ကျွန်တော့် ဘဝ အတွက် သင်ခန်းစာ

(၁)

သူက ကျွန်တော့်ရဲ့ ပထမနှစ် အတန်းထဲက သူငယ်ချင်းတစ်ယောက်ပါ။ လူကောင်ကြီးကြီး အသားဖြူဖြူ ဖြစ်ပြီး စကားပြောရင် လက်အမူအရာတွေ ကိုယ်အမူအရာတွေထည့်ပြီး ပြောတတ်တယ်။ သူ့ရဲ့ထစ်ထစ်အအ စကားတွေ လက်ဟန် ခြေဟန်တွေကြောင့် ကို့ရို့ကားယားနိုင်လွန်းပြီး ကျွန်တော်တို့တစ်တန်းလုံး ရယ်မောခဲ့ဖူးရတာလည်း အကြိမ်ကြိမ်ပါပဲ။ ကျွန်တော် အပါအဝင် အခန်းသူ အခန်းသားတွေအားလုံး သူ့ကို နောက်ကြ ပြောင်ကြပါတယ်။ သူက အခန်းထဲမှာတော့ အဓိက ဖျော်ဖြေပေးနေတဲ့ လူရွှင်တော် တစ်ယောက်လိုပါပဲ။ ဒီတော့လည်း ကျွန်တော် သူ့ကို မှတ်မှတ်ထင်ထင်ဖြစ်နေတာ မဆန်းဘူးပေါ့။

ဒုတိယနှစ်အတန်းမှာလည်း သူနဲ့ ကျွန်တော် ရေစက်ဆုံဖြစ်ပါတယ်။ နဂိုကတည်းက ခင်မင်ပြီးသားဆိုတော့ ကျွန်တော် တို့ နှစ်ယောက် ပိုပြီးရင်းနှီးဖြစ်ပါတယ်။ သူ့ရဲ့ စကားပြောရင် ကို့ယားကားယားနိုင်လွန်းတာ သူ့စကားကို စောင့်ပြီးနားထောင်နေရတာတွေကို သဘောမကျပေမယ့် တစ်ဖက်သားကို နားလည်ကူညီပေးတတ်တဲ့အတွက် ကျွန်တော် သူငယ်ချင်းတွေထဲမှာ သူ့ကို ပိုပြီး တွဲဖြစ်ပါတယ်။ ကျွန်တော် တို့ ကျောင်းမှာ အတူတူသွားစားကြ စာအတူတူလုပ်ဖြစ်ပါတယ်။ သူက ကျောင်းမှာ တော်တော်လေး ပေါ်ပြူလာဖြစ်ပါတယ်။ သူ့ကို ပထမနှစ် ကျောင်းသားကျောင်းသားတွေက အစ တတိယနှစ်ကျောင်းသားကျောင်းသူတွေအဆုံး သိကြတယ်လေ။ စကားထစ်ပြီး စကားပြောတိုင်း ပါလာတတ်တဲ့ သူ့အမူအရာတွေက သူ့ရဲ့ စတိုင်လ်လိုဖြစ်နေပြီး တော်တော်များများက သူ့ကို နောက်ကွယ်ကနေ နောက်ကြ ပြောင်ကြပါတယ်။

(၂)

အဲဒီနေ့လေးကို ကျွန်တော် လုံးဝမမေ့ဘူး။

မှတ်မှတ်ရရပြောပြရင် အဲဒီနေ့က ကျွန်တော်နဲ့ သူနဲ့ ကျောင်းက ပန်းခြံထဲမှာ ထိုင်ရင်း ထွေရာလေးပါး ပြောဆိုရယ်မောနေကြတယ်။ စာမေးပွဲကြီးမလာခင် နှစ်ပတ်အလိုပေါ့။ ရာသီဥတုက အတော်လေးကို သာယာပြီး ပန်းခြံထဲက ပန်းတစ်ချို့ ကတော်တော်များ ပွင့်နေကြတယ်။

ကျွန်တော်က စပြီး သူနဲ့ အလောင်းအစားလုပ်မယ်လို့ ပြောလိုက်တယ်။ “ရှုံးတဲ့သူက နိုင်တဲ့သူကို ဒီနေ့ ညစာဝယ်ကျွေးကြေး” လို့ ပြောတာ သူက တဟားဟားရယ်နေခဲ့တယ်။ အလောင်းအစားလေးကတော့ ကျွန်တော် နဲ့ သူနဲ့ ဖတ်စာ စာအုပ်ထဲက အခန်းတစ်ချို့ကို အမြန်ဖတ် ပြောတမ်းပြိုင်မယ်။ အချိန်ကို နာရီနဲ့ မှတ်ထားမယ်။ အနှေးဆုံးဖတ်ပြီးပြောတဲ့ သူက အရှုံး။ ကျွန်တော် ညစ်နေတာဆိုတာ အသိသာကြီးပါ။ ဒါပေမယ့် သူက ပြုံးပြုံးလေးပဲ လက်ခံလိုက်တယ်။

ကျွန်တော့် အလှည့်မှာ ကျွန်တော်က အလျင်စလိုလေး အမြန်ဖတ်ပြလိုက်သည်။ ပြီးတော့ သူ ဖတ်သည့် အလှည့်ကျတော့ ပြုံးပြုံးလေးနဲ့ စောင့်ကြည့်နေလိုက်တယ်။ ကျွန်တော် နိုင်တော့မှာကိုး။ သူက တစ်လုံးချင်း မြန်အောင် ကြိုးစားဖတ်ရှာသည်။ “မြန်… မြန် …မာ …မာ… နိုင် ငံ ၏ အ… အ.. ဓိ .က …ရာ… ရာ… ရာ သီ..ဥ…တု မှာ …မှာ…” သူဖတ်လို့ပင် မဆုံးသေး။

(၃)

ကျွန်တော် တို့ကျောင်းမှ ဘဝင်ခပ်မြင့်မြင့် ကျောင်းသားတစ်ယောက်က ရှေ့မှ ဦးဆောင်ပြီး ကျောင်းသားအုပ်စုတစ်စု ကျွန်တော်တို့ဆီသို့ မြောက်ကြွမြောက်ကြွလျှောက်လာကြသည်။ ပြီးတော့ သူ့ထံမှ စာအုပ်ကို ဆွဲယူပြီး “ဟေ့ ..ဟေ့ ကောင် ကောင် မင်း မင်း ကွာ ..ကွာ… မ.. မ.. မ ..ဖတ် ..ဖတ် …တတ် ရင် ..ရင် ..မ…ဖတ် ..ဖတ် ပါ ..ပါ နဲ့ နဲ့ ကွာ “ ဟားတိုက်လိုက်သည်။ နောက်မှ အုပ်စုကလည်း တစ်ယောက်တခွန်း နောက်ကြ ပြောင်ကြတော့သည်။

“မင်း ..က ..လဲ.. ကွာ ကွာ ..သွား.. မ ပြော.. ပြော.. ပြော.. ပါနဲ့။ “

“သ.. သ… သ… နား… နား… ပါ .. ပါ တယ်။”

“အ ..အ… အ… ထစ် …ထစ် လေး ပါ။”

ဟား ဟား ဟား ဟား……….ဟား ဟား ဟား ဟား

ပြီးတော့ သူတို့တွေ တဟားဟား ရယ်ပြီး ထွက်သွားကြတော့သည်။

အတန်ကြာအောင် ကျွန်တော် ကြောင်နေမိသည်။ ကျောင်းမှ လူမိုက် အုပ်စုလည်းဖြစ် ယောက်ျားလေးတွေချည်းလဲ ဖြစ်တော့ ကျွန်တော် ဘာမှ ဝင်မပြာမိ။ ကျွန်တော် သူ့ကို စခဲ့ ညစ်ခဲ့ဖူးတာ မှန်ပါတယ်။ အဲဒီတုန်းကတော့ ကျွန်တော့် ကိုကျွန်တော် အပြစ်ရှိတယ်လို့ မခံစားမိပါ။ ဒါပေမယ့် ကျွန်တော့် ရှေ့မှာ သူ့ကို တခြားလူတွေ အုပ်စုလိုက် စကြ နောက်ကြတာ မြင်တော့ ကျွန်တော် ခံပြင်းဖြစ်မိသည်။ ကျွန်တော့် သူငယ်ချင်း သူ့ကို ကြည့်လိုက်တော့ ပြုံးနေနိုင်သေးသည်။

ကျွန်တော့် ဘက်ကို သူလှည့်လာတော့ ကျွန်တော်သူ့အတွက် ဝမ်းနည်းကြောင်း မျက်နှာမှ တစ်ဆင့်ဖော်ပြလိုက်သည်။ သူက ကျွန်တော့်ကို ချက်ချင်းရယ်ပြသည်။ ပြီးတော့ ကျွန်တော့်ကို နိုင်သည့်အတွက် ညစာဝယ်ကျွေးမယ်လို့ ရယ်ပြီးပြောလိုက်တယ်။

(၄)

အံ့ဩမှုနဲ့ ကျွန်တော် သူ့ကို “မင့်းကို ဒီလိုနောက်ပြောင်ကြတော့ မင်း အားမငယ်သွားဘူးလားဟင်” လို့ မရဲတရဲနဲ့ မေးလိုက်တယ်။

သူက ခေါင်းကို ခါယမ်းလိုက်သည်။ ပြီးတော့ ထုံးစံအတို်င်း လက်အမူအရာလေးနဲ့ တစ်လုံးချင်းပြောလိုက်သည်။

“ငါ …ငါ.. က.. က… ပြေး …နိုင် …သေး တယ်…လမ်း..လျောက်…နိုင် နိုင်…တယ်။

မျက်…လုံး…လဲ..လဲ…မြင်…တယ်။ လှ…ပ…တဲ့ ရှု ….ရှု ခင်း…တွေ ကို မြင်…နိုင် …နိုင် တယ်။

နား..လည်း …ကြား…ကြား…ရ…တယ်။ ဂီ…တ …သံ…စဉ်..တွေ…ကို..နား …နား..ထောင်…နိုင်..တယ်။

ငါ..ငါ့ ..ဘ… ဝကို…ကျေ ..ကျေ နပ်…တယ်။”

အစကတော့ သူ့ရဲ့ ဆိုလိုရင်းကို ကျွန်တော် နားမလည်။ နောက်မှ သူ နှေးကွေးစွာ ပြောတဲ့ စကားတွေက ကျွန်တော့်ရင်ထဲ အရှိန်အဟုန်နဲ့ ပြေးဝင်လာတယ်။ သူ့လို လူကတောင် သူ့မှာ ပိုင်ဆိုင်တဲ့အရာတွေနဲ့ ဘဝကို ကျေနပ်ပျော်ရွင်တယ်တဲ့။ ကျွန်တော်ကရော ???

ကျွန်တော်က သူ့လိုမဟုတ်ဘဲ စကားကို ကောင်းမွန်စွာ ပြောနိုင်တယ်။ ထို့အပြင် မျက်လုံးလဲ မြင်ရတယ်။ နှာခေါင်းအာရုံလည်း ကောင်းတယ်။ မသန်မစွမ်းလဲ မဟုတ်ဘူး။
ဒါဆို ကျွန်တော် လည်း ကျွန်တော် ဘဝကို ကျေနပ်ပျော်ရွှင်သင့်တာပေါ့။ အဲဒီလိုမျိုး ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးပါ။ ကျွန်တော့်မှာ ပိုင်ဆိုင်ထားတဲ့ အရာတော်တော်များများကို ကျွန်တော် လျစ်လျူရှုပြီး နေ့စဉ်နဲ့အမျှ ကျွန်တေယ် မပိုင်ဆိုင်သေးတဲ့ အရာတွေကို ကျွန်တော်တွေးတယ်။ မပိုင်ဆိုင်သေးတဲ့ အရာတွေပေါ်မှာ မှီပြီး ကျွန်တော် စိတ်ဆင်းရဲတယ်…လောဘတွေတက်တယ်။ ကျွန်တော့် ရဲ့ နေ့စဉ် အချိန်ဇယားတွေ အဆိုင်းမန့်တွေ ပရောဂျက်တွေ အစည်းအဝေး တွေ ထဲမှာ ကျွန်တော် ချောင်ပိတ်မိနေတယ်။ ကျွန်တော် မရပ်မနား စက်ရုပ်တစ်ရုပ်လို လည်ပတ်နေခဲ့တယ်။ ကျွန်မဟာ ကျွန်တော် ရဲ့ ကိုယ်ပိုင် ကမ ္ဘာ ကျဉ်းကျဉ်းလေးထဲမှာ နေထိုင်နေခဲ့တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်က ကျယ်ပြန့်တဲ့ ကမ ္ဘာ ကြီးကို ကျွန်တော် မစူးစမ်းမလေ့လာခဲ့ဘူး။ မျက်မမြင်တွေ ဆွံ့အ နားမကြားသူတွေ စကားထစ်သူတွေ မသန်မစွမ်းသူတွေ ဘဝမှာ ဘယ်လိုရှင်သန်နေထိုင်ကြလဲဆိုတာ ကျွန်တော် စာနာပြီးမတွေးခဲ့ဖူးဘူး။ တကယ်တော့ တခြားသူတွေရဲ့ ဘဝကို နားလည်အောင် ကျွန်တော် အချိန် တဒင်္ဂလေးတောင် မပေးခဲ့မိဘူး။ ကျွန်တော့် သူငယ်ချင်း သူ့ကို အားပေးစာနာကူညီမယ့်အစား နောက်ပြောင် ညစ်ကျယ်ကျယ်လုပ်သလိုမျိုးပေါ့.

အဲဒီနေ့က သူဟာ စကားများများမသုံးဘဲ ကျွန်တော့်ကို “ကိုယ့်ဘဝကိုယ် ကျေနပ်ပျော်ရွှင်ပြီး တန်ဖိုးထားတတ်ဖို့ နဲ့ တခြားသူတွေအပေါ်စာနာ နားလည်တတ်ဖို့” အကြီးမားဆုံးသင်ခန်းစာ ပေးလိုက်ခြင်းပါ။

(၅)

အဲဒီနေ့က စပြီး ကျွန်တော် ရှုခင်းလှလှလေးတွေ တွေ့ရင် တမေ့တမောကြီး ခံစားကြည့်ရှုနေတတ်တယ်။ ပန်းလေးတွေကို တယုတယ နမ်းတက်လာတယ်။ လှပတဲ့ ဂီတသံကို ကြားတဲ့အခါမှာလည်း ကျွန်တော် ပျော်ရွှင်ခဲ့တယ်။ အကူအညီလိုတဲ့သူတွေကို ကူညီ်လာခဲ့တယ်။ အရာအားလုံးဟာ ကျွန်တော့် အတွက် လှပနေခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်နှစ်သက်တဲ့ ကျေနပ်ဖွယ်ကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။
အားလုံး….အားလုံးသော
သူငယ်ချင်းအားလုံးကိုလည်း ပိုင်ဆိုင်စေချင်ပါတယ်……..

One comment

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 15, 2012 at 2:19 am

    လူလူခြင်း ထောက်ထားညှာတာ မှု ဟာ အရေးကြီးဆုံးပါ
    ကဲ့ရဲ့ ရှုံ့ချ ခြင်းသည် ဝဋ် လည်တတ်ပါ၏ ။
    လူ့ဘဝ မှာ သင့်တင့်လျောက်ပတ်အောင် နေတတ်မှုကို ခံယူနိုင်ကြပါစေသော်။

Leave a Reply