ထိုင်း၊ အိန္ဒိယနိုင်ငံများနှင့် ဖိုင်ဘာဆက်ကြောင်းများ ထပ်မံသွယ်တန်းမည်

wailynnooJune 8, 20101min490

အင်တာနက်ဆက်သွယ်မှုများ မြန်ဆန်စေရေးနှင့် ဆက်သွယ်ရေး လုံးဝပြတ်တောက်ခြင်းမရှိစေရေးအတွက် အစိုးရပိုင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထိုင်း၊ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြားတွင် နယ်စပ်ဖြတ်ကျော် ဖိုင်ဘာဆက်ကြောင်းလေးခု ထပ်မံသွယ်တန်းမည်ဖြစ်ကြောင်း ထိုလုပ်ငန်း၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် နယ်စပ်ဖြတ် ကျော် ဖိုင်ဘာဆက်ကြောင်းအနေဖြင့် ထိုင်း၊ တရုတ်နိုင်ငံများနှင့်ဆက်သွယ်ထားပြီး ထိုဆက်ကြောင်းများသည်  Bandwidth capcity အားဖြင့် 10Gb (STM 64) စီရှိပြီး Microlink အဖြစ် 2.5Gb (STM 16) စီရှိသည်။ ယခုထပ်မံသွယ်တန်းမည့် ဖိုင်ဘာဆက်ကြောင်းများအဖြစ် မြန်မာနှင့်ထိုင်းအကြားတွင် မြဝတီဘက်မှ ဆက်ကြောင်းနှစ်လိုင်း ထပ်မံသွယ်တန်းမည်ဖြစ်ပြီး မြန်မာနှင့်အိန္ဒိယအကြားတွင် တမူးဘက်မှ  ဆက်ကြောင်းနှစ်လိုင်း သွယ်တန်းမည်ဖြစ်သည်။ အဆိုပါဆက်ကြောင်းများသည် Bandwidth capcity အားဖြင့် 155Mb (STM 1) စီရှိမည်ဖြစ်ပြီး ထိုကဲ့သို့ နယ်စပ်ဖြတ်ကျော်သွယ် ဖိုင်ဘာဆက်ကြောင်း သွယ်တန်းခြင်းအားဖြင့် အင်တာနက်အမြန်နှုန်းများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဒီဆက်ကြောင်းတွေကိုသွယ်တန်းပြီးရင် စတင်သုံးဖို့ကတော့ နှစ်လ၊ သုံးလလောက်ကြာဦးမယ်။ ဒီဆက်ကြောင်းတွေကို ထပ်သွယ်ထားတော့ SEA-ME-WE 3 ရေအောက်ကေဘယ်လ်ပြတ်သွားလည်း အင်တာနက်ပြတ်သွားတာမျိုး မဖြစ်နိုင်တော့ဘူး” ဟု ၎င်းကပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးမှထုတ်ပြန်သော တရားဝင်အချက်အလက်များအရ မြန်မာနိုင်ငံတွင် ပြည်ပဆက်သွယ်ရေးဆက်ကြောင်းအနေဖြင့် ဂြိုဟ်တု၊ ဖိုင်ဘာ၊ ရေအောက်ကေဘယ်လ်နှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးစနစ်များရှိပြီး အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးချန်နယ်ပေါင်း ၂,၆၂၁ ခုရှိသည်။

မှတ်ချက်။ ။ myanmarinternetjournal မှကူးယူဖော်ပြသည်။