ဆန္ဒပြဥပဒေ(ဒါလားဟဲ့ ဒီမိုကရေစီ)

Kyi LwinMarch 14, 20121min820

လယ်သမားတို့ တဧက ကျပ် နှစ်သောင်း ရှုံးနေဟု ဆို

မျိုးသန့် | အင်္ဂါနေ့၊ မတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂ဝ နာရီ ၃၁ မိနစ်
အီးမေးလ်ပို့ရန်ပရင့်ထုတ်ရန်PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။        ။ ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့နယ်များမှ စပါးစိုက်ပျိုးသည့် လယ်သမားများမှာ တဧကလျှင် ကျပ်ငွေ ၂၀,၀၀ဝ ကျော် ရှုံးနေသည်ဟု အဆိုပါမြို့နယ်များမှ လယ်သမားများက
ပြောသည်။

လယ်တဧကအတွက် ရင်းနှီးစရိတ် စုစုပေါင်းမှာ ၂၅၃,၁ဝဝ ဖြစ်ပြီး ပြန်လည်ရရှိငွေမှာ ၂၃၂,ဝဝဝ ကျပ်သာ ဖြစ်ခြင်း
ကြောင့် လယ်သမားများ အရှုံးပေါ်နေခြင်းဟု မြောင်းမြမြို့နယ်မှ လယ်သမား ကိုတင့်ရှိန်က မဇ္ဈိမကို ပြောသည်။

“လယ်တဧက ပေါ်မှာ ကုန်ကျတဲ့စရိတ်နဲ့ အရှုံးက တဧက ပေါ်မှာ ၂၁,ဝဝဝ နှုန်းလောက် ရှုံးနေတယ်” ဟု ပြောသည်။ လက်ရှိစပါးဈေးသည် တတင်းလျှင် ၂,၉ဝဝ ကျပ်ဖြစ်ပြီး လယ်တဧက၏ ပျမ်းမျှစပါးအထွက်နှုန်းသည် တင်း ၈ဝ ခန့် ရှိသည်။

ထိုသို့ အရှုံးပေါ်နေမှုကို မြောင်းမြမြို့နယ် ကန်ကြီးတိုက်နယ်မှ လယ်သမား ၄ဝဝ ကျော်က မတ်လ ၂ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်ရန် ခရိုင်နှင့်မြို့နယ် အာဏာပိုင်များထံသို့ စာရေးသား၍ တောင်းဆိုခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးက ခေတ္တရပ်ဆိုင်းထားရန်သာ အကြောင်းပြန်ခဲ့သည်ဟု လယ်သမားများကို ကူညီပေးနေသူ
မြောင်းမြမြို့မှ ဦးဝင်းရွှေက ပြောသည်။

“ဆန္ဒပြဥပဒေက နည်းဥပဒေတွေ မထွက်သေးလို့ ခဏ ဆိုင်းထားပါဦးတဲ့။ မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းမှ အကြောင်းပြန်ပါမယ်ဆိုပြီးတော့ ပြောတယ်” ဟု ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။

ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ကလည်း ကန်ကြီးတိုက်နယ်မှ လယ်သမား ၄ဝဝ ကျော်မှ ဒေသ အာဏာပိုင်များထံသို့
ပေးပို့သည့် စာတွင်လည်း လယ်တဧကအတွက် ကုန်ကျစရိတ်နှင့် ပြန်လည်ရရှိငွေ၊ အရှုံးတို့ကိုလည်း တွက်ချက်
ဖေါ်ပြထားသည်။

“လယ်သမားများသည် ၂ဝ၁၁ မိုးရာသီ စပါးမှစ၍ ၂ဝ၁၂ နွေရာသီစပါးပေါ်ချိန် ကာလတွင် စပါးဈေးများသည် အလွန်အမင်းကျဆင်းကာ လယ်သမားများတွင် တွက်ခြေမကိုက် အရှုံးနှင့် ရင်ဆိုင် ကြုံတွေ့နေရပါသည်” ဟု ဖေါ်ပြပါရှိသည်။

ယင်းကဲ့သို့ လယ်သမားများ အရှုံးပေါ်နေမှုအပြင် ပဲခူးတိုင်း ဝေါမြို့နယ်မှ လယ်သမားများသည်လည်း ယခုနှစ် စပါးစိုက်ပျိုးရာသီအတွင်း လယ်များ ရေမြှုပ် ပျက်စီးမှုများကြောင့် လယ်ယာစိုက်ပျိုးရေးဘဏ်မှ ရယူထားသော စိုက်ပျိုးစရိတ် ချေးငွေများ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်နေကြသည်ဟု သိရသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်သူလယ်သမားများ အရှုံးပေါ်နေမှုနှင့် ပတ်သက်၍ “ယနေ့
တောင်သူ လယ်သမားများ၊ မွေးမြူရေးသမားများ၊ အခြေခံကုန်ထုတ်လုပ်သူများ ကြုံတွေ့နေရတဲ့ စပါးနှင့်သီးနှံများ
ဈေးနိမ့်ကျ၍ အရှုံးပေါ်နေမှု၊ ငါးမွေးမြူထုတ်လုပ်သူများ အရှုံးပေါ်နေမှုများ ရှိပါတယ်။ ထုတ်လုပ်သူများ အရှုံးပေါ်နေမှု ဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်” ဟု ဖေဖေါ်ဝါရီလအတွင်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောဆိုသွားခဲ့သည်။

‘တောင်သူလယ်သမားနေ့’ဟု သတ်မှတ်ထားသည့် မတ်လ ၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က စိုက်ပျိုးရေး ဘာသာရပ်ကို အခြေခံပညာကျောင်းများတွင် သင်ရိုးအဖြစ် ထည့်သွင်းကာ ၂ဝ၁၂- ၂ဝ၁၃ ပညာသင်နှစ်မှစ၍ သင်ကြားနိုင်ရန် စီစဉ်နေသည်ဟု တောင်သူလယ်သမားများသို့ သဝဏ်လွှာပေးပို့ခဲ့သည်။

သမ္မတက မိရိုးဖလာ ယူဆချက်တခုဖြစ်သည့် “ပညာမရှိ၍ လယ်လုပ်သည်” ဟူသည့် အတွေးအခေါ်ကို “ပညာတတ် ၍ လယ်လုပ်ခြင်း” အဖြစ် ပြောင်းလဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိနေသည်ဟုလည်း သူ၏ သဝဏ်လွှာတွင်
ရေးသားထားသည်။

richdecese