ချို ပေါ့ ကျ (၅)

black chawMarch 14, 20122min31852

စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း

ကြိုပြောထားမယ်နော်၊
ကျွန်တော် သောကြာသားမဟုတ်ပါဘူး။
ဟေးဟေး စကားကြော ရှည်နေရင် နည်းနည်းတော့ ခွင့်လွှတ်။
ဇွန်စီ ကြော်ငြာထဲက ခိုင်သင်းကြည် ပစ်ပြသွားတဲ့ တင်လေးနဲ့ စလိုက်ရအောင်ဗျို့။
ပြောမယ့်သာပြောရတာ၊ အဲဒီ ဇွန်စီ ကြော်ငြာမှာ ပစ်ပြသွားတဲ့ ခိုင်သင်းကြည် တင်လေးတွေကို ပြန်မြင်ယောင်ကြည့်လိုက်စမ်းပါ ကျောင်းဒကာ။ (ဆရာမကြီးတို့ အစ်မ ပဒုမ္မာတို့ ရွာသူတွေ ကန်တော့ပါဗျာ)

အို လိမ္မော်သီးလေးလို ဇွန်စီ ဟာ တကယ်ကိုကောင်း…

ဆိုပြီး တင်လေးကို ပစ်ပစ် ပြသွားတာလေ။
ဘယ်လိုမှ လင်စိတ်သားစိတ်မပေါက်စေတဲ့ ဆွဲဆောင်မှု မရှိသော (တစ်နည်း ဆက်ဆီ မဖြစ်သော) တင်ပစ်မှုကြီး :mrgreen: တစ်ခုလို့သာ ခေါင်းစဉ်တတ်လိုက်ချင်တော့တယ်ဗျာ။ ကျွန်တော်တော့ အဲဒီတုန်းက ကြည့်ခဲ့တုန်းကလည်း လင်စိတ်သားစိတ်မပေါ်ခဲ့တာ အမှန်ပါ။ အခုပြန်စဉ်းစားကြည့်လိုက်တော့ လည်း ဒီဖီလင်အတိုင်းပါပဲ။ ရယ်ချင်နေတဲ့ စိတ်က ပိုများနေခဲ့တယ်လို့ သတိရမိတယ်။ ဆိုလိုတာက မိန်းကလေးတွေ တင်ပစ်ပစ်ပြတိုင်း ဆွဲဆောင်မှု ရှိတာမဟုတ်ဘူးလို့ ဆိုချင်တာပါ။ စကားလမ်းကြောင်းတွေတော့ ချော်ကုန်ပြန်ပြီဗျို့။ ကျွန်တော် သောကြာသား မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ၂၀၀ရ လောက်က အကြီးအကျယ် ပေါက်ခဲ့တဲ့ 10 Sec ဗီစီဒီ သီချင်းခွေ ထဲက သီချင်းလေးတစ်ပုဒ်အကြောင်း ဆက်လိုက်ဦးမယ်ဗျာ။ သီချင်းလေးရဲ့နာမည်က နမော်နမဲ့ တဲ့။ တေးဆိုက ခေတ္တဩစတေးလျရောက် ကချင်မလေး ရေဗက္ကာဝင်း။ Live Show ပုံစံနဲ့ ရိုက်ထားတဲ့ အဲဒီသီချင်းကိုတော့ ကျွန်တော် အကြိုက်တွေ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ ရေးတာရော ဆိုတာရော တီးတာရော အကုန်ခိုက်ခဲ့တဲ့ R&B သီချင်းလေးပေါ့။
ဟေးဟေး ကျန်ခဲ့တော့မလို့ အဆိုတော်မလေးရဲ့ သီချင်းဆိုရင်း လုပ်ပြသွားတဲ့ ပါဖေါမန့်လေးတွေကိုပါ အကြိုက်တွေ့ ခဲ့တယ်ဆိုတာလေး။

ဘယ်လိုအချိန်ကများ ဒီရင်ထဲ ချစ်မိသွားတာလဲ
တော်တော်ကြာပြီပေါ့ မြင်မြင်ခြင်း ချစ်မိသွားတာပဲ …

အဲဒီနေရာလောက်အရောက်မှာ ရေဗက္ကာဝင်းလေးကလည်း သူ့တင်လေးကို ဝိုက်ဝိုက်ပြီး ပစ်ပစ်ပြသွားခဲ့ဘူးပါတယ် ကျောင်းဒကာ။ ပြောရင်းနဲ့ ရေတောင် ဆာလာပြီ၊ ခိုင်သင်းကြည် ကြော်ငြာခဲ့တဲ့ ဇွန်စီလေး တစ်လုံးလောက် ငုံဦးမှ။ အာဟိ…။ :mrgreen: အဲဒီ အမှုကိုတော့ ခုနက ခိုင်သင်းကြည်အမှုနဲ့ ဆန့်ကျင်ဖက် အမှုလို့သာ ခေါင်းစဉ်တတ်လိုက်တော့ ဗျို့။ မယုံရင် ကိုယ်တိုင်ခံစားကြည့်ပေါ့ဗျာ။ ငြင်းစရာမဟုတ်ပါဘူး။ မဒမ်ဘလက်ရှေ့မှာတော့ ဟာ ရိုင်းလိုက်တာ ဘာညာပေါ့… စိတ်ထဲကတော့ လေးဖြူအသံကြီးနဲ့ မိုက်တယ်ကွာပေါ့။ ထားပါတော့…။ အခုမှ လိုရင်းက လာမှာ။ :mrgreen:
အဲဒီ နမော်နမဲ့ သီချင်းကိုရေးတဲ့သူက ကိုရွှေခေါ် ရွှေဂျော်ဂျော် ဆိုတဲ့ မန်းသားကြီးဗျ။ သူ့အရွယ်ကြီးနဲ့ ဒီလိုစာသားတွေပါတဲ့ ဒီလိုသီချင်းမျိုးကို ရေးနိုင်ခဲ့တာ အံ့ဩမိပါတယ်။ သီချင်းကလည်း ကိုယ်ပိုင်သံစဉ် စစ်စစ်တဲ့နော် ကျောင်းဒကာ။ သေသွားမယ် ဘာမှတ်နေလဲ…။ လိုရင်းကို ရောက်ပါတော့မယ်ဗျ။ စကားခံထားပြီးသားကို။ ကျွန်တော် သောကြာသားမဟုတ်ပါဘူးလို့…။
အဲဒီ ကိုရွှေ ကြီး ဂီတလောကထဲကိုစဝင်လာတာ ပါချီပါချဲ့တော့ မဟုတ်ဘူးဗျ။ ပဉ္စဂံတေးစု ဆိုတဲ့ ငါးယောက်တွဲစီးရီးတစ်ခု ထွက်ခဲ့ဘူးတယ်။ ထူးအိမ်သင်၊အောင်ရင်၊ စိုင်းထီးဆိုင်၊ ခိုင်ထူး နဲ့ စိုးလွင်လွင်တို့ တစ်ယောက်သုံးပုဒ်နှုန်းနဲ့ ဝိုင်းဆိုကြခဲ့ကြတာပေါ့။ အော် အခုတော့ ထူးအိမ်သင် ရယ် စိုးလွင်လွင်ရယ် စိုင်းထီးဆိုင်ရယ် မရှိရှာကြတော့ဘူး။ သင်္ခါရ သင်္ခါရ ။ ထားလိုက်ပါဗျာ အဲဒီ သင်္ခါရကြီးက စိတ်ညစ်ဖို့ကောင်းပါတယ်။ အဲဒီ ပဉ္စဂံတေးစု ထဲမှာ ထူးအိမ်သင် ဆိုခဲ့တဲ့ သီချင်းတွေက ကိုရွှေကြီး ရေးခဲ့တဲ့ သီချင်းတွေချည့် ပါဗျာ။ လိုရင်းရောက်ကာနီးနေပါပြီခင်ဗျာ။ ထိုင်ခုံလေးတွေ ခါးပတ်ပတ်ထားပေးကြပါ…ဟေးဟေး။ အဲဒီစီးရီးထဲက ကိုယ့်ရဲ့ညများ ဆိုတဲ့ သီချင်းလေးတစ်ပုဒ် ကို ဆွဲယူလိုက်ကြရအောင်ဗျာ။

မင်းသမီးလုပ်ပါ အချစ်ကလေးရယ်
အကောင်းဆုံးမင်းသား ရွေးလိုက်မယ် ကိုယ်ပါပဲလေ
အို သိတ်ချစ်ကြသတဲ့ ဇာတ်လမ်းလေးကလည်း ကောင်း
စီယာတိုင်မပါတဲ့ ကားလေး မောင်းသလိုပဲ..
ချစ်မိရင်မလွယ်ပါဘူးကွယ်
အိုး အချစ်ရယ် ဘယ်နှယ့်လုပ်မလဲ
ကိုယ်နေ့နဲ့ညတွေ မှားမှားနေတယ် ဝိုးဝို..

ကိုရွှေကြီး ရေးချက်တွေကိုလည်း ကြည့်ဦး ကျောင်းဒကာ။ မင်းသမီးလုပ်ပါ အချစ်ကလေးရယ် တဲ့။ အကောင်းဆုံးမင်းသားကလည်း သူပါပဲတဲ့။ သိတ်ချစ်ကြသတဲ့ ဇာတ်လမ်းလေးကလည်း ကောင်း သတဲ့။ စီယာတိုင် မပါတဲ့ ကားလေးမောင်းသလိုပဲ တဲ့။ ဇာတ်ညွှန်းပါ ကိုယ်တိုင်ဝင်ရေးတော့မယ့်ပုံပဲ။ လွှတ်နုနေလိုက်တာဗျာ။
ကဲ လိုရင်းကိုရောက်ပြီ။ အဲဒီ စီယာတိုင်မပါတဲ့ ကားလေးမောင်းသလိုပဲ ကိုရောက်ဖို့ စကားကြောတွေရှည်နေခဲ့တာပါ ကျောင်းဒကာ။ ကျွန်တော်တို့ မန်းဂဇက်မှာ စာရေးနေကြတာလည်း စီယာတိုင်မပါတဲ့ ကားလေး မောင်းနေကြတာနဲ့ မတူဘူးလားဗျ။ အသေးစိတ်တော့ ရှင်းပြမနေတော့ဘူး။ မန္တလေး ဂဇက်မှာ ကျွန်တော်တို့ ခင်ဗျားတို့ စာတွေရေးနေကြတယ်။ စာတွေဖတ်နေကြတယ်။ ကွန်းမန့်တွေအပြန်အလှန် ရေးနေကြတယ်။ ဘယ်အယ်ဒီတာကမှ တည်းဖြတ်ခြင်းမရှိဘူး။ ရွာပိုင် သူကြီးကလည်း စည်းကမ်းတင်းကျပ်ပေးပါလို့တောင် ရွာသူားတွေက ပြန်တောင်းဆိုနေရတဲ့အထိ လွတ်လပ်ခွင့်ပေးထားတဲ့ နေရာ။ အဲဒါလေးကို ကျွန်တော်က ကိုရွှေကြီး စကားလုံး ခဏငှားပြီး ခေါင်းစဉ်လေး ပေးချင်တာပါ။ စီယာတိုင်မပါတဲ့ ကားလေး မောင်းနှင်ခြင်း လို့။ ဘယ်လိုလဲ ကျောင်းဒကာ။ ကြိုက်ရဲ့လားဗျ ကျွန်တော်ပေးတဲ့ ခေါင်းစဉ်လေး။
ပြီးပါပြီဗျ။ ဒီလောက်လေကြောမရှည်ပါဘူး။ ကြိုပြောထားသားနဲ့…။ ကျွန်တော် သောကြာသားမဟုတ်ပါဘူး ဆို။
မောင်း ဆရာရေ မောင်း နောက်ကားလိုက်လာပြီ…။

၂၀၁၂ မတ်လ ထုတ် ရနံ့သစ် မဂ္ဂဇင်းထဲက ကိုမင်းကိုနိုင်ရဲ့ တာရာမင်းဝေ အမှတ်တရ ကဗျာလေး ဖတ်ကြည့်စေချင်တယ်ဗျာ။ ကဗျာ နာမည်လေးက ကြယ်ကြွေသတို့သား တဲ့။ တာရာမင်းဝေ ပရိသတ်တွေအတွက်ရော တာရာမင်းဝေ ပရိသတ်တစ်ယောက်ဖြစ်တဲ့ ကိုအလင်းဆက်အတွက်ရော အလွမ်းပြေပေါ့။

ကြယ်ကြွေ သတို့သား
သူငယ်ချင်း
မင်းဟာ
ယုံကြည်ရာကို ရင်သွေးလိုလည်း မွေးခဲ့တယ်…
သူငယ်ချင်း
မင်းဟာ
ဒဏ်ရာတွေကို ဆီမီးလိုလည်း ထွန်းခဲ့တယ်…
သူငယ်ချင်း မင်းဟာ
ကိုယ့်ဒဏ်ရာ ကိုယ့်လျှာနဲ့သပ်
နေတတ်ခဲ့ပြီပဲ
သူငယ်ချင်း မင်းဟာ
ကိုယ့်အရိုးကိုယ်အပ်လုပ်သွေး
ကိုယ့်ဝတ်စုံကိုယ်ချုပ်ဝတ်ပြ
ကျကျနန လှပခဲ့ပြီးပြီပဲ
သွားနှင့်သူငယ်ချင်း
ကြယ်အစင်းစင်း ကြွေနေတဲ့
ကမ္ဘာမြေရဲ့ ဒဏ်ရာတွေကို ကုစားဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
နေအစင်းစင်းပူနေတဲ့
ကမ္ဘာမြေရဲ့လောင်ရာတွေကို
လက်ဖဝါးတွေနဲ့ကာကွယ်ဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
ကမ္ဘာမြေရဲ့ မာတိကာစာရင်းမှာ
မင်းသီချင်းတွေကိုသွင်းဖို့
ငါတို့နေရစ်ခဲ့ဦးမယ်
သွားနှင့်သူငယ်ချင်း
ကျောင်းနံရံတစ်ဝိုက်
ဒေါင်းအလံပြန်စိုက်မည့်တစ်နေ့
ငါတို့….။

ဒီကဗျာလေးကိုဖတ်ပြီး ကိုမင်းကိုနိုင်ရဲ့ ကဗျာရေးလက်ဟာ နှယ်နှယ်ရရမဟုတ်ဘူးဆိုတာ မတ်တပ်ရပ်ပြီး အသိအမှတ်ပြုလိုက်စမ်းပါ ကျောင်းဒကာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားရှာတဲ့ တာရာမင်းဝေ ကို အလွမ်းပိုစေခဲ့တဲ့ ကဗျာလေးအဖြစ် ချိုပေါ့ကျ ထဲမှာ ထည့်ဖျော်ခွင့်ပြုပါ ကိုမင်းကိုနိုင်ခင်ဗျား…။
တစ်လက်စထဲ တာရာမင်းဝေ ကို ဂုဏ်ပြုတဲ့အနေနဲ့ သင်းကွဲသူများ – ၂ ဆိုတဲ့ တာရာမင်းဝေရဲ့ကဗျာလေး ဖေါ်ပြပေးခွင့်ပြုပါ။

သင်းကွဲသူများ – ၂
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။

ကဲ ကိုရွှေဘုန်းရေ ရောက်လေရာ ဘဝမှာ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ရဲ့ ပန်းလက်ဖဝါးမှာ ပါးအပ်ပိုင်ခွင့်ရှိတဲ့ ကောင်လေးဖြစ်ပါစေဆိုလို့ ချိုပေါ့ကျ ထဲကနေ ဆုတောင်းပေး လိုက်ပါတယ် ဗျာ.။

ကိုမင်းကိုနိုင် ပထမဦးဆုံး ပြည်ပခရီးစဉ် သွားရောက်မည် (News Watch)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဟာ ကနေဒါအခြေစိုက် Right & Democracy အဖွဲ့ကပေးအပ်သော ဂျွန်ဟန်ဖရီဆုအား လက်ခံရယူရန် ဖိတ်ကြားခံထားရပါသတဲ့။ နိုင်ငံကူးလက်မှတ်ကိစ္စများ အဆင်ပြေပါက သွားရောက်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ခရီးစဉ်ဟာ တစ်ပတ်တာကြာမြင့်မည်ဖြစ်ပြီး အသွားအပြန်နှင့် နေထိုင်စရိတ်ကို ဖိတ်ကြား သည့်ဘက်မှ ကျခံသွားမည်လို့ သိရပါတယ်ကျောင်းဒကာ။

သီဟသုဓမ္မမဏိဇောတဓရ အကယ်ဒမီ ခန့်စည်သူ

ထုံးစံအတိုင်း သာဓု ခေါ်စရာသတင်းလေး တစ်ခုအကြောင်းပြောကြရအောင်ပါ။
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ တစ်ယောက် သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့ပါသတဲ့ဗျာ။
၂၀၀၈ ခုနှစ်တုန်းကလည်း သုဓမ္မမဏိဇောတဓရ ဘွဲ့ကို ရရှိခဲ့ပြီး အခု ၂၀၁၂ ခုနှစ်မှာတော့ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့ကို ထပ်မံ ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော နာမည်သုံးလုံးနဲ့ ပရိသတ်ကို ဒုတ်ပြခဲပြ ပြခဲ့တဲ့ မင်းသား နဲ့ ယှဉ်လိုက်ရင် ခန့်စည်သူ ရဲ့ အခုလို ဘွဲ့ ရရှိမှုဟာ သာဓုခေါ်စရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ် ။ ကဲ ခေါ်ပြီဗျို့ ကျောင်းဒကာ။
သာဓု သာဓု သာဓု ပါ ကိုရင် ခန့်စည်သူခင်ဗျား။
အင်း ကိုရင်စည်သူကိုတောင် သတိရသွားပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ အဖွဲ့ဝင်အဖြစ် လျှောက်လွှာတင်ခဲ့တဲ့ ရဲတိုက် (အလင်းတန်း)

ကျွန်တော်တို့ ရွာသား အင်ဇာဂီ ရဲ့ ကလုန်းလို့တောင်ထင်ရတဲ့ သရုပ်ဆောင်ရဲတိုက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် လျှောက်လွှာတင်ခဲ့ပါတယ်တဲ့ ကျောင်းဒကာ။ မူရင်းသတင်းလေး နည်းနည်း ဖတ်ကြည့်ပါနော့။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၂ မတ်လ ၁ ရက်က ရှမ်းပြည်နယ် ဟဲဟိုး၊ အောင်ပန်း၊ ကလောမြို့များကို နိုင်ငံစည်းရုံးရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့မှုကို ရဲတိုက်က ပြည်သူတစ်ယောက်အနေနဲ့ ကြိုဆိုခဲ့ပါတယ်။ “ကျွန်တော်က အဲဒီနယ်မှာမွေးတဲ့ သူတစ်ယောက်အနေနဲ့ ကြိုသွားနှင့်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့တာပါ။ ကျွန်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာဝင်ဖို့ လျှောက်လွှာတင်ထားတယ်။ အဖွဲ့ဝင်အဖြစ်လက်မခံသေးပါဘူး။ ဒီခရီးစဉ်မှာ ကျွန်တော့်အပေါ် တုံ့ပြန်မှုဆိုတာကို သတိမထားမိပါဘူး။ ဒါပေမယ့် ရှမ်းပြည်နယ်ကသူတွေ အားလုံးပျော်ရွှင်နေကြတယ်။ ကျွန်တော့်ဘဝတစ်လျှောက် ဖြတ်သန်းလာမှုတစ်လျှောက်မှာ ဒီလိုမျိုးတွေ မကြုံဖူးတော့ ကျွန်တော့်အတွက် အတွေ့အကြုံသစ်တွေချည်းပါပဲ” လို့ ရဲတိုက်က ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ဒီမင်းသားငယ်လေးရဲ့ ပရဟိတ သတင်းလေးတွေလည်း ကြိုကြားကြိုကြား ဖတ်ခဲ့ဘူးမှာပါ။ ဖေါင်ဒေးရှင်းတောင် ထောင်ထားသေး ဆိုလား။ ပရဟိတစိတ် ရှိတဲ့ မင်းသားငယ် တစ်ယောက်ရဲ့ ပြတ်သားတဲ့ ရွေးခြယ်မှု မှန်ကန်ပါစေလို့ ဆုတောင်းပေးရအောင်။ ရဲတိုက်နဲ့ တော်တော်တူတဲ့ ဂီဂီ ရဲ့ ရဲတိုက်ရဲ့ရွေးခြယ်မှုအပေါ် အမြင်လေးကိုလည်း သိခွင့်ရရင်တော့ သိချင်မိသားဗျ။ အော် ဘာရယ်မဟုတ်ပါဘူးဗျာ။
အဖြူထည်ကြီးလား မာယာလေလား ဆိုတာမျိုးလေး ပေါ့။ မည်သို့ပင်ဆိုစေကာမူ ရဲတိုက် ရဲ့ ရွေးခြယ်မှုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလေး သတင်းပေးတာပါကျောင်းဒကာ။

ဒေါက်တာ သံသာဝင်း ရေးတဲ့ အမျိုးသမီးတွေရှေ့ထွက် သီချင်းအကြောင်း (ပေါ်ပြူလာ)

အမေက အောင်မြင်တဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ တေးရေးတေးဆို ဒေါ်နွဲ့ယဉ်ဝင်း။ အစ်ကိုကGhostrider တေးဂီတအဖွဲ့ရဲ့ပဲ့ကိုင်ရှင် တေးရေးတေးဆိုမျိုးမျိုး။ သူမကိုယ်တိုင်ကလည်း အောင်မြင်တဲ့အဆိုတော်။ အခု ဟော့ဖြစ်နေတဲ့ အမျိုးသမီးတွေ ရှေ့ထွက် သီချင်းကို ရေးသားသီဆိုလိုက်နိုင်ပြီဆိုတော့ တေးရေးတေးဆို သံသာဝင်း။ သိတ်မကြာသေးခင်အချိန်က ပါရဂူဘွဲ့ကို လက်ခံရယူထားသူဆိုတော့
သူမရဲ့ ဂုဏ်ပုဒ်အပြည့်အစုံက တေးရေးတေးဆို ဒေါက်တာ သံသာဝင်း ပါ ခင်ဗျာ။
ပြောချင်ရာပြောကြ၊ ဒေါက်တာ က တစ်ပြားမှ မလျှော့ပေးဘူး ကျောင်းဒကာ။ သီချင်းတွေကို ခင်ဗျားသိတ်စိတ်မဝင်စားဘူး ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒီသီချင်းလေးကတော့ ထူးခြားနေလို့ ချိုပေါ့ကျ ထဲ ထည့်လိုက်ရတာပါ။ ဒေါင်းလုဒ်ဆွဲပြီး နားထောင်ကြည့်ဗျာ။
http://www.sawkyawoo.com/2012/02/blog-post_1515.html
အထူးသဖြင့် မိန်းကလေးတွေကို နားထောင်ခိုင်းပါ ကျောင်းဒကာ။
ဒီသီချင်းလေး ဖြစ်ပေါ်လာပုံကို တေးရေးတေးဆို ဒေါက်တာ သံသာဝင်း က ဒီလိုရှင်းပြပါတယ်တဲ့ဗျာ။

အန်တီစုနဲ့ အစ်မတို့ ဂီတ အနုပညာရှင်တွေ တွေ့ဆုံကြတုန်းက အန်တီစုက သူဖြစ်စေချင်တဲ့ သီချင်းပုံစံလေးတွေပြော တယ်။ အဲဒီမှာ အန်တီစုက အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်းကိုလည်း ရေးစေချင်တယ်လို့ ပြောတယ်။ အဲဒီတုန်းကတော့ တေးရေးဆရာကြီးတွေရေးတဲ့ အခါ အစ်မတို့ ဝင်ဆိုပေးမယ်ပေါ့။ ဒါပေမယ့် အစ်မရဲ့ ခေါင်းထဲမှာတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ရေးချင်တာ တော်တော် ကြာနေပါပြီ။ နဂိုတည်းက အတွေးက ရှိပြီးဖြစ်တဲ့အတွက် အစ်မရဲ့ ခေါင်းထဲကို သီချင်းစာသားတွေက ဒီအတိုင်းဖြစ်ပေါ်လာတယ်။ ဒါနဲ့ပဲ အစ်မက သီချင်းအကြမ်းလေးလုပ်ဖြစ်ရင်းနဲ့ ဒီသီချင်းလေး ဖြစ်ပေါ်လာတာပါ။ ပထမက ဒီသီချင်းကို တစ်ယောက်နှစ်ယောက်ပဲ ဆိုမယ်ပေါ့။ နောက်စဉ်းစားကြတော့ ဒီသီချင်းကို အမျိုးသမီးတွေအားလုံး ပေါင်းပြီးဆိုလိုက်ရင် ပိုကောင်းမယ်ထင်လို့ပါ။ အဲဒါနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်း လိုက်တော့ အားလုံးကလည်း ၂ ခါမပြောရဘူး။ ချက်ခြင်းကိုပဲ ဆိုပေးမယ်လို့ ပြောကြတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ သီချင်းကလည်း မြန်မာပြည်မှာ နည်းနည်း ရှားတယ်။ အန်တီစုကတော့ ကိုယ့်ရဲ့တိုင်းပြည်မှာ ရှိနေတဲ့ အတုယူစရာအကောင်းဆုံး စံပြ အမျိုးသမီးပေါ့။

ဖေဖေါ်ဝါရီ ၂၉ ကမှ အွန်လိုင်းပေါ် စတင်လိုက်တဲ့ သီချင်းပါ ကျောင်းဒကာ။ အခုတော့ ပေါက်နေပါပြီတဲ့။
ကဲ သူများတွေပြောရင် မသိသေးဘူး မဖြစ်ရအောင် ဒို့ရွာသူတွေ ဒီသီချင်းလေးကို နားထောင်ဖြစ်အောင်နားထောင်ထားကြ ဗျာ။ ပြောမယ့်သာ ပြောရတာပါ။ ဒို့ရွာသူတွေက အမြဲတမ်း ရှေ့မှာချည်းပါပဲ။ မန်းဂဇက်ရဲ့ ပထမဆုံးအလှူကိုပဲကြည့် ရွာသူ အီးတုန်းက ကြောက်ရွံ့နောက်တွန့်နေတဲ့ မိန်းကလေးမျိုးမဟုတ်ဘူးဆိုတာ ဦးဆောင်မှုနဲ့ သက်သေပြခဲ့ပြီးပါပြီ။ အခု မေဒေးနေ့ အလှူကိုလည်း ကြည့် ဦးဆောင်မယ့်သူက ရွာတော်ရှင်ဖွားဆူးတဲ့၊ ပန်းတနော် မမတဲ့။ အဲဒါကြောင့်ပြောတာ ဒေါက်တာသံသာဝင်း က အခုမှ မိန်းကလေးတွေ ရှေ့ထွက်ဖို့ နှိုးဆော်နေတာ။ မန်းဂဇက်က ရွာသူတွေက ရှေ့ရောက်နေတာကြာပေါ့။ သီချင်းကိုတော့ လေးစားမှုပေးတဲ့အနေနဲ့ တင်ပေးလိုက်ပါတယ် ဒေါက်တာသံသာဝင်းခင်ဗျား။
နည်းနည်းမှကို မလျှော့ဘူးဗျို့ ကျောင်းဒကာ။ အော်မေ့တော့မလို့ ဒို့ရွာသူ မပဒုမ္မာဆိုတာလည်း ဒေါက်တာပဒုမ္မာ ပေပဲဗျ။ နည်းနည်းမှကို မလျှော့ပေးနဲ့ အစ်မရေ။ ဟေးဟေး…။ :mrgreen:

ကြော်ငြာမင်းသား လေးဖြူ (နံနက်ခင်း)

ကိုလေး လို့ ချစ်စနိုးခေါ်ကြတဲ့ လေးဖြူကြီးရဲ့ အောင်မြင်မှုကို ထိန်းထားနိုင်ပုံက မန်ချက်စတာယူနိုက်တက် နဲ့ ဖာဂူဆန်တို့ ပရီးမီးယားလိဂ် မှာ ကြီးစိုးနေသလိုကြီးကို ဖြစ်နေခဲ့တာပါ ကျောင်းဒကာ။ အဲဒီ လေးဖြူကြီးကို ဒါရိုက်တာသိန်းဟန် (ဖီးနစ်) က မော်ဒယ် စိုင်းစည်တွမ်ခမ်း(သူကလည်း ဆရာဝန် မော်ဒယ်နော် ဘာမှတ်နေလဲ)၊ နန်းသူဇာတို့နဲ့တွဲပြီး Vita Cap အားဆေးကြော်ငြာ ရိုက်ခဲ့ပါသတဲ့။ လေးဖြူနဲ့ ကြော်ငြာ ရိုက်ဖြစ်တဲ့အကြောင်းကို ဒါရိုက်တာက ဒီလိုပြောပါသတဲ့ဗျာ။

ဒီဆေးက အလုပ်ပင်ပန်းတဲ့သူတွေ၊ စိတ်အာရုံနှစ်ပြီး အလုပ်လုပ်ရတဲ့သူတွေအတွက် အသုံးတည့်တဲ့ ဆေးပါ။ အဲဒီတော့ သရုပ်ဆောင်ရွေးတဲ့အခါ တကယ့်ခွန်အားနဲ့ Force နဲ့ စိတ်အာရုံနဲ့ နှစ်မြုပ်ပြီးလုပ်ရတဲ့လူမျိုးကို ရွေးချယ်မှာဆိုတော့ မင်းသားတွေနဲ့လည်း ရိုက်ခဲ့ပြီးပြီဆိုတော့ တေးသံရှင်ပိုင်းက ကိုလေးဖြူကို ရွေးလိုက်တာပါ။ ကိုလေးဖြူကို အိုက်တင်လုပ်ခိုင်းတာမျိုးမဟုတ်ဘဲ သူ့ရဲ့သဘာဝကို ဖေါ်ထုတ်ပြီးရိုက်တာပါ။ မင်းသားတစ်ယောက်မဟုတ်တဲ့အတွက် မင်းသားလိုပင်ပန်းပြတဲ့အိုက်တင်မျိုးထက်စာရင် သူ့နဂိုပုံစံအတိုင်း သဘာဝပုံစံကိုပဲ ရိုက်ပါတယ်။

လေးဖြူနဲ့ဗျူးထားတာလေးတွေထဲက တောင်ကြီးသင်္ကြန်အကြောင်းပြောထားတာလေး နည်းနည်း လောက် ဆွဲထုတ်ပေးလိုက်ပါရစေ။

မေး – ကိုလေးဖြူတို့ရဲ့ တောင်ကြီးသင်္ကြန်ရဲ့ ထူးခြားချက် ကိုလည်း ပြောပြပါဦး။
ဖြေ – ကျွန်တော်တို့ တောင်ကြီးသင်္ကြန်က တခြားသင်္ကြန်တွေနဲ့ လုံးဝမတူဘူး။ ဖွဲ့စည်းပုံကအစ ထူးခြားပါတယ်။ တောင်ကြီးသင်္ကြန်က ကျွန်တော်တို့ကို ငှားပြီဆိုရင် ပုဂ္ဂလိက ကုမ္ပဏီတွေက ငှားတာမဟုတ်ဘူး။ မြို့မိမြို့ဖ တွေက စုပြီးငှားကြတာပါ။ အဲဒီမှာကတည်းက ထူးခြားတာ။ ပြီးတော့ ဖျော်ဖြေတဲ့အချိန်မတူဘူး။ ရန်ကုန်မန္တလေးတွေမှာဆိုရင် မနက်တစ်ကြိမ် ခဏနားပြီး ညနေတစ်ကြိမ် တစ်နေ့နှစ်ကြိမ်ဖျော်ဖြေရတယ်။ တောင်ကြီးမှာလည်း တစ်နေ့နှစ်ကြိမ်ဆိုပေမယ့် သူက ဘယ်လိုအဆင်ပြေသလဲဆိုတော့ မနက်ပိုင်းကို ဝအောင်အိပ်လို့ရတယ်။ နေ့လယ် ၂ နာရီလောက်မှ စပြီး ဆိုရတယ်။ ညနေ ၅ နာရီလောက်မှာနားပြီး ညစာ စားကြတယ်။ ည ၈နာရီခွဲလောက်မှာ စင်ပေါ်ပြန်တက်ပြီး ဆိုလိုက်တာ၊ ည ၁၁ နာရီလောက်မှာ ပြီးသွားတယ်။ သီချင်းဆိုရတဲ့ အဓိကအချိန်က ညပိုင်းဖြစ်တော့ အလင်းရောင်လည်း မရှိတော့ဘူး။ ရေပက်တဲ့ကိစ္စလည်း မရှိတော့ဘူးဆိုတော့ မြို့နေပရိသတ်တွေကို ၄ ရက်လုံး ၈ ပွဲ အားပါးတရ ဖျော်ဖြေလို့ရပါတယ်။ တောင်ကြီးဝန်းကျင်က ပရိသတ်တွေကလည်း ထမင်းချိုင့်တွေနဲ့ လာကြည့်ကြတာလည်း ထူးခြားပါတယ်။ အပြည့်အလျှံပါပဲ။ တောင်ကြီးတောင်ကြီးက ကိုယ့်မြို့ဖြစ်၊ အဆိုတော်တွေကလည်း တောင်ကြီးသားတွေများတော့၊ ကိုယ့်မြို့သားတွေကို ပြန်ဖျော်ဖြေရတာ အရမ်းကို ကျက်သရေရှိပါတယ်။ ပျော်စရာလည်းကောင်းတယ်။

လေးဖြူကြီးက သူတို့အဖွဲ့ ဒီနှစ်သင်္ကြန်မှာ ဂရန်းရွိုင်ရယ်အစီအစဉ်နဲ့ မျှော်စင်ကျွန်းမှာ ရှိနေပါမယ်တဲ့။ ကဲ လေးဖြူပရိသတ်တွေ သင်္ကြန် ဘယ်မှ မသွားပဲ မျှော်စင်ကျွန်းကိုသာ ချီတက်ကြပေတော့။ လေးဖြူကိုချစ်လို့ဆိုပြီး သင်္ကြန်မှာ အရက်တွေလည်း စွတ်သောက်မနေကြနဲ့ဗျ။ ရာသီဥတု က ပူပါဘိသနဲ့။

ဆွေမျိုးအလိုမရှိ (နံနက်ခင်း)

ဆွေမျိုးတွေရဲ့ဒဏ်ကို တော်တော် ခံစားထားရပုံပါပဲ။ နေအိမ်အဝင်မှာ စာကိုကပ်ထား တာကိုကြည့်ပေါ့ဗျာ။ တွံတေးသိန်းတန်နဲ့ ဒေါ်ချစ်စံပယ် တို့ရဲ့ သမီး ရွှေရည်သိန်းတန်နဲ့ ခင်ပွန်း ကောင်းသန့်ဟိန်း တို့ရဲ့ အိမ်မှာ ဒီစာကိုကပ်ထားတာနဲ့ ပတ်သက်ပြီး

“နှစ်ဖက်ဆွေမျိုးတွေထဲမှာ ကောင်းတာရှိသလို၊ ကူညီထောက်ပံ့ပေးကြတာ ရှိတယ်။ တချို့ကျတော့လည်း ရလိုမှုတစ်ခုနဲ့ တစ်ဖက်သားကို မငဲ့ဘဲ ဒုက္ခပေးချင်ကြတာ အများကြီး ကြုံတွေ့ရပါတယ်။ ဒီစာတမ်းကို ရေးလို့ စိတ်ဆိုးပြီးမလာကြတာလည်း ရှိပါတယ်။ သမီးတို့ဘဝစတဲ့အချိန်မှာ ထပ်ပြီးဝန်မပိချင်လို့ ခုလိုရေးရတာပါ”

လို့ ပြောပါတယ်တဲ့။ အော် ဆွေမျိုး ဆွေမျိုး … ။ အဲဒီဆွေမျိုးတွေကို မီးဒုတ်ပဲဗျို့…။

ဥက္ကာဦးသာရဲ့ မားကက်တင်း (နံနက်ခင်း)

နေဆန်းရဲ့ ညီမကိုယူလို့ အဲလက်စ်က နေဆန်းရဲ့ ယောက်ဖပါ။ အဲဒီအဲလက်စ်ရဲ့ ညီမ အဆိုတော်ရှင်ဖုန်း ကို ဥက္ကာဦးသာကြီးက ယူပြန်တော့ ကိုဥက္ကာနဲ့ အဲလက်စ် က ယောက်ဖတော်ပြန်ပါတယ်။ အော်ကိုဥက္ကာ ကိုဥက္ကာ သူမို့ လုပ်ရက်လေတယ်။ လေးဇီးကလပ် ဝိုင်း နဲ့ ခွဲပြီး သရီးပလပ်စ် ဝိုင်းကို ထောင်လိုက်တာပြောပါတယ်။
အခုလည်း ကြည့်။ အဲဒီ ရှင်ဖုန်းက အဲဒီလူကြီး ဥက္ကာဦးသာအတွက် မီးဖိုချောင်ဝင်ရရှာသတဲ့။ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ထားရမယ့် ကလေးမလေးကို သူမို့ ခိုင်းရက်တာပြောပါတယ်။ အကြင်နာနည်းလွန်းလှသူကြီးပေါ့ဗျာ။ အံမယ် ဒီလူကြီးရဲ့ မားကက်တင်းကလည်း သိတ်တော့ ခေလှတာမဟုတ်ဘူးဗျ။ ဖတ်ကြည့်ဗျာ။

ကိုဥက္ကာကတော့ ရှင်ဖုန်း ဘာပဲ ချက်ကျွေးကျွေး ကောင်းတယ်၊ သိပ်ကောင်းတာပဲ၊ အရမ်းကောင်းတယ်လို့သာ ပြောပါတယ်

တဲ့ ကျောင်းဒကာ။ ကောင်းလိုက်တဲ့ မားကက်တင်း။ ဥက္ကာဦးသာ ၏ မားကက်တင်းမာယာများပေါ့ဗျာ။ ဟေးဟေး..။
အပြင်စာတွေ စားလာတာတော့ ကလေးမလေးက မသိရှာဘူး။ အိမ်ရောက်မှ မိန်းမချက်တာ အကုန်ကောင်းတဲ့။ လူဆိုး…။

ရဲဘော်သုံးကျိပ် အကြောင်းရုပ်ရှင်ရိုက်ချင်တဲ့ မောင်မျိုးမင်း (နံနက်ခင်း)

ဒါရိုက်တာမောင်မျိုးမင်းနဲ့ နံနက်ခင်းနဲ့ အင်တာဗျူးက အရှည်ကြီးပါ။ ဒီမေးခွန်းလေးနဲ့ ဒီအဖြေလေး ရွေးထုတ်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြဗျာ။

ပွင့်လင်းလာတဲ့ ကာလမှာ ဒါရိုက်တာ ဦးမီးပွားက ၁၉၈၈ အရေးတော်ပုံလို ကားမျိုးရိုက်ဖို့ စိတ်ကူးရနေပါပြီ။ အစ်ကိုရော ဘယ်လိုဇာတ်မျိုးနဲ့ ဒီမိုကရေစီခေတ်ဦးကို ကြိုဆိုမှာပါလဲ။
ကိုမီးပွားရိုက်မယ့် ၁၉၈၈ အရေးတော်ပုံလို ကားမျိုးရိုက်ဖြစ်ရင် သူရိုက်တာကို ဘေးက တတ်နိုင်သလောက် ဝိုင်းကူပေးမယ်။ ကျွန်တော်က ဘယ်လိုဇာတ်မျိုးရိုက်ချင်လဲဆိုတော့ အရင်ကလည်း ပြောဖူးပါတယ်။ လွတ်လွတ်လပ်လပ် ဖြစ်သွားရင် ရဲဘော်သုံးကျိပ်အကြောင်း ရိုက်ချင်တယ်လို့။

ကဲ ကျောင်းဒကာ။ ဒါရိုက်တာမီးပွားရဲ့ ၁၉၈၈ အရေးတော်ပုံ ဇာတ်ကားကြီး မကြာမီ လာမည် မျှော်….။
ဒါရိုက်တာ မောင်မျိုးမင်း ရဲ့ ရင်တွင်းဖြစ် ရဲဘော်သုံးကျိပ် ဇာတ်ကားကြီး မကြာမီ လာမည် မျှော်….။

မီးသတ်ဖို့သွားတဲ့ မီးသတ်ကားမှောက်လို့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး (မြနန္ဒာ)

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မဈေးမီးလောင်တာကို သွားရောက်ငြှိမ်းသတ်တဲ့ ဝန်းသို မီးသတ်တပ်ဖွဲ့ရဲ့ မီးသတ်ကား တိမ်မှောက်လို့ မီးသတ်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်တဲ့။
အော် မီးတွေ မီးတွေ လောင်လိုက်ရင်လည်း ဈေးတွေချည်းပဲ။ ဒီကြားထဲ မီးသတ်ကားက မှောက်ရသေး။ အန္တရာယ်ကင်းအောင် စီမံကြပါ ဆရာတို့ရေ။
ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ် အားလုံးဟာ စီမံခန့်ခွဲသူတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိစိတ်လေးရှိရင် သိတ်ကောင်းပါတယ်ဗျာ။

ဈေးချိုဈေးပွဲတော် သဘောမတူသူတွေ ရှိပေမယ့် ကျင်းပရေး ရက်သတ်မှတ် (မြနန္ဒာ)

မူရင်းသတင်းလေးကို သာ ဖတ်ကြည့်တော့ ကျောင်းဒကာ။
ဈေးချိုဈေးပွဲတော်ကို သဘောမတူသူတွေ ရှိတဲ့ကြားက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန က ကြီးမှူးပြီး ဧပြီလ ၄ရက်ကနေ ၈ ရက်အထိ ၅ ရက်တိုင်တိုင်ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော် ကျင်းပဖို့ သဘောမတူသူတွေရဲ့ အသံကိုလည်း ဖတ်ကြည့်ဦးဗျ။

ဘာပဲဖြစ်ဖြစ် ဒီဈေးပွဲတော်ကို တားရမယ်။ ကျွန်မတို့ တစ်နှစ်လုံး အောင်းထားရတဲ့ ပစ္စည်းတွေကို ဒီအချိန်လေးမှ ထုတ်ရောင်းရတာ။ အေရုံတစ်ခုလုံးကတော့ ပွဲတော်ကို လုံးဝသဘောမတူဘူး။ အဓိကက ဈေးချိုဝန်းကျင်မှာ မလုပ်စေချင်တာပဲ

အထည်ဆိုင်ပိုင်ရှင် တစ်ဦး ပြောထားတာလေးလည်း ဖတ်ကြည့်ပါဗျာ။

အန်တီတို့က ဒီဈေးပွဲတော် မကျင်းပဖို့ အရင်မြို့တော်ဝန်ကို စာတင်ထားပါတယ်။ အခု မြို့တော်ဝန်အသစ်ပြောင်းသွားတော့ နောက်ထပ်စာတင်ရမယ်လို့ထင်တယ်။ ကျန်တဲ့သူတွေက ခဏတော့ စောင့်ကြည့်ပေးပါ။ မြို့တော်ဝန်အပြောင်းအလဲမှာ စိတ်အနှောက်အယှက်ဖြစ်လိမ့်မယ်လို့ ပြောကြတယ်။ အန်တီကတော့ အဲလို မထင်ဘူး။ စိတ်အနှောက်အယှက်ဖြစ်စရာလည်း မလိုဘူးလေ။ ဒီမြို့တော်ဝန်ဆိုတဲ့ နေရာကို တာဝန်ယူတယ်ဆိုကတည်းက အန်တီတို့က အခက်အခဲတွေ မပြေလည်တာတွေကို သိအောင်တင်ပြရမယ်။ အရင်တင်ထားတဲ့ စာက အရင်မြို့တော်ဝန်ကို နာမည်တပ်ထားတဲ့အတွက် အခုမြို့တော်ဝန်ကြီးလည်းဖတ်ရမယ် မထင်ပါဘူး။ အဲဒီတော့ ဒီကိစ္စကို အရင်မြို့တော်ဝန်အနေနဲ့ မှတ်ချက်တစ်ခုခုမှာသော်လည်းကောင်း၊ ဈေးဌာနက ပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း မှတ်ချက်လေးရေးပေးချင် ရေးပေးခဲ့လိမ့်မယ်လို့ ထင်မိပါတယ်။ လိုအပ်တယ်ဆိုရင်တော့ အခု မြို့တော်ဝန်ကြီးဆီကို ထပ်တင်ဦးမှာပါ။ အန်တီတို့က ၉ လပိုင်း ၂ ရက်နေ့မှာ အရင်မြို့တော်ဝန်နာမည်နဲ့ သီးသန့်တင်လိုက်တာပါ။ အန်တီတို့ ဈေးသည်တွေဘက်ကတော့ အရင်မြို့တော်ဝန်က ဘာမှာခဲ့လဲ ဆိုတာကိုပဲ စောင့်မျှော်နေကြတယ်။ အခု မြို့တော်ဝန်အနေနဲ့ ဒီဈေးချိုတော်ကို ကွင်းဆင်းလေ့လာဖို့ အထိတော့ မမျှော်လင့်ပါဘူးကွယ်။
တချို့ကလည်း ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကြီး ရှိနေတဲ့အတွက် ဧပြီလတစ်ရက်ရဲ့ ရှေ့တစ်ပတ်နဲ့ ဧပြီလ တစ်ရက်ရဲ့ နောက်တစ်ပတ်ကို ပွဲမိန့်မပေးပါဘူးလို့ ကြားပါတယ်။ ဘယ်မြို့တော်ဝန်ကြီးကမှ ဈေးပွဲတော်လုပ်ပါလို့ မပြောခဲ့ပါဘူး။ သို့သော် အန်တီတို့ ခံစားနေရတဲ့ ခံစားချက်လေးတွေကို တင်ပြမှ မြို့တော်ဝန်ကြီးက သိမှာကိုး။ အဲဒီတော့ မြို့တော်ဝန်ကြီးလည်း ကြားမှာပါ။ အသစ်တက်လာတဲ့ မြို့တော်ဝန်အနေနဲ့ အမျှတဆုံး ဘက်မလိုက်ဘဲနဲ့ ဟိုဘက်က ဈေးအကျိုးတော်ဆောင်က ပွဲတော်ဘာကြောင့် ကျင်းပချင်တယ်ဆိုတာရယ် ဈေးသူဈေးသားတွေက ဘာကြောင့် ကန့်ကွက်ရတယ်ဆိုတာရယ်ကို မြို့တော်ဝန်ကြီးအနေနဲ့ သိသင့်ပါတယ်။

ကဲ ဒီ ဈေးချိုဈေးပွဲတော် ကိစ္စက စိတ်ဝင်စားစရာကောင်းနေပါပြီ ကျောင်းဒကာ။
ဈေးအကျိုးတော်ဆောင်တွေက ပွဲတော်ကျင်းပချင်ပါသတဲ့။ ဈေးသူဈေးသားတွေက ကန့်ကွက်နေကြပါသတဲ့။ မည်သို့ပင်ဆိုစေကာမူ ပွဲတော်ကိုတော့ ဧပြီ ၄ ရက်ကနေ ဂ ရက်အထိ ကျင်းပမယ်ဆိုပြီး ရက်သတ်မှတ်လိုက်ပါသတဲ့။ ဟေးဟေး မယ်ပုချ်တို့ မန်းသူတွေများ နီးစပ်ကြရင် ပြောကြပါဦးဗျ။ ဈေးချိုဈေးပွဲတော် ဘာလို့ လုပ်ချင်ကြပြီး ဘာလို့ ကန့်ကွက်နေကြတယ်ဆိုတာလေး။ မြို့တော်ဝန်ကြီးရဲ့ ဆုံးဖြတ်နိုင်စွမ်းကို ဒီကိစ္စမှာ လေ့လာကြတာပေါ့။
မန်းဂဇက်က ရွာသူရွာသားတွေက စောင့်ကြည့်နေတယ်ဆိုတာလေးတော့ မေ့မထားကြနဲ့ပေါ့ဗျာ။

ချစ်စနိုးဦးပြောတဲ့ အပျိုစင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာ (WOMEN’S WORLD)

ချစ်စနိုးဦး လေး ပြောသွားတာတဲ့ဗျာ။ ဖတ်ကြည့်ပါ။

လူဆိုတာ အချစ်မရှိဘူးလို့ မဆိုလိုဘူး။ နေရာအပြည့်ကြီးတော့ မဟုတ်ဘူးပေါ့။ ဘဝရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့တော့ အချစ်ဆိုတာ နေရာပေးကြမှာပဲ။ လောလောဆယ်ကိုယ်က အနုပညာအလုပ်ကိုပဲ စိတ်ထဲထည့်ထားတဲ့ အတွက် အချစ်ဆိုတာဘဝရဲ့ ဦးစားပေးရမယ့် အထဲမှာမပါဘူး။ အပျိုစင်ဘဝကို မြတ်နိုးတဲ့အတွက် ကိုယ့်ဘက်က အမှားမရှိအောင်နေတယ်။ ကိုယ့်ကို ဘေးအမြင်နဲ့ ပရိသတ်အထင်သေးအောင် မနေဘူး။ ကိုယ့်ရဲ့တန်ဘိုးက ကိုယ့်ဘဝရဲ့ ကိုယ်ကျင့်တရားပေါ်မှာပဲရှိတယ်။

ချစ်စနိုးဦးလေးက အပျိုစင်ဘဝကို မြတ်နိုးပါသတဲ့ ကျောင်းဒကာ။ အမှားမရှိအောင်လည်း နေပါသတဲ့။ ဟမ်း… ကောင်းမှကောင်း။

ခိုင်နှင်းဝေရဲ့ မိန်းမသားချင်း ပြောချင်တဲ့စကား (WOMEN’S WORLD)

လှဆဲ ချောဆဲ ချစ်စရာကောင်းဆဲ ခိုင်နှင်းဝေကြီး ရဲ့ မိန်းမသားချင်းပြောချင်တဲ့စကားလေးကို ရွာသူတွေ ဖတ်ဖို့ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။ ယောက်ျားများ မဖတ်ရပေါ့ဗျာ။

မိန်းမသားချင်း ပြောစရာဆိုတာကလည်း အရာရာကို တစ်ဖက်သတ် မခိုင်မပြောပါဘူး။ ယောက်ျားလေးတွေပဲ မကောင်းတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတွေမှာလည်း ချို့ယွင်းချက်တွေ အများကြီးပါ။ ငယ်ရွယ်သူတွေအနေနဲ့ အချစ်ကို အပျော်မသတ်မှတ်ဖို့နဲ့ အိမ်ထောင်သည်ယောက်ျားတွေကို မချစ်မိကြဖို့ လိုပါတယ်။ ကိုယ့်ဘဝကောင်းဖို့အတွက် အိမ်ထောင်သည်တွေကို မချစ်ဘဲ ဘဝအာမခံချက်ရှိတဲ့ လွတ်လပ်သော လူတော်လူကောင်းတစ်ယောက်ကို ရွေးချယ်ကြပါလို့။

ခိုင်နှင်းဝေကြီးရဲ့ ဘဝနဲ့ ရင်းသော ပညာပေးစကားလေးတွေက မိန်းကလေးငယ်တွေအတွက် အင်မတန် တန်ဘိုးရှိပါတယ်။ ကျေးဇူးပါ ခင်ဗျာ။

သန္တာလှိုင် အင်တာဗျူး (WOMEN’S WORLD)

အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ရနေပြီဖြစ်တဲ့ သန္တာလှိုင်နဲ့ အင်တာဗျူးထဲက ဖတ်ချင့်စရာအမေးအဖြေ အနည်းငယ်ကို ဖေါ်ပြပေးပါရစေ။

အစ်မရဲ့ personality က အရမ်းကောင်းတယ်နော်။ အိမ်ထောင်သည် တစ်ယောက်ဖြစ်သလို မိခင်လည်းဖြစ်တဲ့အစ်မက အပျိုလေးနဲ့မခြား လှပနုပျိုနေရတဲ့ လျှို့ဝှက်ချက်နဲ့ ကျင့်စဉ်လေးကို WOMEN’S WORLD အမျိုးသမီးထုအတွက် လက်ဆင့်ကမ်းပေးပါဦး။
ငယ်တုန်းတော့ လူတိုင်းလှကြတာပဲလေ နော့။ အဲဒီအလှအပကို ကိုယ့်ကိုယ်ကို လှပါတယ်လို့ ယုံကြည်ပြီး တန်ဖိုးထားပြီး ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ လေးစားစရာပါ။ အခုနောက်ပိုင်း ဘာဖြစ်လာသလဲဆိုတော့ အရင်တုန်းကလို ကောင်မလေး ငယ်ငယ်ချောချောလေးတွေတွေ့ရင် မျက်လုံးက လိုက်မကြည့်မိတော့ဘူး။ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီးတွေထဲက လှလှပပမြင်ရင် အလိုလို နှစ်ခါပြန်လှည့်ကြည့်မိတာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ လျှို့ဝှက်ချက်ကတော့ ရှင်းရှင်းလေးပါ။ စိတ်ပျိုကိုယ်နုတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်နဲ့ လှတယ်ဆိုတာကို လက်ခံ ယုံကြည်ထားလိုက်ရင် ကိုယ့်ကိုကြည့်နေတဲ့ တခြားသူတွေကလည်း ဒီလိုပဲ မြင်မှာပဲ။
လူမျိုးခြားနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားကို လိုက်သွားခဲ့တယ်။ အဲဒီလို သတ္တိတွေဖြစ်ပေါ်ခဲ့တာဟာ အချစ်ကြောင့်လို့ ပြောလို့ ရလား။
မဟုတ်ပါဘူး။ ယောက်ျားလိုချင်လွန်းလို့ပါလို့ ပြောထားပြီးပြီလေ။ ဟားဟားဟား နောက်တာနော်။

ကျွန်တော်တို့ ရွာသူတွေ ဖတ်ဖို့ ပါ ကျောင်းဒကာ။

ကျွန်တော် လူကက်ဆက် (Messenger)

ဒီဆောင်းပါးကို ရေးသူက ပန်းချီထိန်လင်း ပါ။ ပြီးခဲ့တဲ့ နှစ်ပတ်ဆက်တိုက် Messenger ဂျာနယ်မှာ အခန်းဆက်ပါခဲ့တဲ့ သမိုင်းတန်ဘိုးကြီးမားလှတဲ့ ဆောင်းပါးရှည်ကြီးပါ။ တောခိုသွားကြတဲ့ ကိုထွန်းအောင်ကျော်အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ ကို ထောက်လှမ်းရေးတွေပါလို့ စွတ်စွဲနှိတ်စက် ညှင်းပမ်း သတ်ဖြတ်ခဲ့ပုံတွေ ပြန်ရေးပြထားတာပါ။ အခွင့်သင့်ခဲ့ရင် ဆောင်းပါးကြီးတစ်ခုလုံး ဖေါ်ပြပေးနိုင်အောင် ကြိုးစားနေပါတယ် ကျောင်းဒကာ။ အခုကတော့ ဆောင်းပါးထဲက အမြည်းလေးနည်းနည်းလောက် တင်ပြပေးချင်တာပါ။

မြေပေါ်မှာ ငုတ်လေးငုတ်ရိုက်ပြီးတော့ ပက်လက်လှန်ပြီး လက်ရောခြေထောက်ကိုပါ တုပ်ပြီးတော့မှ ဝမ်းဗိုက်ပေါ်မှာ “ရင်ပေါင်ကြမ်း” စကိုခင်းပြီး မီးဖိုခဲ့တယ်လို့ ထောက်လှမ်းရေး စစ်ကြောရေးတာဝန်ခံ တပ်ကြပ်ကြီးသန်းဇော်က ကျွန်တော်တို့ကို လာပြောလို့သိရတာပါ။ နောက်တော့ ဖနောင့်ကနေ သံချောင်းကိုမီးတို့ပြီး ရိုက်ထည့်ပါတယ်။ ဒီလောက်အထိသွေးအေးအေးနဲ့ ရက်ရက်စက်စက်လုပ်လို့သာ ကိုထွန်းအောင်ကျော်ဟာ သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပြောခဲ့ရတာဖြစ်ပါတယ်။

ဒါလေးက ကိုထွန်းအောင်ကျော် ထောက်လှမ်းရေးပါလို့ ဝန်ခံအောင် နှိတ်စက်ကြပုံတွေပါ။
ကိုထွန်းအောင်ကျော်ဟာ အနုပညာသမားတစ်ယောက်ဖြစ်တဲ့အကြောင်းလေးကိုလည်း ဖတ်ကြည့်ပါ။

ကိုထွန်းအောင်ကျော်ရဲ့ သီချင်းတွေအကြောင်းဒီလောက်ဖွဲ့နွဲ့နေရတာကအကြောင်းရှိသဗျ။ သူဆိုတဲ့ပုံက တကယ့်အဆိုတော်တစ်ယောက်လို ဆိုနိုင်သလို တစ်လုံးတစ်လေယိုင်သွားတာ တိမ်းသွားတာမျိုးကို မရှိပါဘူး။ ဂစ်တာနဲ့ ကီးဘုတ်နှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်သလို အနောက်တိုင်းဂီတသင်္ကေတကိုလည်း ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းတယ်လို့ သိရပါတယ်။ သီချင်းတစ်ပုဒ်ကို ဖွင့်နားထောင်ပြီး သင်္ကေတကို တိုက်ရိုက်နောက်က လိုက်ရေးနိုင်သဗျ။ ဒါကြောင့်လည်း အေဘီ အဖွဲ့က ရဲဘော်၊ ရဲမေတိုင်းက အစ်ကိုကြီး တစ်ယောက်လို ချစ်ကြတာပါ။
ကျွန်တော် အံ့ဩတာကတော့ အင်မတန်စရိုက်ကြမ်းတဲ့ တာတီးဆိုတဲ့ လုံခြုံရေးတာဝန်ကျတဲ့လူက တခြားလူတွေလစ်ရင် သူ့ဆီကို ဂစ်တာကို ဝှက်ယူလာပြီး အစ်ကိုကြီးတစ်ပုဒ်လောက်တီးပြပါလို့ ယဉ်ယဉ်ကျေးကျေး တောင်းဆိုတာမျိုးတွေ့ဖူးလို့ပါ။ ကိုထွန်းအောင်ကျော် ဂစ်တာကို စိတ်ကြိုက်ကြိုးညှိပြီး တာတီးအတွက် စိုင်းထီးဆိုင်ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ” သီချင်းကို တီးပြတဲ့နေ့ကိုတော့ မေ့မရနိုင်တော့ပါဘူး။ ကျွန်တော်တို့အပေါ် အဆဲအဆိုအကန်အကြောက် နာမည်ကြီးတဲ့ တာတီးတစ်ယောက် စကားမပြောနိုင်ဘဲ ငြိမ်နေပြီး တော်တော်ကြာမှ “ကျေးဇူးပါပဲ အစ်ကိုကြီးရာ” လို့ ပြောသွားတာ ကြားရတော့ တကယ့်ကို အံ့ဩမိပါတယ်။

ဥက္ကဌ ကိုအောင်နိုင်ကိုယ်တိုင် ကိုထွန်းအောင်ကျော် သီချင်းကို တောင်းဆိုဘူးတာလေးလည်း ဖတ်ရတယ်ဗျ။

ကိုထွန်းအောင်ကျော်ရဲ့ “ယုဇနပင်နဲ့ ဖဲကြိုးဝါ” သီချင်းကို ဂစ်တာနဲ့ တီးတာကို တစ်ကြိမ်မှာတော့ တစ်ကြိမ်မှာတော့ ကျွန်တော်တို့ နားထောင်ခွင့်ရခဲ့ဘူးပါတယ်။ အဲဒါ အသတ်မခံရမီ ရက်ပိုင်းအလိုကပါ။ ဒီလို စပါယ်ရှယ် ဂစ်တာနဲ့ ဆိုပြတာကို နားထောင်ခွင့်ရတာက နားထောင်ချင်တယ်လို့ တောင်းဆိုတဲ့သူက ဥက္ကဌလုပ်တဲ့ ကိုအောင်နိုင်ဖြစ်လို့ပါ။ ကျွန်တော်တို့အားလုံး အစ်ကိုကြီးက တစ်ခုခုများ ပြန်ပြောလိုက်လေမလား နားကိုအသားကုန်စွင့်ထားကြပါတယ်။ ခဏနေတော့ အစ်ကိုကြီး ဂစ်တာလက်ခတ်သံ ညက်ညက်လေး ထွက်လာပါတယ်။ တိုးလျသော်လည်း ခွန်အားရှိတဲ့ သူ့အသံကို ဒီနေ့ထိ နားထဲက မထွက်ပါဘူး။
“အိုး ခေါင်းမှာစည်းတဲ့ ဖဲကြိုးဝါတွေ တစ်ပုံကြီး အများကြီး အများကြီး တွေ့တယ်”

ဆောရီးဗျာ သောကြာသားမဟုတ်ပဲ စကားတွေကဝေ့နေတော့ လိုရင်းမရောက်ဘူးဖြစ်နေတယ်။ ဆောင်းပါး ခေါင်းစဉ်ပေးထားတဲ့ လူကက်ဆက် ဆိုတာလေးရဲ့ အဓိပ္ပာယ်လေး ရှင်းပြချင်တာပါ။ တောခိုကျောင်းသားတွေထဲက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကျောင်းသားတွေကို ဥက္ကဌတို့ ရင်းမှူးတို့ ခွဲမှူးတို့ ထောက်လှမ်းရေးမှူးတို့ စသည်ဖြင့်ပေါ့ဗျာ မူးလာတဲ့အခါ ကက်ဆက်ဖွင့်သလို သီချင်းဆိုပြီး ဖျော်ဖြေခိုင်းကြတာ ကို ဆိုလိုတာပါ။ ဆောင်းပါး အစအဆုံးဖတ်ချင်ရင် တင်ပေးပါ့မယ်။ အဲဒီကျမှ အသေးစိတ်ဖတ်ကြပေါ့နော့။

ကိုထွန်းအောင်ကျော်အပါအဝင်ကျောင်းသားခေါင်းဆောင်များသတ်ဖြတ်ခံရမှုအပေါ် ကိုကိုကြီး ရဲ့ မှတ်ချက် (Messenger)

အင်ထရိုဝင်မနေတော့ပါဘူးဗျာ။ မူရင်းကိုသာ ဖတ်ကြည့်ကြပါ။

အဓိက သေတဲ့လူက သေပြီးသွားပြီ။ သေတဲ့လူက ပြန်မရှင်တော့ဘူး။ ဒါပေမယ့် ဖြစ်ရပ်အမှန်ကတော့ အမှန်အတိုင်း ပေါ်ပေါက်စေချင်တယ်။ ဒါ ကျွန်တော်တို့အားလုံးရဲ့ ဆန္ဒပါ။ ကျဆုံးသွားတဲ့ လူတွေက မြေပေါ်မှာ ရှိစဉ်ကတည်းက လက်တွဲခဲ့ဘူးတဲ့ လူတွေ၊ သူတို့က ကျောင်းသားလှုပ်ရှားမှုမှာ တကယ်ဦးဆောင်ပါဝင်ခဲ့သူ တွေ။ အဓိကက ဘာကြောင့်ဖြစ်လဲဆိုတော့ ပိတ်ဆို့ထားတဲ့ ကာလတစ်ခုမှာ သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ သံသယတွေနဲ့ အလုပ်တူ လုပ်နေသူချင်း တူတာတောင် ဘယ်သူက ထောက်လှမ်းရေးဖြစ်နိုင်တယ်လို့။ ဘယ်သူက သတင်းပေးဖြစ်နိုင်တယ်လို့ ဆိုတဲ့ဟာကို မြေပေါ်မှာပဲ တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွဲမှုတွေ ဖြစ်ခဲ့ကြတယ်။ တောတွင်းမှာ လက်နက်ကိုင်တဲ့ အခြေအနေမှာဆိုတော့ ပိုဆိုးတာပေါ့။ သံသယရဲ့ ဓါးစာခံတွေ သားကောင်တွေဖြစ်သွားတယ်။ ပိတ်ဆို့ထားတဲ့ စံနစ်ဆိုးကြီးတစ်ခုကြောင့်မို့လို့ စတေးခံလိုက်ရတဲ့ သားကောင်တွေအဖြစ်နဲ့ ကျွန်တော်တို့ မြင်တယ်။ ဒီလောက်ကြီးကျယ်တဲ့ ပြသနာကြီးဟာ ဒီကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့ သူတွေအနေနဲ့ ဖြေရှင်းရမှာ အမှန်ပဲ။ ဒါသူတို့ တာဝန်ယူရမှာ။ ကျွန်တော်တို့ မြင်တာတော့ သူတို့က ကျောင်းသားတွေပဲလေ။ လူတွေပါ ဒီလောက် ဆိုးဆိုးဝါးဝါးခံစားခဲ့ကြရပြီးပြီ။ သေဆုံးခဲ့ကြရပြီးပြီ။ နောက်ပိုင်းမှာ ဖေါက်ပြန်လို့ ထောက်လှမ်းရေးမို့လို့ ဖြစ်ပါတယ်ဆိုတဲ့ နိုင်ငံရေးအရ ထပ်ပြီး လုပ်ကြံခံရတာကိုတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဓကတော့ ဒီလောက် အကျယ်တဝင့် ဖြစ်ဖို့တောင် မလိုဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နင့်နင့်နည်းနည်း ခံစားခဲ့ကြရတဲ့ လူတွေက၊ ဒီလူတွေက ထောက်လှမ်းရေးမဟုတ်ဘူး။ ခေတ်ကာလအခြေအနေမှာ မှားယွင်းမှုဖြစ်ခဲ့တယ်။ အဲဒီအတွက် သူတို့တွေဟာ စတေးခံခဲ့ကြရတယ်ဆိုတာလောက် အသိအမှတ်ပြုခဲ့ရင်တောင်မှ သူနဲ့ ရင်းနှီးတဲ့ သူတွေ အားလုံးက နည်းနည်းသက်သာမယ့်၊ စိတ်ခံစားမှု ဖြေလျော့မယ့် သဘောရှိတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ဟာ ဘယ်သူ့ဘက်ကပဲ ဖြစ်ဖြစ် ဒီကိစ္စဟာ မှန်မှန်ကန်ကန်တော့ ဖေါ်ထုတ်ဖို့လိုတယ်။ ဒီလူတွေဟာ ခေတ်ဆိုး စံနစ်ဆိုးတစ်ခုတည်းမှာ သူတို့ ဓါးစာခံဖြစ်ခဲ့ကြတယ်။ အဲဒါကို ပေါ်လွင်ဖို့လိုတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ လူလည်းသေသေး၊ နာမည်လည်းသေ၊ နိုင်ငံရေးလည်း အသတ်ခံတဲ့ ဟာမျိုးက အသတ်ခံရတာထက်ပိုဆိုးတယ်။ အဲဒါမျိုးက မဖြစ်သင့်ဘူးလို့ မြင်တယ်။
ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ဘယ်သူ့ဘယ်သူကိုမှ နစ်နာတာ ထိခိုက်တာကို မလိုလားဘူး။ အဓိကက အဖြစ်အမှန်ပေါ်ပေါက်ဖို့ပဲ။ ပေါ်ပေါက်ဖို့က လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့က တချို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေနဲ့ ပတ်သက်ပြီးတာတောင်မှ ခွင့်လွှတ်နိုင်တယ်။ ဒါပေမယ့် ဒါတွေက မေ့ပစ်ဖို့တော့ မဟုတ်ဘူးဆိုတဲ့ Forgive လုပ်နိုင်တယ်။ Forget လုပ်လို့မရဘူး။ ဒါတွေက သမိုင်းမှာ ဒါတွေ ဖြစ်ခဲ့တယ် ဆိုတာတော့ မှတ်တမ်းမှတ်ရာတွေ ကျန်ခဲ့ဖို့ ကြိုးစားနေတယ်။ အားလုံးက ဆန္ဒရှိတယ်။ ကိုယ့်ဘက်မှာ ဖြစ်နေတဲ့ ဟာကျမှ ဒါကြီးကို ဖုံးကွယ်ပစ်လိုက်ဖို့ မဖြစ်သင့်ဘူး။ ကိုယ်တွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ရဲရဲရင့်ရင့် ဖေါ်ထုတ်တာမျိုး၊ တာဝန်ယူတာမျိုးတော့ ကိုယ်က နမူနာ ဖြစ်သင့်တယ်လို့ မြင်တယ်။

အဲဒါပဲဗျာ။ ဝင်ပွားရလောက်အောင် ဉာဏ်မမီလို့ ကိုယ်တိုင်ဖတ်ပြီး ကိုယ်တိုင်တွေးပေတော့ ကျောင်းဒကာ။ နေဦးဗျို့ ဒီသတင်းက ဒီမှာတင် မပြီးသေးဘူးဗျ။ နောက်တစ်ပုဒ် ဆက်ဖတ်ဘို့ လိုလိမ့်ဦးမယ်။

ကျောင်းသားခေါင်းဆောင်များ သတ်ဖြတ်ခံရမှုကို တစ်နှစ်အတွင်း စုံစမ်းဖေါ်ထုတ်သွားမည်ဟု ABSDF ပြော (Messenger)

မူရင်းသတင်းကိုသာ ဖတ်ပေတော့ဗျို့။

၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်း ကျောင်းသားတပ်မတော်တွင် ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအဝင် ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်း ကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ယခုလ ရ ရက်တွင် ထုတ်ပြန်ကြေညာသည်။
“အမှန်တကယ် နစ်နာခံရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစ်စုံတစ်ရာ ပြန်လုပ်ပေးရမယ့် တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက် တရားမျှတမှုကို ဖေါ်ထုတ်ပေးရပါမယ်”
ဟု အမှန်တရားနှင့် တရားမျှတမှုဖေါ်ထုတ်ရေးအလုပ်အဖွဲ့မှ တာဝန်ခံ ညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ပြောသည်။
၁၉၉၂ ခုနှစ် သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်၊ (မြောက်ပိုင်း) ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးရော်နယ်အောင်နိုင်က အဖြစ်မှန်များ ပေါ်ပေါက်လာရေးအတွက် အလုပ်အဖွဲ့နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
“မေးမြန်းဖို့ လိုအပ်လို့ ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီး လုပ်ခဲ့တာ ဘာမှ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ကဲ ဒီလောက်ဆိုရင် ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားခေါင်းဆောင်တွေ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး နည်းနည်းတော့ ဇာတ်ရည်လည်လောက်ပြီမို့ ဒီလောက်နဲ့ပဲ တော်ကြစို့ ကျောင်းဒကာ။

မိတ္ထီလာ NLD က ဒေါ်မြင့်မြင့်အေးကို တရားစွဲခြင်း (Messenger)

မိတ္ထီလာ မဲဆန္ဒနယ် က သတင်းလေးတစ်ပုဒ်ပြောပြချင်ပါတယ် ကျောင်းဒကာ။
အမတ်နေရာက တစ်နေရာ၊ ပြိုင်ကြမှာက ၃ ယောက်။ ပြိုင်ကြမယ့်သူတွေက ပြည်ခိုင်ဖြိုး က ၁ ယောက်။ NLD က တစ်ယောက်၊ NLD က ခွဲထွက်ပြီး တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မှာက ၁ ယောက်။ ဟေးဟေး။ မြန်မာတွေ၊ မြန်မာတွေ စမှ မစရသေးဘူး အကွဲအပြဲတွေက စနေကြပြီဗျာ။
ဒီကြားထဲ ပြည်ခိုင်ဖြိုးက လွှတ်တော်ကိုယ်စားလှယ်ကို ပြိုင်ကြမယ့် NLD က ဦးဝင်းထိန်က တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ပြိုင်မယ့် ဒေါ်မြင့်မြင့်အေး ကို တရားစွဲသတဲ့ဗျာ။ ဒီ ဒေါ်မြင့်မြင့်အေး ဆိုတာကလည်း NLD က ခွဲထွက်သွားတာတဲ့။ ကဲ … ဘယ်လိုလုပ်ကြမလဲ။ ပြည်သူလူထုရဲ့ ဆန္ဒမဲတွေကို စုစုစည်းစည်းညီညီညွတ်ညွတ်နဲ့ ရယူနိုင်အောင် ကြိုးစားနေကြရမယ့်အချိန်မျိုးကျမှ အချင်းချင်း တရားစွဲတာတွေ ဘာတွေဖြစ်ကုန်တာကတော့ တကယ်စိတ်ကုန်စရာကောင်းပါတယ် ကျောင်းဒကာ။ အဲဒီတော့ NLD ရဲ့ မိတ္ထီလာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းထိန် ကို မေးထားတာလေး အရင်ဖတ်ကြည့်ဗျာ။

ဒေါ်မြင့်မြင့်အေး ကို ဘာကြောင့် တရားစွဲမှာလဲ
ဖေဖေါ်ဝါရီလ ၁ ရက်နေ့က ဦးသိန်းအောင်က NLD ဒုတိယဥက္ကဌဆိုပြီး အောင်နိုင်ရေး အစည်းအဝေးခေါ်တယ်။ အဲဒီအစည်းအဝေးက ဒေါ်မြင့်မြင့်အေး အောင်နိုင်ရေးအစည်းအဝေးဖြစ်တယ်။ အဲဒီခေါ်တဲ့ အခါမှာ NLD ဒုတိယဥက္ကဌ ရာထူးရေးပြီးခေါ်တယ်။ ဒါဟာ ဥပဒေနဲ့ မညီညွတ်လို့ မြို့နယ်ကော်မရှင်ကို ကန့်ကွက်စာတင်တယ်။ မြို့နယ်ကော်မရှင်ကနေ ဗဟိုကော်မရှင်ကို စာတင်တယ်။ ဗဟိုကော်မရှင်က တကယ်တန်း မှန်ကန်တယ်ဆိုရင် တရားစွဲဆိုပါလို့ စာပြန်လာတယ်။ ရှေ့နေနဲ့တိုင်ပင်ပြီးတော့ ဦးသိန်းအောင်ကော၊ ဒေါ်မြင့်မြင့်အေးပါ NLD နာမည်သုံးတဲ့အတွက် ဥပဒေနဲ့ မညီဘူးဆိုပြီး တရားရုံးကနေ တနင်္လာနေ့မှာ ဦးတိုက်လျှောက်ထားမယ်။
လျှောက်ထားတဲ့ ရည်ရွယ်ချက်က NLD ပါတီအယောင်ဆောင်တယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆန့်ကျင်တယ်။ NLD ပါတီကို ဆက်ပြီးသုံးနေတယ်ဆိုပြီး တရားရုံးကိုဦးတိုက်လျှောက်မယ်။ ရည်ရွယ်ချက်ကတော့ သူတို့မှာ အပြစ်ရှိတယ်ဆိုတဲ့ သဘောပဲ။ ဒေါ်မြင့်မြင့်အေးက ၂၀၀၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ နယ်တွေကိုဖြန့်တယ်။ NLD နဲ့ အတူတူပါပဲဆိုပြီး စည်းရုံးတယ်။ NLD က ရွေးကောက်ပွဲမှာ နှစ်ယောက်ဝင်မယ်၊ ဦးဝင်းထိန်က ဗဟိုကလာတယ်။ ဒေါ်မြင့်မြင့်အေးက မြို့နယ်က ဝင်မယ်လို့ပြောတယ်။ လူတွေကို မလိမ့်တပတ်နဲ့ စည်းရုံးတယ်လို့ ပြောသံကြားတယ်။ အဲဒါတွေက သက်သေပြဖို့ ခက်တဲ့အတွက် ခိုင်မာတဲ့ စာရွက်စာတမ်းနဲ့ တင်ပြပြီး တရားရုံးက ဆုံးဖြတ်ပါလိမ့်မယ်။ ဒါကြောင့် ဒေါ်မြင့်မြင့်အေးကို တရားရုံးက ဦးတိုက်လျှောက် တရားစွဲမှာ ဖြစ်တယ်။

ဒါကတော့ တရားလို ဦးဝင်းထိန် ပြောထားတာပါ ကျောင်းဒကာ။
တရားစွဲခံရတဲ့ ဒေါ်မြင့်မြင့်အေး ပြောတာလေးလည်း ဖတ်ခွင့်ပြုဦးမှ တရားမျှတမှာမို့ ရော့ ဖတ်ပေတော့ဗျာ။

NLD ပါတီက တရားစွဲမယ်ဆိုတဲ့ ကိစ္စကို ဒေါ်မြင့်မြင့်အေး ဘယ်လိုသဘောထားလဲ။
အဲဒီကိစ္စ ကျွန်မ ဘာမှ မသိဘူး။ ဇရပ်ကုန်းက ကိစ္စလို့သိရတယ်။ ကျွန်မ ဇရပ်ကုန်းမသွားဘူး။ ဇရပ်ကုန်းက ဦးဘကြည်ဆိုတာလည်း ဦးလေးသိန်းအောင် သွားတာ။ ကျွန်မစိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ ကျွန်မ စိတ်လည်း မဆိုးဘူး။ စိတ်မဆိုးဘူးဆိုတာ ကျွန်မ လုပ်သင့်လုပ်ထိုက်တာ လုပ်နေတဲ့အခါမှာ သူတို့ထဲမှာ အနှောက်အယှက်ပေးလိုတဲ့ ဆန္ဒရှိချင်ရှိမယ်။ ကျွန်မစိတ်ထဲမှာတော့ သူတို့အနှောက်အယှက်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဥပဒေလမ်းကြောင်းအတိုင်း အမှန်အတိုင်းဖြစ်သွားမယ်လို့ ယုံကြည်တယ်။ ကျွန်မဘာမှ ပြစ်မှု အမှား လုပ်မထားတဲ့အတွက် ကျွန်မ မစိုးရိမ်ဘူး။ သူတို့ ပြောတာ ဘာပုဒ်မ မှန်းမသိဘူး။ ထင်ယောင်ထင်မှားလုပ်တယ်လို့ သူတို့ဘက်က သံသယရှိမယ်ဆိုရင်လည်း ကျွန်မဘက်က ဖြေရှင်းသွားဖို့ အဆင်သင့်ရှိပါတယ်။ ထင်ယောင်ထင်မှားလုံးဝမလုပ်ဘူး။ အဲဒီတော့ ကျွန်မနဲ့လုံးဝမပတ်သက်ဘူး။ ကျွန်မတစ်ယောက်တည်းပဲ စွဲတယ်လို့ တူမတွေပြောလို့ ပြန်ကြားတယ်။ အဲဒါ ပြသနာ မရှိဘူးလို့ ထင်ပါတယ်။

NLD ကိုယ်စားလှယ် ဦးဝင်းထိန်ဆိုတာ ၁၉၇၆ မှ ဗိုလ်ကြီးအုန်းကျော်မြင့်ကိစ္စနဲ့ တပ်မတော်မှ အငြိမ်းစားပေးခဲ့တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။
ဘာပဲပြောပြောပါ။
အဓိက ပြိုင်ရမယ့်ပါတီကြီးက ပြည်ခိုင်ဖြိုးပါ။ အခုတော့ ပြည်ခိုင်ဖြိုးနဲ့ မပြိုင်ရသေးခင်က … အားကုန်နေကြရင် မဖြစ်သေးဘူးဗျို့။
သဘောထားကြီးကြပါ၊ စုစည်းညီညွတ်ကြပါလို့ မသိနားမလည်တဲ့ ကျွန်တော်က ဘေးထိုင်ဘိုင်ကျပြီး ဘုဝင်ပြောလိုက်ပါတယ် ကျောင်းဒကာ။

ရပ်ကွက် ၁၁ ခုစာ မြေကွက်များ ပြန်လည်သိမ်းယူမှုကြီး (Messenger)

နိုင်ငံတော်က ပြည်သူလူထုအပေါ် ကလေးကစားသလို လုပ်သွားတဲ့ ကိစ္စတစ်ခုအကြောင်းပြောပြမယ်ဗျာ။ ဗဟုသုတလေးရအောင် ငြိမ်ငြိမ် ထိုင်နားထောင်ကြပါ။ ကဲ… ဖတ်ကြည့်ရအောင်။ အနှစ်နှစ်ဆယ်နီးပါးကြာမှ မြေကွက်တွေ ပြန်သိမ်းတာကို တတ်ထားတဲ့ ခေါင်းစဉ်ကိုလည်း ကြည့်ပါဦး။

ခေတ်မီ စက်မှုလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖေါ်ထုတ်ဆောင်ရွက်သည့် စီမံကိန်းဧရိယာအတွင်း အဆိုပါရပ်ကွက်များပါဝင်နေသောကြောင့် မြေကွက်ချထားပေးမှုများကို ပယ်ဖျက်၍ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ မူလပေးသွင်းခဲ့သည့် မြေကွက်တန်ဘိုးမြေများကို ပြန်လည်ထုတ်ပေးမည်ဟု မတ်လ ရ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တရားဝင်ကြေညာထားသည်။
“ကျွန်မငွေသွင်းတုန်းက ၁၉၉၄ ခုနှစ်၊ ငွေကျပ်နှစ်သောင်းကို အရစ်ကျ သွင်းခဲ့ရတာပါ။ အခု နှစ်နှစ်ဆယ်နီးပါး ကြာမှ ငွေကျပ် နှစ်သောင်းပြန်ပေးမယ်ဆိုတာကတော့ မတရားပါဘူး။ ကျွန်မတို့ကို မြေကွက်ချပေးခဲ့တုန်းက ဝန်ထမ်းတွေကို ချီးမြှင့်တယ်လို့ ပြောခဲ့တာပါ။” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်တွင် လက်ထောက်ညွှန်ကြားရေးမှူးအထိ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“အနှစ်နှစ်ဆယ် နီးပါးလောက် ရင်းနှီးမြှုတ်နှံမှု လုပ်ထားတာလေးတော့ ပါသွားပြီ။ အသက်တွေလည်းကြီးနေပြီ။ အိုစာမင်းစာလေးဆိုပြီး ချန်ထားတာ။ အခုတော့ အိုစာ မဖြစ်ပဲ မင်းစာ ဖြစ်သွားပြီ ဟု အသက် ၇ဝ ခန့်အရွယ်ရှိ အငြိမ်းစား ဝန်ထမ်း အမျိုးသားကြီးတစ်ဦးက ပြောသည်။

ဒီကိစ္စကြီးကတော့ မတရားလုပ်ရာကျလွန်းတယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘယ့်နှယ့် ၁၉၉၄ ခုနှစ်လောက်က သွင်းဈေး ၂၀၀၀ဝ ကျပ်သွင်းထားတာကို အခု ၂၀၁၂ ကျမှ ရော့နင်တို့ ပိုက်ဆံ နှစ်သောင်း။ ပေး ငါတို့မြေကွက် ပြန်ပေး။ လုပ်တာ ဘာသဘောလဲဗျာ။ ကဲ အဲဒါဆို။ ကျွန်တော်တို့ ပြည်သူတွေကလည်း GSM တစ်လုံး ၁၅ သိန်းနဲ့ ငှားသုံးတာ ရော့ခင်ဗျားတို့ ဖုန်းကဒ် ပြန်ယူ။ ပေး ကျွန်တော်တို့ ငွေ ၁၅ သိန်းလုပ်လို့ ရမလား။ အေးလေ ရှင်တို့က ရဲတွေပဲ ။ လုပ်ကျပေါ့ ။
မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်းတွေ ဒီလောက်ပေါနေတာ။
ခေတ်မီ စက်မှုလယ်ယာ စံပြအထူး စိုက်ပျိုးရေးဇုန်အဖြစ် နိုင်ငံတော်မှ ဖေါ်ထုတ်ဆောင်ရွက်သည့် စီမံကိန်းလုပ်စရာ မြေက ဒီလောက်ရှားနေပြီလား။ ဒယ်အိုးနော် ဟေ့လူတွေ ဒယ်အိုး။ ဝဋ် ဆိုတာ ဘဝမကူးဘူး ခင်ဗျ။ မကြောက်ကြရင်လုပ်ပေါ့ဗျာ။ မြေကွက်ပိုင်ရှင် အငြိမ်းစားဝန်ထမ်းတွေခင်ဗျာလည်း နောက်ဆုံးတော့ သမ္မတကြီးဦးသိန်းစိန်ပဲ အားကိုးရာ ရှိတော့တာပေါ့ဗျာ။ စုပေါင်းလက်မှတ်ထိုးကြပြီး ဦးသိန်းစိန်ကြီးဆီ တက်ကြမယ်ဆိုပါတယ် ကျောင်းဒကာ။
ကဲ အန်တီကြီးတို့ အန်ကယ်ကြီးတို့ ဘာမှမပူကြနဲ့၊ လူလိုသိပြီး လူလိုနားလည်တဲ့ ကျွန်တော်တို့ သမ္မတကြီး ရှိပါသေးတယ်ဗျာ။ ခဏလေးစောင့်လိုက်ပါ။ သမ္မတကြီးကတော့ ဒီလို မတရားတဲ့ကိစ္စမျိုးလုပ်ဖို့ အားပေးမယ်မထင်ပါဘူး။ ခင်ဗျာ။ အော် စောင့်ကြည့်နေပါတယ်ပေါ့နော်။ ဟုတ်ကဲ့။ စောင့်ကြည့်ပါခင်ဗျာ။ သမ္မတကြီးရဲ့ လူသားဆန်တဲ့ ဆုံးဖြတ်ချက်ကို အန်တီကြီးတို့ အန်ကယ်ကြီးတို့ မကြာခင် တွေ့ရမှာပါ ခင်ဗျ။ ဟေးဟေး ။
အော် ဒုက္ခ ဒုက္ခ။

ဘုရားစောင့်ရှောက်လို့ ရန်ကုန်ပြန်ရောက်ခဲ့တာပါ (Sports Center)

ဘရူနိုင်း ဘုရင့်ဖလားပွဲဝင် မြန်မာလက်ရွေးစင် ကွင်းလယ်ကစားသမား ဒေးဗစ်ထန်း ဟာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ AFC Cup ပြိုင်ပွဲအတွက် ဘရူနိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်စေလွှတ်ရာမှာ အခက်အခဲတွေ ကြုံခဲ့ရပါတယ်တဲ့ ကျောင်းဒကာ။ တာဝန်ရှိတဲ့သူတွေက တည်းခိုဘို့ ဟိုတယ်စီစဉ်ပေးထားခြင်းမရှိတာကြောင့် အရေးကြီးရင် သွေးနီးကြတယ် ဆိုတဲ့စကားလို မလေးရှား ဟောလီးဒေး ဟိုတယ်မှ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၅ ယောက်နေတဲ့ အခန်းလေးမှာ နေခဲ့ရပါတယ်တဲ့။ ညစာကိုလည်း မြန်မာအလုပ်သမားများက ကျွေးမွေးဧည့်ခံခဲ့ပါသတဲ့။ ဟိုတယ်ကားပါကင် က အခန်းလေးမှာပါဗျာ။ ကျေးဇူးသိတတ်တဲ့ ဒေးဗစ်ထန်းလေးက ခုလို ပြောရှာပါတယ်ဗျာ။

မလေးရှားမှာ ဒုက္ခရောက်နေစဉ်တုန်းက ကူညီခဲ့တဲ့ မြန်မာအလုပ်သမားတွေကို ကျေးဇူးတင်ပါတယ်။ တစ်ချိန်ချိန်မှာ မလေးရှားပြန်ရောက်ခဲ့လို့ရှိရင် ကျွန်တော်သူတို့အားလုံးကို သွားတွေ့ပြီး ကျေးဇူးပြန်ဆပ်သွားမှာပါ။ သူတို့ရဲ့ လိပ်စာနဲ့ ဖုန်းနံပတ်တွေ အကုန်လုံး ကျွန်တော် မှတ်လာပါတယ်။

အမေးအဖြေတွေကိုတော့ အကုန်မဖေါ်ပြပေးတော့ပဲ အရေးကြီးတဲ့ တစ်ခုလောက် ဖတ်ကြည့်ဗျာ။

လက်ရွေးစင် ကစားသမား တစ်ယောက်အနေနဲ့ အခုလို မျက်နှာလွဲ ခဲပစ်လုပ်ခံရတဲ့အပေါ်မှာ ဘယ်လိုခံစားရသလဲ။
ခံစားရတာပေါ့ဗျာ။ တစ်ခါမှ ကျွန်တော် အဲဒီလိုမျိုး မကြုံဖူးဘူး။ ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုမျိုး မဖြစ်သင့်ဘူးလို့ထင်တယ်။ ဒီလိုမျိုး ရန်ကုန်ပြန်ရောက်လာတာ ဘုရား စောင့်ရှောက်လို့ပါ။

တဲ့။ အော် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဖြစ်ရတဲ့ဘဝကလည်း မလွယ်ပါလား ကျောင်းဒကာ။ ဘုရားသာ မစောင့်ရှောက်ရင် သေချာတယ်၊ ငါထင်တာ သေချာတယ် ဆိုတဲ့ လူရွှင်တော်တွေရဲ့ ပျက်လုံးလိုဖြစ်နေပြီဗျာ။ ဘယ်သူ့မှာ တာဝန်ရှိသလဲ မပြောတတ်ပေမယ့် ဟိုလူကြီးရေးတဲ့ ဟိုသီချင်းကိုပဲ အော်အော်ပြီး ဆိုလိုက်ချင်တယ်ဗျို့။

ဒို့ မြန်မာ ဂုဏ်ဆောင်အားကစားသမားများသည်
အမိ နိုင်ငံတော်ကို ကျေးဇူးဆပ်ရမည်
မျိုးဆက်သစ်တို့ အားမာန်ဝင့်ကာချီ….
ဘယ်.. ညာ.. ဘယ်..ညာ…။

လှည်းတန်းခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်း စပြီ (မြို့တော်သတင်း)

ဝေ့မနေတော့ဘူးဗျာ။ လိုရင်းကိုသာ ရေးလိုက်တော့မယ်။ သိပြီးပြီဆိုရင်လည်း ကျော်ဖတ်သွားကြပါဗျာ။

နဝတ ခေတ်ကတည်းက ဆောက်မယ်ဆောက်မယ်နဲ့ သတင်းကြီးခဲ့ပြီး အခုအချိန်အထိမဆောက်ဖြစ်သေးတဲ့ လှည်းတန်းခုံးကျော်တံတားကြီးကို မတ်လ ၁၂ ရက် က စတင်ဆောက်လုပ်ပြီ ဖြစ်ပါတယ်တဲ့။

လှည်းတန်း ခုံးကျော်တံတား ကို ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာ ဖြစ်ပါတယ်။
တံတားပုံစံထုတ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းအား အမေရိကန် နည်းပညာကိုအခြေခံ၍ (Tylin International Pte, Ltd, Singapore) မှ ရေးဆွဲပြီး၊ ယဉ်ကြောသွားလာမှုအများဆုံး သွားလာသောလုပ်ငန်းများကို အင်္ဂလန်နည်းပညာအခြေခံသော (Traffic Engineering ကုမ္ပဏီ) မှ ဆောင်ရွက်ပေးပါတယ်။
တံတားအမျိုးအစားမှာ သံမဏိ၊ သံယက်မနှင့် သံကူကွန်ကရစ်တို့ဖြင့် တည်ဆောက်မည်။
တံတားအရှည်မှာ ၂၄၆၆ ပေ။
တံတား လူသွားလမ်းအကျယ်မှာ တစ်ဖက်လျှင် နိုင်ငံတကာအဆင့်မီ ၄ ပေစီထားသွားမည်။
စုစုပေါင်းအကျယ် ၅ဝပေ နှင့် ၈ လက်မ ရှိမည်။
ခုံးကျော်တံတားတည်ဆောက်ပြီး တံတားအောက်ခြေကင်းလွတ်အမြင့်မှာ ၁၈ပေ ထားရှိပြီး ယဉ်တစ်စီးခြင်း ခွင့်ပြုအလေးချိန် တန် ၆ဝ ခံနိုင်ကြောင်းနှင့် တည်ဆောက်မည့်ကာလ ၄ လခန့် မှန်းထားပါတယ်။
လှည်းတန်းခုံးကျော်တံတားတည်ဆောက်တဲ့နေရာမှာ ပြည်လမ်းတစ်ခုတည်းကိုသာ တံတားထိုးပြီး အင်းစိန်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်းတို့သည် ယခင်ပုံစံအတိုင်း ရှိနေမည်ဖြစ်သည်။

အဲဒါလေးဗျာ။

52 comments

  • blackchaw

    March 19, 2012 at 7:48 pm

    anewgenerationbone ;
    မေးခွန်းကြီးက တစ်မျိုးကြီးပဲနော်။
    ဘောင်းဘီခါးဆိုဒ် တဲ့။
    အင်း…..နေတိုးတို့ ပြေတီဦးတို့ ဆိုဒ်ကို နှစ်နဲ့ မြှောက်လိုက်ရင်၏
    ကျွန်တော့် ဆိုဒ်ပါဗျာ။
    :mrgreen:

  • alinsett

    March 21, 2012 at 9:34 pm

    ကြယ်ကြွေသတို ့သား..ကိုတော့ တကယ်..လေးစားတယ် ။

Leave a Reply