စစ်မှုထမ်းဟောင်းမိဘတစ်ဦး၏ ရင်တွင်းခံစားချက်

kaunglayMarch 13, 20121min1746

သို့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

ကျွန်တော်သည် တပ်မတော်မှအငြိမ်းစားစစ်မူထမ်းဟောင်းတစ်ဦးဖြစ်ပါသည်။ ကျွန်တော်တပ်ကအနားယူသည့်အချိန်တွင်ကျွန်တော်၏သားမှာ (၁၀) တန်းအောင်ပြီးခါစဖြစ်ပါသည်။ ဤအချိန်တွင်တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် သို့ကျွန်တော်ကိုယ်တိုင် ကျွန်တော်၏သားအားပို့ဆောင်ခဲ့ပါသည်။ကျွန်တော်၏သားသည် စစ်သား သားသမီး ပီပီ စည်းကမ်းလည်းရှိပါသည် ပျော်ပျော်ရွှင်ရွှင်လည်းနေတက်ပါသည်။ ကျွန်တော့်သားလေးမှာ ကျောင်းဆင်းပြီးလို့ မိဘအိမ်ခွင့်ပြန်လာသောအခါအရင်လိုမဟုတ်တော့ပဲ တစ်ခုခုအလိုမကျဖြစ်ဖြစ်နေပါတယ်။ သားလေးအားမေးကြည့်တော့မှ အဖေ ကျွန်တော်ဘဝက အနာဂါတ်ပျောက်နေတယ်၊ သားကစစ်တပ်မှာ Foreign Body ဖြစ်နေတယ်တဲ့။ ငါ့သားရယ်မင်းစကားကအဆန်းပါပဲ ဘာတွေများဖြစ်နေလို့လဲ့လို ့မေးကြည့်တော့  ပြောတာမှစုံနေတာပါပဲ။ အဲ့တာနဲ့ ငါသားရယ်မင်းတစ်ယောက်ထဲ ဖြစ်နေတာလားလို့မေးကြည့်တော့  မဟုတ်ပါဘူး အကုန်ဖြစ်နေတာပါလို့ပြောပါတယ်။ကျွန်တော်သူပြောတာတွေကိုအကုန်မယုံပါဘူး။အဲ့တာကြောင့် ဆေးရုံ (၅) ခုကို ကိုယ်တိုင်သွားပြီး စုံစမ်းပါတယ်၊ ကကရေးကိုလည်း လက်လှမ်းမှီသလောက်စုံစမ်းပါတယ်။ကျွန်တော့သားပြောတာတွေ တော်တော်မှန်နေတာသွားတွေ့ပါတယ်။ ကကရေးမှာ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ကျောင်းဆင်းတွေကို ဘယ်တိုင်မှာထည့်သလဲဆိုတော့ သူတို့အတွက်တိုင်မရှိသေးဘူး၊တိုင်ထူမယ်ဆိုရင်တောင် သူတို့မှာမေဂျာမတူတာတွေရှိသေးတယ်တဲ့။အပတ်စဉ်(၁) ကျောင်းဆင်းတော့ လက်ရှိတိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်
(ယခင် တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏လေ့ကျင့်ရေးအရာရှိချူပ် ) ကပြောတယ်၊ကျောင်းဆင်းပြီးရင် အရာရှိလစာရမယ်၊ မိန်းမယူရင် အရာရှိအိမ်ယာရမယ်၊ ဒုတိယဗိုလ်မှူးကြီးလစာရရင် ဒုတိယဗိုလ်မှူးကြီးစီးတဲ့ကားရမယ်၊ အရာရှိခံစားခွင့်နဲ့ အကုန်အတူတူရမယ်လို့ ပြောခဲ့တာပဲရှိတယ်လို့ အမှတ်စဉ်(၁) မှကလေးတွေ၏ကိုယ်တိုင်ပြောကြားချက်ကို သိရပါတယ်။ကျွန်တော်ကမေးပါတယ် အဲ့တာတွေကညွှန်ကြားချက်^ရက်စွဲ၊စာအမှတ်ရှိသလားဆိုတော့မရှိပါဘူး ၊နှုတ်မိန့်လို့ပြောပါတယ်။အမှတ်စဉ်(၂) ကျောင်းဆင်းတော့ အရာရှိပိကတ်ဦးထုပ်ဆောင်းကြတယ်လို့မေးကြည့်တော့၊အခုမဆောင်းရတော့ဘူး ကကရေး၏(၂၁.၆.၂၀၀၅) ရက်စွဲပါစာအမှတ် ၊၁ /၄၂ရ / ရေး ၂ (ခ) နဲ့စာထွက်ပြီးတားထားတာရှိတယ်လို့ပြောပါတယ်။အရာရှိပိကတ်ဆောင်းတဲ့သူတွေကို အရေးမယူဘူးလားမေးကြည့်တော့ တပ်ရင်းအရာခံဗိုလ်တွေမှာ ပိကတ်ဆောင်းလို့ရတဲ့ဥပဒေနဲ့သွားညှိနေလို့ အရေးယူလို့မရဘူးလို့သိရပါတယ်။ကျွန်တော်သိသလောက်တော့ တပ်မတော်ဖွဲ့စည်းပုံတွင် အမျိုးသားသူနာပြုအရာရှိ နှင့် အမျိုးသမီးသူနာပြု အရာရှိဆိုတာရှိပါတယ်။အမျိုးသမီးသူနာပြုတွေကိုအရာရှိပေးပြီး ၊ဘွဲ့ချင်းအတူတူ အမျိုးသားတွေကို အရာရှိမပေးတာကိုလည်း ကလေးတွေတော်တော်ခံစားကြရပါတယ်။ B.N.Sc အမျိုးသမီးအမှတ်စဉ်(၄) ကျောင်းဆင်းချိန်တွင်  တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် အမှတ်စဉ် (၁) မှာ ကျောင်းဆင်းပြီး (၄) လသက်တမ်းရှိနေတာကိုလည်းသွားတွေ့ပါတယ်။၎င်းတို့ကို အခြားအဆင့်ထဲထည့်ထားပြီး၊အရည်အချင်းလစာမရရှိခြင်းလည်းတွေ့ရပါတယ်။ ယခင်ကာကွယ်ရေးဦးစီးချူပ် D.S.A ကျောင်းဆင်းပွဲလာစဉ်တွင် ပြင်ဦးလွင်ဆေးရုံရှိ တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဆင်းများ ကိုတွေ့သောအခါ ဘယ်သူတွေလဲဟု မေးတာခံရတဲ့အတွက် ကာကွယ်ရေးဦးစီးချူပ်တောင် ငါတို့ကိုမသိဘူးဟု ခံစားကြရပါတယ်။အရေးယူသောအခါတွင် အုပ်ချုပ်သူများက ရဲဘော်အဆင့်လျော့ချတာကိုလည်းမကျေနပ်ကြပါဘူး။
တပ်မတော်၏ နည်းဥပဒေများတွင် ရဲဘော်အဆင့်လျော့ချမည်ဆိုလျှင်၊ ကာယကံရှင်အား ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းရှိ^မရှိမေးခွန်းကို မေးရပါတယ်။ယခုအခါ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဆင်းများ ကိုထိုကဲ့သို့ မေးခွန်းမျိုးမမေးဘဲ ရဲဘော်အဆင့်လျော့ချပြီး ဆက်လက်အမူ့ထမ်းခိုင်းတာတွေ့ရပါတယ်။
လက်ရှိကလေးတွေခံစားနေရသောကိစ္စမှာ (၁)ပြန်တမ်းဝင်ဖြစ်ဖို့မျှော်လင့်ချက်မရှိခြင်း (၂)မိမိရာထူးအားလူကြားထဲတွင်ထုတ်ဖေါ်မပြောဆိုဝံ့ခြင်း၊(၃)အရာရှိမဟုတ်သည့်အတွက်အရာရှိခံစားခွင့်မရရှိခြင်း၊(၄) ၂၀၀၆ခုနှစ် လစာတိုးချိန်တွင် (၂၀၀၀၀) ကျပ်တိတိလျော့နည်းနေခြင်း၊(၅) ဒုတိယဗိုလ်မှူးကြီးလစာ စားရချိန်တွင် ဒုတိယဗိုလ်မှူးကြီးစီးသော ကားမရရှိနိုင်တော့ခြင်း၊ (၆) ကျောင်းဆင်းမိန့်ခွန်းတွင်ပါသော စုမှူး /ခွဲမှူး / ရင်းမှူးသင်တန်းများ အချိန်နှင့်တပြေးညီတက်ရောက်ချင်ခြင်း၊(၇) တက်ရောက်သောသင်တန်းများအား (အထူး)ဖြင့်မဖွင့်ပဲ သာမန်သင်တန်းများနည်းတူဖွင့်စေချင်ခြင်း၊(၈)Due Respect ရရှိရန်လိုအပ်ခြင်း၊တို့ဖြစ်ပါတယ်။
၎င်းအချက်များမှာ ကျွန်တော်ရောက်ခဲ့သောဆေးရုံများတွင်တွေ့ရှိခဲ့ရသော အချက်များဖြစ်ပါတယ်။ကျန်ချင်လည်းကျန်နေနိုင်ပါသေးတယ်။စနစ်တစ်ခုရဲ့သားကောင်များဖြစ်သွားသော အနာဂါတ်၏ခေါင်းဆောင်များ ကိုမည်သို့ပြန်လည်ကုစားပေးမည်နည်း။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ် ကျောင်းဆင်းပေးပြီး အခြားအဆင့်စစ်သည်များ နည်းတူနေထိုင်နေရတာဟာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချူပ်၏ ဂုဏ်ကိုထိခိုက်စေပါတယ်။(၄) နှစ်တက်လာတာ (၄) လတက်ပြီး စစ်သားဖြစ်လာတဲ့လူတွေနဲ့ တစ်တန်းထဲမထားသင့်ပါဘူး။အရင်လူကြီးတွေပေးထားတဲ့ ဂတိတွေကို အောက်ချေထိရှင်းလင်းပေးသင့်ပါတယ်ခင်ဗျာ။
အခုနောက်ဆုံးကြားရတဲ့သတင်းအရ ကကဆေးလေးလပတ်တွင် စစ်ရေးချူပ်မှ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ကျောင်းဆင်းများ ယခုလိုဖြစ်နေတာတွေကိုအထက်ကလူကြီးတွေမသိပါဘူး၊ ကာကွယ်ရေးဦးစီးချူပ်က အင်တာနက်မှသတင်းများကိုသိရတော့ စိတ်မကောင်းဖြစ်ရပါတယ်လို့ ကြားသိရတဲ့အတွက် များစွာဝမ်းသာမိပါတယ်။စစ်တပ်မှာဒီမိုကရေစီမရှိပါဘူး။ကောင်းမွန်မှန်ကန်တဲ့စနစ်တော့ရှိသင့်ပါတယ်။စစ်တပ်၏ ကျန်သောနယ်ပယ်များတွင်လည်း အလားတူဖြစ်စဉ်များရှိနေနိုင်ပါတယ်ခင်ဗျာ။စနစ်တကျရှာဖွေသင့်ပါတယ်။အချိန်လွန်မှသိရရင် တပ်မတော်နည်းပညာကောလိပ်လိုအဖြစ်ဆိုးနှင့် ကြုံရနိုင်ပါတယ်ခင်ဗျာ။ လူဆိုတာမျှော်လင့်ချက် နှင့်အသက်ရှင်နေတာဖြစ်သည့်အတွက် ကလေးတွေ၏ မျှော်လင့်ချက်တွေဖေါ်ဆောင်ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ရင်း ဒီစာကိုတင်ပြခြင်းဖြစ်ပါတယ်။

စစ်သည်တော်ဟောင်းတစ်ဦး

6 comments

  • sealion

    March 13, 2012 at 7:46 pm

    irrawaddy မှာလဲ အဲဒိ ကိစ်စနဲ ့ပတ်သတ်လို ့ဖတ်လိုက်ရပါတယ် ..မပြောတတ်တော့ပါဘူးဗျာ..မမိုက်တာကတော ့ အမှန်ဘဲ ..

  • Thel Nu Aye

    March 13, 2012 at 8:55 pm

    တပ်ပြသနာဆိုတော့နားမလည်ဘူး။ ဒါပေမဲ့စစ်တပ်မကောင်းတာသိတာတော့တော်တော်ကြာနေပြီ။

  • etone

    March 14, 2012 at 11:58 am

    တမျိုးပဲနော်…. ။ ဖတ်ရတာ ..သိပ်နားမလည်သလိုပါပဲ … ။
    ကကရေး ဆိုတာလည်း နားမလည်ဘူး .. ဒါ့ပြင် … တိုင် ဆိုတာလည်း .. ဘာအဓိပါ္ပယ်မှန်းမသိဘူး … ။ ကျွန်မကိုက … ဉာဏ်သိမ်နေလို့ဖြစ်မယ် … ။ 🙁

  • myanmarcitizen

    March 14, 2012 at 1:34 pm

    “ကျွန်တော်၏သားသည် စစ်သား သားသမီး ပီပီ စည်းကမ်းလည်းရှိပါသည်” ယုံဘူးဗျာ။ ရာထူးကြီးလေ လေ စည်းကမ်းကင်းမဲ့လေလေပဲ။ ဥပမာတွေ အများကြီးပါ မပြောတော့ပါဘူး။ အားလုံးလဲသိကြပါတယ်။

  • NK

    March 14, 2012 at 2:20 pm

    သောက်ရှူးတွေ…..

  • မွန်မွန်

    March 14, 2012 at 2:33 pm

    အင်း..ဒီအကြောင်းကို မကြားရတာတောင်ကြာပြီ…DSMA နဲ့ဆို လုံးဝမတည့်ဘူးတဲ့….သိပ်တော့လည်း နားမလည်ပါဘူး..

Leave a Reply