ထမင်းစားဖို့ မေ့တဲ့ညနေ

naywoon niMarch 13, 20121min13611

*ရာဇတ်ခန်းမဟာ
မန္တလေးတက္ကသိုလ်ရဲ့ အသည်းနှလုံး
သူ့အောက်ခိုဝင်လာသူတွေကို ပြုံးပြုံးကြီးကြည့်နေရဲ့………။
*ရာဇတ်ခန်းမဟာ
အထက်မြန်မာပြည်မှာတော့
သူ့ထက်ကြီးတဲ့ စာကြည့်တိုက်မရှိတော့ဘူးရယ်လို့
ပြုံးပြုံးကြီးအောင်ပွဲခံနေလေရဲ့…..။
*ရာဇာတ်ခန်းမဟာ
ဆိတ်ငြိမ်ရာရပ်ဝန်းတစ်ခု
ကန္တာရထဲက အိုအေစစ်ကလေးလို
စာသင်ခန်းထဲက အပူငွေ့တွေနဲ့ငါတို့ကို
အေးချမ်းစေခဲ့တယ်…..။
*ရာဇာတ်ခန်းမမှာ
ညာမရတဲ့စာအုပ်တွေရှိတယ်….။
ကျောင်းအားတဲ့အချိန်တိုင်း
ငါတို့သွားဖတ်ကြတယ်….။
(အဲဒိမှာ သူမနဲ့ငါ စတွေ့ခဲ့တာပေါ့)
*သူမနဲ့ငါ
ရာဇာတ်ခန်းမမှာ
ကတ်တလောက်ကစာအုပ်ရွေးရင်း
လက်ချင်းထိခိုက်
နှလုံးသားအထိရိုက်မိကြတယ်….။
*ရာဇတ်ခန်းမထဲမှာ
သူမနဲ့ငါ
အကြည့်ချင်းငြိတွယ်
စိတ်ကူးတွေ ဖလှယ်မိခဲ့ကြတယ်…..။
*ခန်းမရဲ့အပေါ်ထပ်
ရည်းညွှန်းစာဖတ်ခန်း
အရမ်းပါပဲ
စာအုပ်တွေ စာအုပ်တွေထောင်သောင်း
ဖတ်ချင်တာယူ
လက်မှတ်ထိုးခဲ့
အောက်မယူရတဲ့
သူမနဲ့ငါ
တစ်ချို့နေ့ရက်တွေမှာ
တစ်နေကုန်ထိုင် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ဖတ်
မှတ်စုထဲကူးနဲ့ အလုပ်တွေရှုပ်
တစ်ခါတစ်ရံမှာ လိုချင်တဲ့စာအုပ်တွေတူနေလို့
ရယ်စရာမဟုတ်ပေမဲ့ ရယ်ဖွဲ့ခဲ့ကြရသေးတယ်…….။
*အဲ ….. ညနေသုံးနာရီဆိုရင်
စာကြည့်တိုက်ပိတ်ဖို့ သတိပေး
အကြည့်ချင်းဆုံလို့
ဖတ်စရာတွေမကုန်သေးသလို
ပြောစရာတွေမကုန်သေးလို့
ရာဇာတ်ခန်းမကထွက်ခဲ့ပေမဲ့
နားခိုစရာနေရာတစ်ခုထပ်ရှာရင်း
ရေနီမြောင်းတစ်လျှောက်က
“ ဧကရာဇ်” လ္ဘက်ရည်ဆိုင်ကိုရွေ့
ဝမ်းတီး ဝမ်းကော်နဲ့
နာရီတွေကို ရေတွက်သောက်သုံး
ဆိုင်ကဖွင့်ထားတဲ့သီချင်းခွေ ဘယ်နှစ်ခွေကုန်သလဲမသိ
စကားပြောမပြတ် ဒလစပ်
ဖတ်မိတာတွေ ရေးချင်တာတွေ တွေးမိတာတွေ အကြောင်းပြောရင်း
တစ်နေ့တာရဲ့ နောက်ဆုံးအချိန်လေးတျွေနှမြောနေပေမဲ့
အချိန်တန်လို့လမ်းခွဲ
မနက်ဖြန်လည်းရာဇာတ်မှာပဲဆုံမယ်နော်တဲ့………..။
*အဲဒိလိုနဲ့ ငါလည်း
တက္ကသိုလ်နောက်ပေါက်ကထွက်
ရန်ကုန်လမ်းမကြီးကိုဖြတ်
စိန်ကျော်ကွေ့ရဲ့တစ်ဖက်
လမ်း80 ကနေမြောက်ဖက်
အဆောင်ဆီပြန်လာခဲ့ပေါ့……..။
သူမကတော့
(သီတာဧ)အဆောင်ဆီ
မိန်းရှေ့မှာနေတာလေ………..။
80×81 လမ်းကြား
33×34 လမ်းကြားတဲ့လား
လမ်းမြှောင်လေးထဲက
မွန်းကြပ်နေတဲ့ ငါ့အဆောင်ဆီ
ပြန်ရောက်လာပြီလေ………..။
*ကုတင်ပေါ်မှာ
ကျော်လွှားလှမ်းတင်
အဝတ်တွေထဲ
ခြင်ကောင်တွေပျံဝဲနေတာငေးကြည့်
အဆောင်က သူငယ်ချင်းတွေ
ထမင်းစားလမ်းလျှောက်
အဆောင်မှာလူပျောက်နေတဲ့အချိန်မှာ
အခန်းထဲမှာငါတစ်ယောက်ထဲ
ထမင်းစားဖို့ မေ့နေခဲ့တယ်……………။
နေဝန်းနီ
*1985-86 မန္တလေးတက္ကသိုလ် ပညာသင်နှစ်များဆီသို့ …………….

11 comments

  • နေဝန်းနီ

    March 13, 2012 at 6:07 pm

    နေဝန်းနီရဲ့ ရတနာသိုက်ကို ပြန်ဖွရင်းနဲ့ တွေလာတာလေးတွေ ……… သတိရလွမ်းဆွတ်စရာလေးတွေပါ……။

  • zar ni

    March 13, 2012 at 7:35 pm

    တို့ကတော့မမေ့ရဲဘူး.. ဗိုက်ဆာတတ်တယ်

  • pooch

    March 13, 2012 at 10:13 pm

    ဒါဆို အဘနီက အပျော်တွေနဲ့ ပြည့်နေခဲ့တာပေါ့ လွမ်းစရာကြီးနော် ဒါနဲ့များ ဘာလို့ တယောက်ထဲ ကျန်နေခဲ့တာလဲ :mrgreen:

  • kotun winlatt

    March 13, 2012 at 10:23 pm

    ကိုနေရေ….
    လွမ်းနေတာလားးဗျ….
    ထမင်းစားဖို့တော့ နောက်ထပ်မေ့ပါနဲ့တော့ဗျာ….။

  • kyeemite

    March 14, 2012 at 8:53 am

    ကိုနေဝန်းနီရေ…လှပတဲ့ လွမ်းမောဘွယ်ရာ အတိတ်ကလေး
    ရှိနေခဲ့တာ ခံစားမိပါရဲ့…ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်
    နဲ့ပါတ်သက်ပီး မန္တလေးတက္ကသိုလ် ထဲရောက်ခဲ့ လည်ခဲ့ဖူးပါရဲ့…
    အဲဒီတုံးကတော့ ကျောင်းသူကျောင်းသားတွေ စည်စည်ကားကားနဲ့
    တစ်ကယ့်ပျော်စရာကြီးဗျာ….ခင်ဗျားကဗျာလေးဖတ်ရတော့
    အတိတ်ကိုပြန်လွမ်းမိသွားတယ်…ခင်ဗျားရဲ့ ရတနာသိုက်ကြီး
    ထပ်ဖွပါအုံး..ထမင်းစားပီးမှဖွနော်…
    ခင်တဲ့..
    ကြီးမိုက်။

  • water-melon

    March 14, 2012 at 9:06 am

    အခုတော့ မန်းလေးတက္ကသိုဟ်ထဲ မသွားတော့နဲ့
    အတွဲတွေကြည့်ဘဲ
    အရင်လဲတော့ ပျော်စရာမကောင်းတာတော့အမှန်ဘဲ
    ကိုနေဝန်းရေ

  • ကြောင်ကြီး

    March 14, 2012 at 9:54 am

    ကောင်းတာပေါ့ဗျာ.. အဆောင်နေ အခြားကျောင်းသားတွေ ဗိုက်ပိုဝတာပေါ့..။ ဒါလည်း အလှူတမျိုးပဲ.. ယူတတ်ရင် ကုသိုလ်ရပါဒယ်..

  • သူရဇော်

    March 14, 2012 at 1:04 pm

    ငါတော့ မေ့လို့မရတော့ဘူး …………… ရာဇတ်ရေ………………
    ထမင်းစားတော့ မေ့ချင်ပါဘူး….အဲလောက်ချစ်နိုင်ပါဘူး…လွမ်းလည်းလွမ်းနိုင်ပါဘူး……
    ထမင်းစားရင်း လွမ်းပါရစေ…………..

  • Khaing Khaing

    March 14, 2012 at 2:19 pm

    လွမ်းချင်လိုက်တာ ….. မန္တလေးတက္ကသိုလ်ကိုတော့ မတက်ဖူးဖူး …….ဒါပေမယ့် လွမ်းမယ် …….. ထမင်းစားရင်း လွမ်းမယ်နော် ……….

  • unclegyi1974

    March 14, 2012 at 11:24 pm

    ကိုနေကထမင်းတနပ်မို့ပါဗျာ
    တကယ်ငတ်လာပြီဆိုအချစ်ကတူတူပုန်းသွားတယ်လို့လူကြီးတွေ
    ပြောတာကြာဖူးတာပဲ

  • blackchaw

    March 16, 2012 at 9:01 pm

    ကိုနေကြီးရေ။
    စာကြည့်တိုက် ဇာတ်လမ်းလေးကို
    ခံစားသွားပါတယ်။
    ကိုယ်ချင်းစာတတ်သူတွေမှာ
    ကိုယ်ချင်းစာအလွမ်းတွေ ရှိနေတတ်ပါတယ်။
    ကျွန်တော်လည်း ကိုယ်ချင်းစာစိတ်နဲ့ ဝင်လွမ်းသွားပါတယ်။
    ဒီတစ်ခါ ခင်ဗျားဆီကို အရောက်လာခဲ့ပါမယ်။
    အရင်တစ်ခါကို ခွင့်လွှတ်ပေးပါဗျာ။
    :mrgreen:

Leave a Reply