တည်ထောင်ခွင့် ရရှိထားသည့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းသစ်များ နှစ်လအတွင်း စတင်ဖွင့်လှစ်ဖွယ်ရှိ

BayoteJune 8, 20101min651

အသစ်တည်ထောင်ခွင့် ရရှိထားသည့် ပုဂ္ဂလိကဘဏ်လုပ်ငန်းသစ်များ အနေဖြင့် နှစ်လအတွင်း အပြီးသတ် စတင်ဖွင့်လှစ်ကာ လုပ်ငန်းလုပ်ကိုင်သွားရန် လျာထားပြင်ဆင်လျက် ရှိကြောင်း သတင်းရရှိပါသည်။
ထူး၊ မက်စ်မြန်မာ၊ IGE၊ ဧဒင် အုပ်စုကုမ္ပဏီများ အနေဖြင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားပြီး ယခုအခါတွင် အဆိုပါကုမ္ပဏီများထဲမှ အချို့မှာ ဘဏ်တည်ထောင်ရန်လိုအပ်သည့် ဝန်ထမ်းများခန့်ထားခြင်း၊ အဆောက်အဦး ပြင်ဆင်ခြင်းများကို ပြုလုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
‘နှစ်လအတွင်း ဖွင့်လှစ်နိုင်ဖို့ စီစဉ်လုပ်ကိုင်နေတယ်လို့ သိရတယ်။ အခု ဝန်ထမ်းတွေ ခန့်နေကြတယ်။ နောက်ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေကို ရှာဖွေပြီး လုပ်ငန်းစဖို့ ပြင်ဆင်နေကြတယ်။ ဩဂုတ်လထဲမှာတော့ စပြီးဖွင့်နိုင်မယ့် အနေအထားရှိတယ်လို့ သိရတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးကျွမ်း ကျင်သူတစ်ဦးဖြစ်တဲ့ ဦးဝင့်ကျော်ကတော့ မက်စ်မြန်မာမှာ အကြံပေးအနေနဲ့ လုပ်ကိုင်ဖို့ ရှိနေတယ်လို့ သိထားရတယ်’ ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

‘ဘဏ်လုပ်ငန်းဆိုတာ အများပြည်သူရဲ့ ငွေကြေးနဲ့ လည်ပတ်ရတဲ့ လုပ်ငန်းမျိုး ဖြစ်တယ်။ ဝန်ဆောင်မှုကောင်းတာ တင်မကဘူး၊ ဘဏ်တည်ထောင်တဲ့ လုပ်ငန်းရှင်အပေါ် အများပြည်သူက ဘယ်လောက် စိတ်ချယုံကြည်သလဲဆိုတဲ့ အချက်ကလည်း ဘဏ်လုပ်ငန်းအောင်မြင်ဖို့ အရေးပါတဲ့ အချက်တစ်ချက် ဖြစ်ပါ တယ်’ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကလည်း သုံးသပ်ပြောကြားခဲ့ပါသည် ဟု Eleven News တွင်ရေးသားထားသည်။