မသေချာလျှင် မကြေငြာနှင့်

ခေတ်နှင့်အညီ တိုးတက်နေသော အချိန်တွင် အချိန်နှင့်တပြေးညီလှုပ်ရှားနေရသော သူများသည် အသေးအမွှားကိစ္စကိုပင် စိတ်မရှည်ကြဟုပြောလျှင် သူလက်ခံပါသည်။ သူလည်း နည်းနည်းလေးမျှ သည်းခံစိတ်မရှိပေ။ စောင့်ဆိုင်းရခြင်းဟူသည် သူ့အတွက်တော့ ပျင်းရိငြီးငွေ့ဖွယ်ရာ ကောင်းလွန်းလှသည်။ သို့သော် မစောင့်လျှင်မရဟူသော စကားတစ်ခွန်းက သူ့ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချေသည်ကော။

မသေချာလျှင် မကြေငြာသည်ကပင်ပိုကောင်းသည်ဟု ဗျို့ဟစ်၍ပင်ပြောလိုက်ချင်နေတော့သည်။ ဖြစ်ပုံကို ပြောပါမည်။ သူသည် လွန်ခဲ့သော လ (တိတိကျကျ)ပြောရလျှင် သုံးလခန့်က ခုခေတ်စားနေပါသော ငါးသိန်းတန် CDM450 MHzတစ်လုံး ဝယ်ကိုင်မိသည်။ ထိုဖုန်းသည် သူ နှစ်လလောက်သာ ကောင်းကောင်းပြောလိုက်ရပြီး လက်ကမြင်းမိသောကြောင့် ကဒ်ပျက်သွားလေတော့သည်။ ရှိစုမဲ့စုလေးကို စုဆောင်းဝယ်ယူထားသော ဝန်ထမ်းဖြစ်သူ သူ့အဖို့ မီးခဲပေါ်ထိုင်မိနေသကဲ့သို့  ဟိုပြေးသည်ပြေးရတော့သည်။

နောက်ဆုံးတော့ ကဒ်ပျက်လျှောက်ရမည်ဆိုသော အချက်သာလျှင် ဝိုင်းဝန်းအတိပြုကြသောကြောင့် မူရင်းဝယ်ယူထားသော ဆိုင်သို့သွားရောက်၍ ကဒ်ပျက်လျှောက်ရန် လုံးပန်းရလေတော့သည်။ သို့နှင့် မန်းလေးရှိ သူ့သူငယ်ချင်းရှိရာသို့ ဖုန်းကဒ်ကိုပို့၊ ဝယ်ယူထားသော စာရွက်စာတမ်းများကို ပို့နှင့် အလုပ်ရှုပ်ရလေသည်။

မန်းလေးရှိ မူရင်း ဆက်သွယ်ရေး ကုမ္ပဏီသို့ပို့ကြည့်တော့ သုံးပတ်လောက်ကြာမည်ဟုဆိုသည်။ သွင်းစရာရှိသည့် ငွေများသွင်းပြီး စောင့်ဆိုင်းနေသည်မှာ သုံးပတ်ပင်မကတော့ ငါးပတ်ပင်ကျော်လာသည်။ ဖုန်းဆက်မေးတော့လည်း မရသေးပါဟု အကြောင်းပြန်သည်။ သူတို့ကုမ္ပဏီကပင် ဂျာနယ်များတွင် လေးရက်သို့မဟုတ် တစ်ပတ်ခန့်သာ ကြာမြင့်မည်ဟု ပြောကြားထားသေးသည်။ အခြား သူငယ်ချင်းများကလည်း သူတို့ပင် ကဒ်ပျက်သဖြင့် ပြန်လျှောက်သည်မှာ ဆက်သွယ်ရေးရုံးတွင် တပတ်ခန့်ပင်ကြာမြင့်သည်ဟုဆိုသည်။

ယခုကဲ့သို့ ဟိုရွေ့ သည်ရွေ့နှင့် လုပ်နေသည်မှာ အပြောနှင့် လက်တွေ့မညီသလိုဖြစ်နေလေတော့သည်။ စောင့်ဆိုင်းရခြင်းကြောင့် နှောင့်နှေးသွားရသော အလုပ်အကိုင်များ၊ အဆက်အသွယ်များသည် အစားထိုးမရသော အရာများပင်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ ယခုကဲ့သို့သော ကဒ်ပျက်သော ကိစ္စလောက်ကိုပင် တစ်လကျော် နှစ်လနည်းပါးလောက်စောင့်ဆိုင်းရခြင်းသည် ဘဝင်ကျစရာမကောင်းပေ။ ဆက်သွယ်ရေး ရုံးကိုပင် သွားရောက်မိလျှင်ပင် ပြန်ရနေလောက်ပြီ။ ခုတော့ နှစ်သိန်းတန်ဖုန်းများ ကျရောက်၍ပင် ဈေးကွက်အတွင်းတွင်ပင် ရောင်းချနေကြပြီ။ သူ့ဖုန်းကတော့ ရမလာသေး။ ဝန်ဆောင်မှုကောင်းအောင် မည်သို့များ ထိုကုမ္ပဏီက ဖော်ဆောင်နေကြပါလိမ့်ဟု သံသယဖြင့် တွေးကြည့်မိရသေးသည်။

ထို့ကြောင့် သေချာမှသာလျှင် ပြောကြပါ..မသေချာလျှင်

သော်ဇင်(လွိုင်ကော်)

မှတ်ချက်။ ကုမ္ပဏီနာမည်ကိုတော့ဖြင့် မပြောပြတော့ပါ။

16 comments

  • Thel Nu Aye

    March 14, 2012 at 9:26 pm

    အဲဒါများဆိုင်ထဲမှာပတ်အော်ပြစ်ရမှာ။ ဒါမှနောက်ဝယ်မဲ့လူတွေလဲသူ့ဆိုင်မှာမဝယ်တော့အောင်။ ကျွန်မတုန်း ကလဲ အဲလိုပဲ။ ထမင်းစားစာပွဲနဲ့ခုံတွေသွားဝယ်တာ။ ရောင်းတုန်းကပြောလိုက်တာရွှန်းရွှန်းဝေ။ ဂရန်တီ ၁ နှစ်တဲ့။ အသစ်လဲပေးမှာဘာညာနဲ့ပေါ့။ တလလောက်မှာပဲခုံကျိုးသွားတယ်။ သွားပြောတော့ ပြင်ပေး မယ်ထားခဲ့တဲ့။ နောက် ၂ ရက်နေမှလာယူပါတဲ့။ ကိုယ်တွေလဲဘာမှမပြောပဲထားခဲ့ပါတယ်။ သွား လဲရွေးရောစောင့်ပါအုံးတဲ့။ ၁ နာရီလောက်စောင့်ပြီးမှ ဆင်ဖို့ဝက်အူကျန်ခဲ့တယ်။ စက်ရုံမှာပြန်ယူရမယ်ဆိုပြီး ၁ နာရီလောက်ထပ်စောင့်ရတယ်။ ဘယ်ရမလဲ ထိုင်စောင့်နေပြီးဝယ်သူတွေဝင်လာမှ အော်တာ။ မန်နေဂျာပြေးလာပြီးအသစ်ပေး လိုက်ဆိုပြီးအသစ်ပေးလိုက်တယ်။ ကားထဲအထိလိုက်ပို့ပေးတယ်။ ဝယ်မဲ့လူတွေလဲပြေးရော။ ရုံးခန်းတခုစာ one set ဝယ်မှာတဲ့။ သူတို့နစ်နာသွားတာပေါ့။

    • Swal Taw Ywet

      March 15, 2012 at 12:10 am

      Great, Well done.
      You are our MG villager.
      I do proud of you, Sister( Ma Thel Nu Aye ).

      With respect,
      Swal Taw Ywet.

      • Thel Nu Aye

        March 15, 2012 at 1:27 pm

        အားပေးလို့ကျေးဇူးပါ။ သူများတွေကကျွန်မကိုစွာတယ်တဲ့။ ဟီဟိ။ တကယ်တော့မဟုတ်မခံလေးပါ။

  • ခပ် KING ကင်း

    March 14, 2012 at 9:27 pm

    2011 နှစ်စပိုင်းက CDMA 800 MHz ကဒ်ပျက်တုံးက ဆက်သွယ်ရေးမှာ အလွယ်လိုက်ပြီး ပွဲစား(ဆက်သွယ်ရေးမှဝန်ထမ်း)ကို အပြီးအစီး ၁၁၂၀၀ဝိ/- ပေးလိုက်ပါသည်။ ယနေ့ ပေး မနက်ဖြန်နေ့လည် ကဒ်အသစ်ပြန်ရ … လိုင်းပြန်ဖွင့်ပြီး … တစ်ပတ်အကြာ အင်တာနက်ပါ ဖွင့်သုံး၍ရ … ထူးဆန်းပေစွ ကျွန်တော့်ဘဝ ….

  • unclegyi1974

    March 14, 2012 at 10:00 pm

    မောင်ကင်းကငွေပေးရန်မလိုလုပ်သွားတာမို့ပါကွာ
    ဒီလိုပါပဲသက်ဆိုင်ရာတွေနဲ့ပေါင်းလုပ်တဲ့နေရာတွေမှန်သမျှငွေယူတုန်းကဟဲဟဲနဲ့
    နောက်ပိုင်းဖြစ်လာတာတွေကသူတို့နဲ့မဆိုင်သလိုအပေါက်နဲ့
    ပြောလည်းပြောသူကအရူးဖြစ်တာပဲ
    အပြိုင်အဆိုင်မဖြစ်သမျှခံလိုက်ပေအုန်း

  • Anaconda MMT

    March 14, 2012 at 10:33 pm

    အခုဂျီ 5တိန်း တန်ဖုန်းတွေ ဂျီ အချင်းချင်းခေါ်ရင်..တစ်ချိုးဖုန်းတွေ.no answer ဆိုပြီး ပြောမရခေါ်မရဖြစ်နေတယ်
    တစ်ခြားလိုင်းဖုန်းကနေ ခေါ်ရင်ရနေပြန်ရော
    ဘာဖြစ်သတုံး.
    ညဏ်မမှီဘူး
    သိတဲ့သူများ လင်းပါအုံး..လိုင်းကျပ်တာ မဟုတ်ဘူးနော်.
    အဲဗါးကိုမရတာ.တစ်ရေးနိုးထခေါ် ဒီတိုင်းပဲ
    ဟန်းဆက် လဲပြီးခေါ်လဲ ဒီတိုင်းပဲ..
    သူ့ဟန်းဆက်ကို ကိုယ်ဆင်းကဒ်ထဲ့ခေါ်တော့..ကောင်းနေပြန်ရော
    ဒါဆိုရင်.ကဒ်ကပဲ ဖြစ်တာပေါ့နော်
    ဘယ်သူက တာဝန်ယူ ဖြေရှင်းပေးမှာလဲ..
    မြန်မာ့ဆက်သွယ်ရေးကလား
    ကန်ပဏီ ကလား
    ဘယ်သူ့ကို အဖေခေါ်ရမတုံး

  • kaunglay

    March 14, 2012 at 11:24 pm

    အလုပ်လုပ်နေကြတာ မပြီးသေးလို့နေမှာပါ….
    ငှာနဆိုင်ရာဆိုတော့ အဆင့်ဆင့်လေ…
    အထက်ကိုစာတင်ထားတယ်ဆိုပြီးအောက်ကပြော…
    အထက်ကလူကလည်း စာရောက်မလာသေးဘူးပြော…
    အထက်နဲ့အောက်နဲ့ ဘော်လီဘောပုတ်နေကြတာလေ…..
    ဒီလိုနဲ့ပဲ တစ်နေ့နေ့တော့ ကျလာပါလိမ့်မည်…
    သည်းခံပြီး စောင့်ပေးပါလို့

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    March 14, 2012 at 11:39 pm

    သေစမ်း သေစမ်း သိတဲ့ အတိုင်းဟာကြီးကို ။
    သူတို့ က အခု တမျိုး တော်ကြာ တမျိုး တွေလေ ။
    တော်ကြာတမျိုးပြီးရင် နောက်တမျိုးထပ်လာ လိမ့်ဦးမယ် လေဟာ ။
    အဲ့ကောင်တွေ အုပ်စု က ငိုစားရီစားတွေ ။
    အခုတော့ သူတို့ခမျာတွေလဲ သောက်မင်ကပ်ဖို့ကောင်းလောက်အောင်
    မျက်စိလေး ကလည်ကလည်နဲ့ မျက်ခွက် ချီးဖတ်လောက်ပဲ ရှိတော့တာဟ ။

  • kyeemite

    March 15, 2012 at 8:38 am

    မှတ်မိကြအုံးမယ်ထင်တယ်…ကျွန်တော်မီးနင်းပွဲဓါတ်ပုံ
    သွားရိုက်တော့ ကျွန်တော့် CDMA 800 MHz ဖုန်းလေးပျောက်သွားတာ..
    ပြန်မရတော့လို့ ဆက်သွယ်ရေး ရုံးချုပ်မှာသွားလျှောက်တာ(ကိုယ်တိုင်)
    တစ်ပါတ်ဘဲချိန်းတယ်…ချိန်းတဲ့နေ့ပြန်ရတာဘဲ..တရားဝင်
    ငွေ ငါးသောင်းဘဲသွင်းရပါတယ်…
    ဒီကုမ်ပဏီလုပ်ပုံကတရားလွန်လွန်းတယ်ဗျာ…
    နာမည်အတိအကျဖေါ်ပြီး ပို့စ်တင်သင့်တယ်..
    ဒါမှနောက်လူတွေ ဒီလိုတာဝန်မဲ့တဲ့ ကုမ်ပဏီမျိုးကို
    ရှောင်နိုင်မှာပေါ့…ပညာပေးပစ်သင့်ပါကြောင်း..

  • aunty tun

    March 15, 2012 at 10:38 am

    ကုမ္ပဏီနာမည်သိမှာတခြားသူတွေရှောင်လို့ရမှာပေါ့ ။

  • manawphyulay

    March 15, 2012 at 11:34 am

    ဒါကို သေချာပြုလုပ်သင့်တယ်။ ဒီလိုသာ ဖြစ်နေရင် ဘယ်သူက ဘယ်လိုယုံကြည်ပြီး အသုံးပြုကြမှာလဲ… နာမည်ပြောပြပါဦး ရှောင်လို့ရအောင်လေ…

  • kaung kin pyar

    March 15, 2012 at 12:30 pm

    ဒီလို လုပ်စားရိုက်စားလုပ်နေတာများပြီ….။ ဝယ်တော့ တမျိုး၊ ဝယ်ပြီး နောက်ပိုင်းတမျိုး။ သူတို့တွေပဲ တတ် တတ်နိုင်ကြတယ်။ အဲ့ဒီနေရာတွေကို List လုပ်ပြီး စာရင်းထုတ်ထားရမယ်။ ရှောင်ရန် နေရာများအဖြစ်နဲ့။

  • Khaing Khaing

    March 15, 2012 at 1:29 pm

    အော် …. ဒါမျိုးတွေလည်းကြုံရပေသကို … နောက်ဆိုဖုန်းကိုင်ရင် လက်မဆော့ရဲတော့ဘူး အလုပ်ရှုပ်လွန်း လို့ ……….. အဟိ

  • Mon Kit

    March 15, 2012 at 1:49 pm

    Thel Nu Aye လုပ်ရပ်ကို ထောက်ခံပါတယ်ရှင့်…..

  • Diamond Key

    March 16, 2012 at 11:03 am

    ကိုသော်ဇင်ရေ၊ ကျွန်တော်တို့ဆီမှာ Customer Complain အတွက် တိုင်လို့ရတဲ့ နေရာက ခိုင်ခိုင်မာမာ မရှိသေးတော့ ကိုသော်ဇင်ပြောခဲ့ သလိုဖြစ်နေရတာဗျာ။
    ဘာကောင်းညာကောင်းတွေ၊ ဘာလုပ်ပေးတယ် ဘာညာတွေ၊ ပျက်နေရင်တောင် အသစ်တစ်လုံး ချက်ချင်း အစားထိုးပေးတယ် ကြော်ငြာကြပြီးမှ တစ်ကယ်တန်းကျတော့ မလုပ်ပေးတာတွေက များမှများပါဗျာ။
    ကျွန်တော်တို့ဆီမှာ Customer Complain တွေအတွက် ထိထိရောက်ရောက်ရှိတဲ့ နေရာလေးတစ်ခု ရှိစေချင်ပါတယ်။

  • siamonone

    March 17, 2012 at 11:21 am

    အဲ့လိုမျိုး Website တစ်ခုလောက်ထောင်ရင်ကောင်းမလား .. ? ဒါပေမယ့် ကျွန်တော်က မထောင်တတ်ဘူးဗျ . ဟိး . ထောင်ချင်တဲ့သူရှိရင် ပြော .. ကျွန်တော့် မှာ တော့ resources တွေရှိတယ် ..

Leave a Reply