ရေ..လေနှင့် ကမ်းလင့်မည့်လက်များ


ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန်မှိုင်းနေလောက်အောင် ဖုန်တွေ ထူနေသည်။ လေထုထဲတွင် ဖုန်မှုန်များ ပျံ့လွင့်နေသည်မှာ နီကျင်ကျင် ရောင်ပင် ပေါက်နေတော့သည်။ ကြည့်လေရာရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ခေတ်၏ ပြယုဂ်လေလား။ ကွေ့ကောက်စွာစီးဆင်းနေသော ဥရုချောင်းရေပြင်သည် ဟိုနား ရေကျဲကျဲ သည်နား ရေကျဲကျဲ။ နောက်ကျိနေသော ရေပြင်တွေ အမှိုက်သရိုက်များနှင့် ရောပြွန်းနေသည်။ ဥရုရေသည် သောက်သုံးရန် မသင့်ဟု သိရတော့ ဝမ်းနည်းချင်ချင်။ တစ်ချို့နေရာများတွင် လူအများဖြတ်ကူး၍ရလောက်အောင် ဒူးခေါင်သာသာ သာလျှင် အနက်ရှိသည်။ တစ်ချို့နေရာများတွေတော့ မြေသယ်ယာဉ်ကြီးများ ဥဒဟို ဖြတ်သန်းသွားလာနိုင်နေပြီ။

ဥရုချောင်းတစ်နေရာအား အပေါ်စီးမှကြည့်လျှင် ချောင်းနှင့်ပင်မတူတော့ပဲ မြောင်းတစ်ခုပမာ မြင်နေရသည်။ ဥရုချောင်း ဝဲယာတွင်တော့ ကျောက်စိမ်းထုတ်လုပ်ရေး ကုမ္ပဏီများ၏ မြေသယ်ယာဉ်များက လူးလားခေါက်ပြန် မြေစာသွန်နေကြသည်။ ထို မြေစာသယ်ယာဉ်တန်းကြီးကိုကြည့်ရသည်မှာ ပုရွက်ဆိတ်ကလေးများ စီတန်း သွားလာနေသကဲ့သို့ပင် ထင်မြင်မိရသည်။ အမှတ်တံဆိပ်အမျိုးမျိုးသော ကုမ္ပဏီထုတ်မြေစာသယ်ကားကြီးများသည် သူ့ထက်ငါ အလှချင်း၊ စွမ်းဆောင်ရည်ချင်း ပြိုင်နေကြသည်ပမာနှယ် ရှိချေသည်။

ထို လမ်းမကြီးများ ဘေးက ရင်သပ်ရှုမောဖွယ် ကောင်းသော တောင်ဆင်းတောင်တက် မြေစာသယ်ပို့နေကြပုံတွေ၊ ရုတ်တရက် မတော်တဆတိုက်ခိုက်မှုများကြောင့် သေကျေကြပုံတွေက မှတ်တမ်းတင် ရုပ်ရှင်ကားတစ်ကားကို ပြသနေသလိုပင်။

နွေဦးရာသီ အစတွင်ပင် ခြောက်သွေ့နေသော ကျောက်စိမ်းရင်ခွင်တွင် နီကျင်ကျင်ဖုန်လုံးများကြောင့် လေထု ညစ်ညမ်းနေလေပြီ။ ဥရုချောင်းရေပြင်ကလည်း မရှိမဖြစ်၍သာ သောက်သုံး၊ နေကြရသော်လည်း မသတီချင်စရာကောင်းနေသေးတော့သည်။ ကမ်းနဖုူးထက်တွင်တော့ ရေတုံကင်လေးများ အစီအရီ။ ချောင်းရေရှိပါလျှက်နှင့် ကမ်းနဖူးပေါ်က အဝီစိရေတုံကင်ကို အားထားနေရသည့် ဒေသခံများကိုတော့ ဝမ်းနည်းစွာဖြင့်ပင် သနားနေမိရသေးသည်။ ရေတစ်စည်ရရန်အတွက်၊ ရေချိုးရန်အတွက် ပျိုပျို ၊ အိုအို၊ လူကြီး၊ လူငယ်၊ လူလတ်မရွေး ရွာပြင်ထွက်ကာ နောက်ကျိနေသော ဥရုရေပြင်ကို နေစဉ်မှီခိုနေရဆဲ။

လူပင်လျှင် သေဆုံး ရသည်။  သဘာအလျောက်ဖြစ်ပေါ်လာသော မြစ်များချောင်းများ၊ ရေအိုင်များ ကော လာကြရသည်ကိုတော့ တရားနှင့်မဖြေနိုင်ပေ။ မြစ်များ၊ ချောင်းများ၊ လေထုညစ်ညမ်းမှုများသည် လူများကပင် ပြုလုပ်နေကြ၍ ယနေ့တွင် ခပ်မြန်မြန်ကြီး ပျက်စီးယိုယွင်းနေရခြင်းဖြစ်သည်။ ဥရုချောင်းဆိုလျှင်ပင် ယခင်က ကြည်လင်အေးမြသော ရေပြင်အဖြစ်မှ ယခုတွင်မူ နောက်ကျိ၍ သောက်သုံး၍မရအောင်ပင် ရေမှာ တိမ်၍ ကောလာရန်အကြောင်းများကို ပြသနေပေပြီ။ ယခုမှ ဥရုချောင်း ဆည်ယူရေးကို အပူတပြင်းကြိုးစားနေကြသည်။

ချောင်းရိုးတစ်ချောက် မြေကော်စက်များဖြင့် ဝဲမှယာ ဆည်ယူလျှက် လုပ်အားပေးနေကြရသည်။ အဓိက တရားခံသည်ပင် လူဖြစ်သောကြောင့် လူများက ချောင်းကို ပြန်လည်ပြုပြင် ကယ်ဆယ်ရသည်မှာ သဘာဝကျကောင်းကျနိုင်ပါသည်။ သို့သော် အကောင်းပကတိဖြစ်လာရန်မှာ ၅ဝရာခိုင်နှုန်းပင်မရှိတော့သည့်အခြေအနေဖြစ်နေသည်။

မိုးရာသီ၌ ဖားကန့်မြို့၊ လုံးခင်း၊ ဆိုင်းတောင် စသည်မြို့များ ရေကြီးရခြင်းအကြောင်းအရင်းကိုရှာဖွေကြည့်ပါ။ ဥရုချောင်းတစ်လျှောက် ကျောက်စိမ်းလုပ်ကွက်မှာမှ သယ်ယူလာသော မြေစာများကို စွန့်ပစ်ခြင်း၊ ရွှေမြောများ တိုက်ချခြင်းများကြောင့်ဖြစ်ပေါ်ကြောင်း ထင်းထင်းကြီးတွေ့နိုင်သည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးမူသည်နောက်မှာကျန်ခဲ့သည်။ မိုးရာသီတွင် တိမ်ကောနေသော ဥရုချောင်းရေပြင်သည် တောင်ကျရေများကြောင့်လည်းကောင်း၊ စွန့်ပစ်မြေစာပုံများမှ မြေနှင့်အတူရော၍ စီးဆင်းလာသော နောက်ကျိရေများကြောင်လည်းကောင်း ချောင်းရေပြင်မြင့်တက်လာခါ ရေကြီးရတော့သည်။ အကြောင်းရင်းမှာ ရေစီးရေလာမကောင်းခြင်းပင်ဖြစ်ပေလိမ့်မည်။

ဒေသခံပြည်သူများအဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်မှာ မိုးရာသီတွင် ပိုပါသည်။ ရေကြီးသဖြင့် မော်တာ်စီးနှင်းခများ၊ ဆိုင်ကယ်ကယ်ရီခများ ပိုမိုမြင့်တက်ရသည်။ ရှေ့တွင် မြင်နေရပါသော လိုရာခရီးကိုပင် တကွေ့တပတ်ဖြင့်  ကွေ့ခါ ဝိုက်ခါ သွားလာရသည်မှာ ကသီလင်တ များလှသည်။ ထိုသည်က တစ်ဒုက္ခ။

ယခုတွင် လေထုညစ်ညမ်းခြင်းဒဏ်ကိုခံနေကြရပြန်ပါပြီ။ မြေစာသယ်ယာဉ်များ၏ အပြိုင်အဆိုင် မောင်းနှင်းမှုအောက်တွင် ဖုန်လုံးများက တလိပ်လိပ်ထနေသည်။ တစ်ချို့က ကားလမ်းကို ရေဖျန်းကြပါသည်။ ရေဖျန်းသည် ဆိုသော်ငြားလည်း အဆက်မပြတ်မောင်းနှင်နေသော ကားကြီးများကြောင့် အလျှင်မမီနိုင်ပေ။

ဆိုင်ကယ်ဖြင့် သွားသွား၊ ကားဖြင့်လာလာ နှာခေါင်းစွပ်မပါလျှင် ဖုန်များကြောင့် မွန်ထူနေတော့သည်။ မျက်စိထဲတွင် သဲများ ဖုန်များကြောင့် ကျိန်းစပ်စပ် ယားကျိကျိ။ အထူးသဖြင့် ညနေ ၅နာရီ အလုပ်သိမ်းချိန်တွင် လေထုထဲတွင် နီကျင်ကျင်ဖြစ်နေသော ဖုန်ထုကြီးကို မြင်နိုင်သည်။ လူများကြောင့် လူပင် ဒုက္ခရောက်ရသည်ဆိုသည်မှာ အမှန်ပင်ဖြစ်သည်။

အချိန်မှီပြုပြင်ကယ်ဆယ်ရေးသည်လည်း လုူများ၏ တာဝန်ပင်ဖြစ်သည်။ တစ်ဦးတစ်ယောက်နှင့်မရသော် အများနှင့်ရအောင် ဆောင်ရွက်သင့်လေသည်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကမာ္ဘက အော်နေကြသည်။ ကမာ္ဘကြီး ပူနွေးလာခြင်းပြဿနာ၊ ငလျင်ပြဿနာ၊ မီးတောင်ပေါက်ကွဲခြင်းပြဿနာ၊ အာတိတ်ဒေသမှ ရေခဲတောင်များ အရည်ပျော်ခြင်း ပြဿနာများကို စောင့်ကြည့်ဆွေးနွေးလာကြပြီ။ သဘာဝ ရေမြေ တောတောင် များ ပေါကြွှယ်လှပါသည်ဆိုသော မြန်မာနိုင်ငံတွင်မူ ထိုအချက်များက ယခုမှ  သတိပြုမိဆဲကာလဟု ထင်မြင်မိသည်။

သစ်တောများ မပြုန်းတီးအောင်မည်သို့လုပ်ဆောင်ကြပါမည်လဲ။ တောင်ကတုံးများနှင့်ပြည့်နေသော ကျောက်စိ်မ်းလွင်ပြင်ကိုတော့ ကြည့်ရင်း ရင်မောရသည်။ နေပူပူအောင်တွင် သစ်ပင်ကြီးငယ်များမရှိသော တောင်ကတုံးများနှင့် မြေစာပုံများက မျက်စိတဆုံး။ စွန့်ပစ်ပြီးမြေစာပုံများတွင် မည်သည့်ကုမ္ပဏီကမှ အကြီးမြန်သစ်ပင်များ ပြန်လည် စိုက်ပျိုးကြသည်ကိုမတွေ့ရ။ သည်နေရာပြီးလျှင် နောက်တစ်နေရာသို့ပြောင်းရန် နောက်ပြန်လှည့်မကြည့်ကြေး ပြုမူနေကြသည်။

ပူပြင်းမှုဒဏ်ကို ခံစားရသည်မှာ သစ်ပင်များ ပြုန်းတီးသွားကြသောကြောင့်လည်းပါသည်။ တောင်တခြမ်းပဲ့နှင့် တောင်ကတုံးများ ပြည့်နေသော ကျောက်စိမ်းရင်ပြင်တွင် အပူသံလျှပ်များ တရိပ်ရိပ်ထနေကြသည်။

နောက်ကျိသော ဥရုရေပြင်တွင် အမှိုက်များနှင့် ရောပြွန်းလျှက်။ မည်သို့ပင်ဖြစ်စေ အချိန်သည် လက်တွေ့ကျကျ အသုံးချတတ်လျှင် တန်ဘိုးမပြတ်နိုင်သော အရာများကို ရရှိစေသောကြောင့် လူများကြောင့်ဖြစ်ရသော ပတ်ဝန်းကျင်ပျက်စီးခြင်းအတွက် လူများကပင် ပြန်လည်ဖေးမ ကယ်ဆယ်ပါမူ ပြန်လှန် နလံထူလာနိုင်မည်။ကမ်းလင့်မည့်လက်များသာ များများ ကမ်းလင့်ရန် လိုသည် မဟုတ်ပါလား။

သော်ဇင်(လွိုင်ကော်)

Date-15th-March-2012

Time- 8:01Pm

 

 

2 comments

  • MTY

    March 15, 2012 at 9:54 pm

    အတိုဆုံးပြောလိုက်မယ်
    ဒီအစိုးရကြောင့်။

  • Khin Latt

    March 16, 2012 at 4:49 am

    ကိုယ်မရောက်ဘူးတဲ့ နေရာ အတော်များများ ဟာ ထင်တာထက်ပိုပြီး ဆင်းရဲတွင်း နက်တာ အခု မှပို သတိထားမိလာတယ်။
    ဒီလို သတင်းလေးတွေရေးပေးတဲ့ အတွက် ကျေးဇူးပါကွယ်။

Leave a Reply