လိုသလိုမင်းလုပ်
မင်းအုပ်ချုပ်သမျှနာခံ..
ဘာခံနိုင်မှာလဲကွ..အဇာတသတ်ရ…ဟား..ဟား..ဟား..ဟား…။
အို….ဒေဝဒတ်…
ဘုရားကိုသတ်၊ သံဃာမြတ်ကို
မပြတ်ဦးဆောင်၊ သင်ခေါင်းဆောင်ပြီး
ပြီးပြီးခန့်ခိုင်၊ ဓမ္မတိုင်ကို
လှိုင်လှိုင်ဖွံ့ဖြိုး၊ ကြိုးကြိုးစားစား

အို…ဒေဝဒတ်…
အဇာတသတ်ဆိုတဲ့ကျုပ်ကို၊ မင်းလုပ်စေပြီး
ဒင်းလုပ်ပေးမည်ဆိုတဲ့
မြတ်ဗုဒ္ဓကိုလည်း အသေသတ်၊
မြတ်သံဃာကိုလည်း ဦးဆောင်၊
ဒီနှစ်ကောင် လက်တွဲရင်ဖြင့်
မြေပြင်နဲ့ကောင်းကင်၊ ပေါင်းဆင်ပြီးမွှေနှောက်
ဒီနှစ်ယောက်လောက်ကောင်းတာ
ဘယ်ကမ္ဘာမှာရှာမလဲ…ဟဲ..ဟဲ..ဟဲ..ဟဲ…..။
တဟဲဟဲတဟားဟားတဟားဟားတဟဲဟ
လွဲလိုက်တဲ့ စိတ်ကူးတွေအတိုင်း
ရိုင်းမိုက်စွာလုပ်ဆောင်
အဟုတ် အကောင်အထည်မပေါ်ကြတော့
မလျှော့တဲ့ဇွဲအမိုက်တွေနဲ့
ဖခင်ကို တိုက်အတွင်းမှာအကျဉ်းထား၊
ဘုရားရှင်အား ကျောက်မောင်းဆင်၊
ဆင် နာဠာဂီရိအား ကိုးမောင်းတိုက်၊
ခိုက်ရန်ပြုဖို့တွန်းအားပေး၊
မနှေးရအောင်အားတွေစိုက်၊
ခပ်မိုက်မိုက် လုပ်ဆောင်ပေမယ့်….
အချုပ်ထောင်က အဖေကပြုံးရွှင်၊
ဘုန်းတော်ရှင် မြတ်ဗုဒ္ဓအား၊
ဦးချတဲ့ ဆင်နာဠာ၊
အော်…ထင်တာတွေ ဘာမှမဖြစ်..
ဆင်တာတွေ ဘာမှမဖြစ်…။
ညစ်သူနှင့် စင်သူ
ဒီနှစ်လူ ယှဉ်တိုက်လျှင်
ဉာဏ်မိုက်သူဝေးလွင့်၊
ချင့်ချင့်နှင့်ချိန်ချိန်၊ လူကဝိန် ဗိုလ်အများတို့ရေ…
လိုလားစရာက အားကောင်းတဲ့ပညာ၊
မလိုလားစရာက မှားပေါင်းတဲ့ဉာဉ်လွှာ..။
ပမာပုံ ဒီအတိုင်းထား၊ စဉ်းစားစရာ ယ္ခုရှု…။
အတုယူမှား၊ ဉာဏ်အမှားကြောင့်
ဘုရားညီလတ်၊ ဒေဝဒတ်နှင့်
ဇာတသတ်ဘုရင်၊ ပမာတင်ရှု
ပုံစံပြုသော်…..
မဟော်မဟုတ်၊ ဉာဏ်စွာထုတ်လျှက်
ဗုဒ္ဓဒေသနာ၊ မြတ်ဓမ္မာအတွင်း
အာဏာသွင်းပြီး၊ ခင်းကြီးခင်းငယ်
သူကိုင်တွယ်၍၊ ဘယ်ဟာအမှား
ဘယ်ကားအမှန်၊ သူကြံဖန်သော်
မဟော်ဥတ္တမ၊ မြတ်ဗုဒ္ဓ၏
သာသနာအစစ်၊ ဓမ္မအနှစ်သည်
ဗျစ်ဗျစ်မည်အောင် မှားလေပေါ့….။
(ဘာသာရေးလွတ်လပ်ခွင့် မဲ့လှသော မြန်မာပြည်၏ မထေရ်ကြီးများနှင့်
အာဏာရှင်များ အတုယူနိုင်ကြပါစေသား)။

One comment

  • lionking

    March 13, 2012 at 9:40 am

    ဘုရားသားတော်များ အာဏာရှင်ဖြစ်လျက် ဒီမိုကရေစီဟန်ဆောင်နေသာ ဒီအစိုးရ၏ ညွတ်ကွင်းမှ လွတ်ကင်းပါစေ။ အာဏာကို အားကိုးလျက် သံဃာတော်များအပေါ်နှိုက် တရားသလိုလိုနဲ့ ချုပ်ကိုင်ခြယ်လှယ် နေသော မဟနလက်အောက်မှလွတ်မြောက်နိုင်ပါစေ။

Leave a Reply