ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ … အပိုင်း(၁)

True FaithJune 8, 20101min630
လွပ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစု

ရေးသူ – မင်းဟန်

အခန်း (၁)

၁၉၄၅ ခုနှစ် နှစ်ဦးမှစ၍ ဗိုလ်ချုပ်အောင်ဆန်းသည် ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းတာဝန်များနှင့် ပိလျှက်ရှိသည်။ တပ်မတော်အတွင်းရှိ ပြည်သူ့အရေးတော်ပုံပါတီ (နောင်တွင်ဆိုရှယ်လစ်ပါတီဝင်)မှ ဗိုလ်အောင်ကြီး ၊ ဗိုလ်မောင်မောင်တို့အစု၏ ဂျပန် ဖက်ဆစ်တို့အား လက်နက်ကိုင်ထကြွမည့်အစီအစဉ်အား အချိန်မှီ တားရ၊ဆီးရသေး၏။ ဖက်ဆစ်တော်လှန်ရေးက တစုတဖွဲ့လေးနှင့် ထ၍၊တော်လှန်၍မရ…..။ လူထုအားစည်းရုံးရမည်။ ပြင်ဆင်ရမည်။ကျယ်ပြန့်သောအင်အားစုကြီးပါဝင်ရန်လိုသည်။

ပြီးလျှင် ….. အချိန်နှင့်အခြေအနေ…။ ပကတိဘဝက ရင့်မှည့်ဖို့လိုသည်။ ဤအတွက်ပင် ဗိုလ်ချုပ်က ဗိုလ်အောင်ကြီးတို့အားခေါ်၍ တားဆီးခဲ့ရခြင်းဖြစ်သည်။ တဖက်တွင်လည်း ကျယ်ပြန့်သည့်ဖက်ဆစ်တော်လှန်ရေး တပ်ပေါင်းစုကြီးပေါ်ပေါက်ရေးအတွက် ပြင်ဆင် လုပ်ကိုင်နေရ၏။ ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပဲခူးစံပြတပ်ရင်း၌ သခင်စိုး၊ ကိုဗဟိန်း၊ သခင်သန်းထွန်းတို့နှင့် ဗိုလ်ချုပ်တွေ့ခဲ့ပြီး “ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်” အား ဖွဲ့စည်းရန် ဆွေးနွေးခဲ့ကြသည်။

ထိုစဉ်က …..သခင်စိုးသည် ဖက်ဆစ်တော်လှန်ရေးအား မြေအောက်တွင်ဆင်း၍ လုပ်နေရသည့်အချိန် ဖြစ်သည်။ တွေ့ဆုံပွဲက လျှို့ဝှက်တွေ့ဆုံပွဲ……။ ဗိုလ်ချုပ်သည် ပဲခူးသို့ ဂျပန်ကင်ပေတိုင်တို့ မရိပ်မိစေရန်အတွက် မိသားစုပါခေါ်၍ အလည်အပါတ်သဘောသွားခဲ့၏။ ထိုစဉ်က ဗိုလ်ချုပ်တွင် သားကြီးအောင်ဆန်းဦးနှင့် သားငယ် အောင်ဆန်းလင်းတို့ ရှိနေပြီဖြစ်သည်။

ပဲခူးစံပြတပ်ရင်းဆွေးနွေးပွဲမှ ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ်ကြီးအား တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့နှင့် ဖွဲ့စည်းသွားရန် သဘောတူကြ၏။ ဗိုလ်ချုပ်၏အစီအမံနှင့် တပ်တွင်း၌ ဖက်ဆစ်တော်လှန်ရေးအတွက် သဘောတရားရေး သင်တန်းများ ပေး၏။ ဖက်ဆစ်တော်လှန်ရေးမြေအောက်ကလပ်စည်းများ ဖွဲ့၏။ အားလုံးက လျှို့လျှို့ဝှက်ဝှက်နှင့် လှုပ်ရှားလုပ်ကိုင်ကြရခြင်းဖြစ်သည်။ ဗိုလ်ချုပ်၏ စစ်သေနာပတိချုပ် ၊စစ်ဝန်ကြီးအရှိန်အဝါနှင့် လုပ်ရသဖြင့် လုပ်ကိုင်ကြရသည်မှာ ထိရောက်၏။

၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ်၏နေအိမ်တွင်ပင် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအားပြုလုပ်၏။ တပ်မတော်မှ ဗိုလ်ချုပ် အောင်ဆန်း၊ ဗိုလ်လကျ်ာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်အောင်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့အရေးတော်ပုံပါတီက ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်းနှင့်ဦးလှမောင်တို့တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။

အစည်းအဝေးက ညဦးယံမှ စခဲ့သည်မှာ ….သန်းခေါင်ယံကျော်မှပင်ပြီး၏။ ဧည့်သည်များ ပြန်သွားကြပြီးသည့်နောက် အိမ်သည် တိတ်ဆိတ်၍သွားသည်။ တာဝါလိမ်းလမ်းဖက်ဆီက မော်တာ်ကားသံအားသဲ့သဲ့ကြားရ၏။ ဒေါ်ခင်ကြည်သည် မအိပ်ဘဲ ဗိုလ်ချုပ်အားစောင့်နေ၏။ ဒေါ်ခင်ကြည်က မပေါ့မပါး….။ တတိယမြောက်ကိုယ်ဝန်နှင့်….။ ၅-လရှိသည့်ကိုယ်ဝန်က မို့မို့ဝန်းဝန်း….။

အခန်း (၂)

ဂျပန်စစ်ဌာနချုပ်က ဗမာ့တပ်မတော်အား ထိုးစစ်ဆင်လာသည့်ဗြိတိသျှစစ်တပ်အား စစ်မျက်နှာ တခုဖွင့်၍တိုက်ခိုက်ရန် စစ်ထွက်မိန့်ပေးလိုက်၏။ ဂျပန်တို့၏စစ်ထွက်မိန့်က …ဗိုလ်ချုပ်တို့အဖို့ “ရောင်တော်ပြန်နှင့် ရောလွှတ်” ရန် အခွင့်အရေးရသွား၏။ တပ်များအား ဖက်ဆစ်တော်လှန်ရေး အတွက် တာဝန်ကျရာ စစ်တိုင်းများသို့ ပုန်းလျှို၊ကွယ်လျှိုပြောင်းရွှေ့ရန်မလိုတော့….။

၁၉၄၅ ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် ဦးဝိစာရလမ်းနှင့် ဝင်ဆာလမ်းထောင့်ရှိ မြက်ခင်းပြင်၌ ဗမာ့တပ်မတော် တပ်ရင်း၊ တပ်ခွဲများအား စစ်သေနာပတိချုပ် ဗိုလ်ချုပ်က စစ်ထွက်မိန့်ခွန်း ပေး၏။

“အနီးကပ်ဆုံး ရန်သူကို ရှာတိုက်ကြ…..”

(၂၂)ရက်နေ့တွင် ဗိုလ်ချုပ်ကိုယ်တိုင် ရန်ကုန်မှ စစ်ထွက်၏။ ဒေါ်ခင်ကြည်က သားငယ်နှစ်ဦး….။ ပြီးလျှင် …. ရင့်မာစပြုနေသည့် ကိုယ်ဝန်နှင့်ကျန်ရစ်၏။ ဗိုလ်ချုပ်၏ စစ်ဌာနချုပ်က သရက်၊ မင်းတုန်းဘက်တွင် အခြေပြု၍လှုပ်ရှားမည်။ ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့တွင် စစ်တိုင်းများအားလုံးက ဖက်ဆစ်ဂျပန်တို့အား တပြိုင်တည်းစ၍ တိုက်ကြ၏။

၁၉၄၅ခုနှစ် မေ (၂)ရက်နေ့တွင် ရန်ကုန်အား ဂျပန်လက်အောက်မှပြန်၍ သိမ်းပိုက်နိုင်ခဲ့၏။ ရန်ကုန်အားဗမာ့တပ်မတော်နှင့် ဗြိတိသျှတပ်များက သိမ်းထားပြီးဖြစ်သော်လည်း….. ဂျပန်တပ်များက စစ်တောင်းမြစ်၊ အရှေ့ဖက်ခြမ်းနှင့် တနင်္သာရီဒေသများအား ထိန်းသိမ်းထားဆဲဖြစ်၏။

ရန်ကုန်မြို့အား သိမ်းပိုက်ရရှိပြီးနောက် ဗြိတိသျှတို့က ရန်ကုန်အား စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်၏။ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စပီးယားက.. ဗိုလ်ချုပ်အောင်ဆန်းအား ဖမ်းဆီးမည်။ ဖဆပလအား မတရားအသင်းကြေညာမည်…..ဤသို့ခြေလှမ်းများ လှမ်းလာ၏။ ဗိုလ်ချုပ်စပီးယား၏ခြေလှမ်းအား လန်ဒန်ရှိအာဏာပိုင်တို့က ခွင့်မပြု….။ စပီးယားအား ရန်ကုန်မှ ပြန်ခေါ်ပြီး ဗိုလ်ချုပ် ဟူးဘတ်ရန့်စ်အား လွှတ်၏။

၁၉၄၅ ခုနှစ်ဇွန်လ (၄)ရက်နေ့တွင် ဖဆပလဌာနချုပ်၌ မြန်မာပြည်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၏ အစည်းဝေးအားပြုလုပ်၏။ ဗိုလ်ချုပ်က ဖဆပလ၏ မူဝါဒနှင့် လုပ်ငန်းများအား အစည်းအဝေးတွင် ရှင်းပြ၏။ ဗမာတပ်မတော်၏အနာဂတ်ကိစ္စအား ဆွေးနွေး၏။

၁၉၄၅ခုနှစ် ဇွန်လ (၁၆)ရက်နေ့တွင် ဗြိတိသျှတပ်များ၏ စစ်သေနာပတိချုပ် မောင့်ဘတ်တန်နှင့် ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်းတို့ ရန်ကုန်တွင်ပင်တွေ့ပြီး ဆွေးနွေးကြ၏။ ဗမာ့ လက်နက်ကိုင်တပ်များ၏အရေးအား အဓိကထားဆွေးနွေးကြ၏။ အလုပ်တာဝန်များ အကြား၌ ဗိုလ်ချုပ်သည် ပိ၍နေသည်။

၁၉၄၅ခုနှစ် ဇွန်လ (၁၉)ရက်နေ့တွင် ဒေါ်ခင်ကြည်သည် တတိယမြောက် ကိုယ်ဝန်အား မွေးဖွားခဲ့၏။ သမီးလေး….။ မိခင်နှင့်ကလေးပါ ကျန်းမာရေးကောင်းကြ၏။ ဗိုလ်ချုပ်က ဇနီးသည်နှင့် သမီးငယ်တို့အနား၌ ကြာကြာမနေနိုင်….။ အချိန်မပေးနိုင်။ မနက်ဖြန်တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဖို့အရေးကရှိသည်။ ပြင်ဆင်စရာရှိသည်များအား ပြင်ဆင်ရမည်။ ဖဆပလခေါင်းဆောင်များနှင့်တိုင်ပင်ဆွေးနွေးစရာများ လည်းရှိ၏။ သိပ့်သိပ့်သည်းသည်း ထုတ်ပိုးထားသည့် ဖြူဖွေးသော အနှီအတွင်းမှ သမီးငယ်လေးမျက်နှာက နီတာရဲရဲ…..။

အခန်း (၃)

၁၉၄၅ခုနှစ် မတ်လ (၂၇)ရက်နေ့ ဖက်ဆစ်တော်လှန်ရေးအားဆင်နွှဲရာတွင် “ဗမာ့ကာကွယ်ရေးတပ်မတော်” (BDA) အား “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”ဟု အမည်ပြောင်း၍ တော်လှန်ခဲ့ကြသည်။ တော်လှန်ရေးက ပြီးပြီ။ ဗြိတိသျှမဟာမိတ်တပ်များက ဗိုလ်ချုပ်ဦးဆောင်သည့် “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”အား “ဗမာ့အမျိုးသားတပ်မတော်” (BNA)ဟူ၍သာ သုံးနေ၏။ “ပြည်သူ့လွတ်လပ်ရေးတပ်မတော်”သားများကလည်း “ ပြည်သူ့လွတ်လပ်ရေးတပ်မတော်“ဟူ၍သာလက်ခံကြ၏။ “ဝေါဟာရ” အငြင်းအခုန်က ရှိနေသည်။ ဝေါဟာရ၏နောက်တွင် အနှစ်သာရအသွင်ကဆောင်လာမည်။

၁၉၄၅ခုနှစ် ဇွန်လ (၂၉)ရက်နေ့တွင် ဗိုလ်ချုပ်သည် ဘုရင်ခံ ဒေါ်မန်စမစ်နှင့် တွေ့ပြန်သည်။ ဒေါ်မန်စမစ်က တပ်မတော်၏အမည်သတ်မှတ်ရေးအား “ဗမာ့မျိုးချစ်တပ်မတော်”ဟူ၍ခေါ်ရန် ဗိုလ်ချုပ်အားအကြံပေး၏။ ဗိုလ်ချုပ်မှလည်း သဘောတူလိုက်၏။ ဗိုလ်ချုပ်အတွက် သူထူထောင်ခဲ့သည့် တပ်မတော်ကြီး၏အမည်ကိစ္စကပြီးပြီ….။ တဖက်တွင် က….ရှိသေး၏။ အမည်ကိစ္စပင်….။ လွန်ခဲ့သည့် ဆယ်ရက်က ဖွားမြင်ခဲ့သည့် သူ၏ရင်သွေးသမီးငယ်လေးအား ယခုအထိ အမည်မပေးရသေး…။ သားဦးယောက်ျားလေးမွေးစဉ်က ….အောင်ဆန်းဦးဟု ပေးခဲ့၏။ ယခုသမီးငယ်အတွက် ….။ ဗိုလ်ချုပ်စိတ်အတွင်း၌ အမည်တခုအားပေးကြည့်၏။ အိမ်ပြန်ရောက်သည့်အခါ၌ ဇနီးသည်အား ဗိုလ်ချုပ်က စိတ်ထဲမှ ပေးထားသည့် အမည်အား ပြောပြသည်။ ဒေါ်ခင်ကြည်မှလည်းသဘောကျ၏။ သို့နှင့်… ဗိုလ်ချုပ်က သူ၏သမီးလေး၏ အမည်အား မှည့်ခေါ်လိုက်သည်။

“ အောင်ဆန်းစုကြည်……”

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ ... အပိုင်း(၁)
ဒေါ်အောင်ဆန်းစုကြည်၏ ကလေးဘဝပုံရိပ် (ကလေးသုံးဦးအနက် ရှေ့ဆုံးကလေးမှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။)

(မဇ္ဈိမသတင်းဌာနတွင် ဖော်ပြထားသော အခန်းဆက်ဆောင်းပါးကို ကူးယူဖော်ပြသည်။ ဆက်လက်၍လည်း အပိုင်း – ၅ဝ ကျော်အထိ တင်ပြပေးသွားရန် ရှိပါသည်။ စောင့်မျှော် ဖတ်ရှုကြပါ။)