NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက် – transcript

kaiMarch 16, 20121min1466

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက် PDF
Wednesday, 14 March 2012 23:03

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ မူဝါဒ သဘောတရားများကို မတ်လ ၁၄ ရက်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောမှုကို ရုပ်မြင်သံကြားမှတစ်ဆင့် စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့သူများ ရှိခဲ့ကြောင်းလည်း သိရသည်။ ဟောပြောချက်အပြည့်အစုံမှာ

ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ သာမက နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကို ထောက်ခံရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ဒီမိုကရေစီ အခြေခံမူအရ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံမှာဖြစ်တဲ့ ကျွန်မတို့ပါတီရဲ့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ထားတဲ့ရည်မှန်းချက်တွေကို အနှစ် ၂ဝ ကျော် ကိုင်စွဲခဲ့တဲ့ မူတွေနဲ့တွဲပြီး ရှင်းပြချင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဓိက ရည်ရွယ်ချက်တွေအနက် ထိပ်တန်းတင်ထားတဲ့ ကိစ္စသုံးရပ်ကတော့ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့ပဲ ဖြစ်ပါတယ်။
တရားစီရင်ရေးကို အစိုးရယန္တရားအောက် သွတ်သွင်းခဲ့ပြီး မီဒီယာတွေကို အစိုးရပိုင်အဖြစ် ပြောင်းကာ ချုပ်ကိုင်လာခြင်း၊ တင်းကျပ်တဲ့ မီဒီယာနဲ့ ဆင်ဆာဥပဒေတွေ ပြဌာန်းပြီး ပြည်သူတွေရဲ့ လွတ်လပ်စွာ ပြောပိုင်ခွင့်၊ ရေးပိုင်ခွင့်၊ ကြားပိုင်ခွင့်၊ ဆန္ဒဖော်ထုတ်ပိုင်ခွင့်တွေကို ရုတ်သိမ်းပစ်ခဲ့ခြင်း စတဲ့ နည်းလမ်းစုံနဲ့ တရားဥပေဒစိုးမိုးမှုကို ခြေဖျက်ပစ်ခဲ့တာ ပြည်သူလူထုဘဝမှာ အကြောက်တရားကသာ လွှမ်းမိုးခဲ့ပါတော့တယ်။ ပြည်သူလူထုဘဝ အကြောက်တရားကလွတ်မြောက်ပြီး လူ့အခွင့်အရေးမရသေးတဲ့အထိတော့ ဒီမိုကရေစီစနစ် ထွန်းကားခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။

ဥပဒေစိုးမိုးမှုရှိမှသာ ပြည်သူတွေဟာ ဥပဒေရဲ့ကာကွယ်မှုကို အမှန်တကယ်ရနိုင်ပြီး လွတ်လပ်မှုရဲ့ အရသာကို အမှန်တကယ် ခံစားနိုင်ကြမှာ ဖြစ်ပါတယ်။ ဥပေဒစိုးမိုးရေးရှိခြင်းသည် သာမန်လူများ၊ နိုင်ငံတော်ဝန်ထမ်းများနဲ့ နိုင်ငံရေးသမားအားလုံးတို့ မိမိတို့ ရသင့် ရထိုက်တဲ့ အကာအကွယ် အစောင့်အရှောက်ပေးမှာဖြစ်ပါတယ်။ အာဏာရှိတဲ့ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အကြီးအကဲတွေက တစ်ချက်လွတ်အမိန့်နဲ့ ဘယ်သူ့ကိုမှ အရေးယူ အနိုင်ကျင့်နိုင်မှာ မဟုတ်ပါဘူး။ဒါမှ ဒီမိုကရေစီလည်း ခိုင်မာထွန်းကားတယ်လို့ ဆိုနိုင်ပါမယ်။

ဥပဒေစိုးမိုးရေးအတွက် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ။ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ခေတ်နဲ့မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရပါမယ်။ ပြည်သူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေကို ပြဌာန်းရေးဆွဲကြရပါမယ်။ တရားစီရင်ရေးစနစ်ကို လွတ်လပ်အောင်ထားပြီး သမာသမတ်ဖြစ်အောင် ပြုပြင်ရပါမယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝပေးရပါမယ်။ ပြည်သူလူထုကို အကူအညီပေးမယ့် ဥပဒေ အထောက်အကူပြု ကွန်ယက်တွေ တိုးချဲ့ရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ ဒီမိုကရေစီသဘောထားနဲ့ ကိုက်ညီတဲ့ ဥပဒေပြုမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့နဲ့ လွတ်လပ်စွာ ရပ်တည်နေစေရပါမယ်။

တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ ငြိစွန်တဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်။ ဥပဒေအရ ပြစ်မှုထင်ရှားပြီး စီရင်ခြင်း မရှိသေးရင် ဘယ်သူ့ကိုမဆို အပြစ်ကင်းတယ်လို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

လွတ်လပ်ရေးနဲ့ ဖွားဘက်တော်အဖြစ် ပါလာတဲ့ ပြည်တွင်းစစ်ဟာ ကျွန်မတို့နိုင်ငံမှာ ဒီနေ့အထိ လောင်မြိုက်နေဆဲ ဖြစ်နေပါတယ်။ ၁၉၄ရ ခုနှစ်မှာ အမျိုးသားခေါင်းဆောင်ကြီးများ ရုတ်တရက် လုပ်ကြံခံရပြီးကတည်းက စတင်ခဲ့တဲ့ တိုင်းရင်းသား မျိုးနွယ်များအကြား သံသယပွားခြင်း၊ နိုင်ငံရေး အယူအဆ မတူသူများအကြား သဘောထားကွဲပြားခြင်း စတာတွေကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဥပေဒစိုးမိုးမှုမရှိတာကလည်း ပြည်တွင်းစစ်မီးကို အရှိန်မြင့်စေခဲ့ပါတယ်။ တိုင်းရင်းသားတွေရဲ့ လုံခြုံမှုနဲ့ အခွင့်အရေးတွေကို အကာအကွယ် မပေးနိုင်ခဲ့ဘဲ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတစ်ခုအဖြစ် စစ်အာဏာရှင် စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်။ ပြည်တွင်းစစ်မီးတောက်ကို အမြန်ဆုံးငြိမ်းသတ်ပြီး အမြန်ဆုံးငြိမ်းချမ်းအောင် လုပ်နိုင်မှသာ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းစစ် ရပ်ဆိုင်းပြီး ငြိမ်းချမ်းစေရေးအတွက် အဆင့်သုံးဆင့် ဆောင်ရွက်ရပါမယ်။

ပထမအဆင့်အနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။

ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေကျင်းပပြီး ညှိနှို်င်းအဖြေရှာကြရပါမယ်။

တတိယအဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့ အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်။

ကျွန်မတို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဟာ ခွဲထွက်ရေးကို လုံးဝမလိုလားဘဲ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီးကိုသာ လိုလားတယ်လို့ ကျွန်မ တစ်ထစ်ချ ယုံကြည်ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ထွက်ခဲ့ပြီးကတည်းက ဒီဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောမတူတာ ကြေညာခဲ့ပြီး ပြုပြင်ရမယ့် အချက်တွေကို ထောက်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပါတီစွဲ၊ အဖွဲ့စွဲ၊ လူပုဂ္ဂိုလ်စွဲတွေမထားဘဲ နိုင်ငံ့အကျိုးကိုသာရှေးရှုတဲ့စိတ်ဓာတ်နဲ့ ညီညွတ်တဲ့ တပ်မတော်အင်အားစု အပါအဝင် လွှတ်တော်ကိုယ်စားလှယ်အားလုံးက ညှိညှိနှိုင်းနှိုင်း လုပ်သွားကြရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ စစ်တပ်နဲ့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံအသီးသီးရဲ့ စစ်တပ်များဟာ နိုင်ငံကာကွယ်ရေးအတွက် အဓိက အင်အားစုဖြစ်တယ်ဆိုတာကို အငြင်းပွားဖို့ မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အတွေ့အကြုံနဲ့ တွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်များအရ လက်ရှိမြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရာမှာ တပ်မတော်ဟာ မပါမဖြစ် ပါရန် လိုအပ်တယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျွန်မရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ တပ်မတော်ဟာ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်ဖို့ အစဉ်အမြဲ အဆင်သင့်ရှိမယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုတာ ပြည်သူနဲ့ အုပ်ချုပ်သူတို့အကြားမှာ ထားရှိတဲ့ ပဋိဉာဏ် ဖြစ်တယ်ဆိုတဲ့အတိုင်း လိုအပ်တဲ့အခါတွေမှာ ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့နေရပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကိုပြောရမယ်ဆိုရင် .. ပြည်သူတွေကို ပြည်သူက တင်မြောက်တဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေက အုပ်စိုးခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ရတာ နှစ်ပေါင်း ၂ဝ ကျော် အဖိနှိပ်ခံဘဝနဲ့ ကြိုးပမ်းရုန်းကန်ခဲ့ရတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။
အဖွဲ့ချုပ်ရဲ့ သစ္စာရှိအဖွဲ့ဝင်တွေ အလုပ်ထုတ်ခံရတာ၊ ရှေ့နေတွေ လို်င်စင်ရုတ်သိမ်းခံရတာ၊ ဆရာဝန်တွေ လိုင်စင်ရုတ်သိမ်းခံရတာ၊ မတရားဖမ်းဆီးခံရပြီး အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံရတွေကြောင့် မိမိတို့ လူမှုဘဝတွေ ပျက်စီး၊ မိသားစုစီးပွားရေးတွေ ပျက်စီးခဲ့ရပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ မိမိတို့ ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းပြီး ပြည်သူတွေအတွက် အဖွဲ့ချုပ်အတွက် ရပ်တည်ခဲ့ကြပါတယ်။ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံမှု ချောမွေ့ပြေပြစ်ပြီး ပြည်သူများအတွက် အကျိုးရှိစေမယ့် ဆက်ဆံပေါင်းသင်းမှုကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။

စီးပွားဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားနေတဲ့ နိုင်ငံများနဲ့သာမက အိမ်နီးချင်းနိုင်ငံများနဲ့လည်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ထူထောင်နိုင်ခဲ့ပါတယ်။ မိမိနို်င်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နို်င်ငံတကာရဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုများ ရရှိနို်င်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သတ်လို့ လွတ်လပ်မှု၊ တည်ငြိမ်မှုနဲ့ လူမှုရေး တရားမျှတမှုတို့ ဟန်ချက်ညီပြီး ဥပေဒေစိုးမိုးမှုကို အခြေခံတဲ့ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲဖို့ကို လုပ်ရပါမယ်။ ဆင်းရဲနွမ်းပါးမှု ပပျောက်ပြီး ဒေသလိုက် လူမျိုးများအကြား လူတစ်ဦးချင်းရဲ့ လူနေမှု အဆင့်အတန်း၊ လူမှုဘဝ သိက္ခာမြင့်မားစေဖို့ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူမျိုးစုအားလုံး တန်းတူညီမျှ အလုပ် လုပ်ကိုင်နိုင်ခွင့်ရဖိုအတွက် အလုပ်အကိုင် ဖော်ထုတ်ရေး၊ အလုပ်လက်မဲ့ပြသနာ ဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်ရပါမယ်။

စီးပွားရေးမှာ နိုင်ငံတော်ရဲ့ ဘတ်ဂျက် ရငွေ၊ သုံးငွေ လိုငွေပြနေတာကို ငွေစက္ကူအသစ် ရိုက်ထုတ်ပြီး ဖြေရှင်းတာမျိုးမဟုတ်ဘဲ တခြားနည်းလမ်းတွေနဲ့ ဖြေရှင်းရပါမယ်။ လက်ရှိ ငွေရေး ကြေးရေး စနစ်၊ ဘဏ်စနစ်မှာ အနှောင်အဖွဲ့ အဟန့်အတားဖြစ်နေတဲ့ အချက်တွေကို ဖယ်ရှားရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်နဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေအားလုံး ဖွံ့ဖြိုးဖို့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့၊ နိုင်ငံတကာ ဘဏ္ဍာရေးကော်မရှင်၊ ကမာ္ဘ့ဘဏ် တို့နဲ့ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုပါတယ်။ NLD က ယခုစပြီး ဒီလိုပူးပေါင်းမှုများကို စတင် လမ်းစဖော်နေပါတယ်။

ပညာရေးပိုင်းမှာလည်း နိုင်ငံသားတိုင်း အရည်အသွေးပြည့်ဝတဲ့ ပညာသင်ယူခွင့်ရရှိဖို့၊ မသင်မနေရ မူလတန်းပညာရေးကို ကလေးတိုင်း အခမဲ့သင်ယူခွင့်ရရှိဖို့၊ အလယ်တန်း အထက်တန်းအဆင့် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျောင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဖွင့်လှစ်နိုင်ဖို့တို့ကို ဆောင်ရွက်ရပါမယ်။ မြန်မာဘာသာစကား အခက်အခဲရှိတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရဲ့ ကလေးတွေအတွက် အထောက်အကူ ဖြစ်စေမယ့် ပညာလုပ်ငန်း အစီအစဉ်တွေကို ထည့်သွင်းရေးဆွဲရပါမယ်။ ပုံမှန်ကျောင်းပညာသင်ယူရန်အခက်အခဲရှိခဲ့တဲ့ အရွယ်ရောက်ပြီး ကလေးများ၊ လူငယ်လူရွယ်များ ကျောင်းပြင်ပ ပညာရေးအတွက် အထူး အစီအစဉ်များ ဆောင်ရွက်ပေးရပါမယ်။

ကျွန်မတို့ ပညာရေးအဆင့်အတန်းဟာ နိုင်ငံတကာ ပညာရေးအဆင့်အတန်းကို လိုက်မီစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ အခုပြောနေကြတဲ့ လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်တွေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ အရည်အချင်း ပြည့်ဝဖို့ဟာလည်း အင်မတန် အရေးကြီးပါတယ်။ ဒီ့အတွက် ပြုပြင်ဆောင်ရွက်သွားရမှာဖြစ်သလို သူတို့အရည်အချင်းနဲ့ တိုက်တန်တဲ့ လစာငွေကြေးရရှိဖို့ကိုလည်း စဉ်းစားပေးရပါမယ်။ ပညာရေးပြုပြင်ပြောင်းလဲရာမှာလည်း လက်ရှိပညာရေးစနစ်မှာ တွေ့ကြုံနေကြရတဲ့ အတားအဆီး အဟန့်အတားများကို ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။

ကျန်းမာရေးအပိုင်းအနေနဲ့ နိုင်ငံတော်မှာ အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ရှိရပါမယ်။ အများပြည်သူ အထူးသဖြင့် ချို့တဲ့တဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုရဖို့ ကျန်းမာရေး အာမခံစီမံကိန်းတွေကို သီးသန့်အားဖြင့် ထူထောင်နိုင်ရန် နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရပါမယ်။

ဆေးပညာ သင်ကြားရေးစနစ်၊ ဆေးပညာရပ်၊ ဆေးကုထုံးနည်း၊ ဆေးဝါးထုတ်လုပ်ရေးနည်းတွေကို ခေတ်မီတိုးတက်လာအောင်လို့ နိုင်ငံတကာက ပညာရှင်တွေ ဆေးပညာဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရပါမယ်။

တောင်သူလယ်သမားများကို ဥပဒေနဲ့အညီ လယ်ယာ လုပ်ပိုင်ခွင့်၊ လယ်ယာ ပိုင်ဆိုင်ခွင့်ရဖို့ ဦးစားပေး ဆောင်ရွက်သွားမှာဖြစ်ပြီး ဆန်စပါးအပါအဝင် လယ်ယာထွက် ကုန်ပစ္စည်းများ ဈေးကွက် စီးပွားရေးစနစ်နဲ့အညီ လွတ်လပ်စွာ စိုက်ပျိုး၊ ကြိတ်ခွဲ ၊ ရောင်းဝယ်ခွင့်ရဖို့နဲ့ သင့်တော်တဲ့ ဈေးနှုန်းများရဖို့ကို ဦးစားပေး ဆောင်ရွက်သွားရပါမယ်။ ကမာ္ဘတဝှမ်း လယ်ယာထွက် ကုန်ပစ္စည်းဈေးများ တက်နေခြင်းကို သတိပြုပြီး အနာဂတ်ကို ရှေးရှုတဲ့ လက်ယာထွက်ကုန် စီးပွားရေးစနစ်ကို ထူထောင်ဖို့လိုပါတယ်။ တောင်သူလယ်သမားများရဲ့ နစ်နာဆုံးရှုံးမှုများကို ရပိုုင်ခွင့်များ ပြသနာ အရေးကိစ္စရပ်မျာကို ဆောင်ရွက်နိုင်ဖို့အတွက် ညီညွတ်သော တောင်သူလယ်သမားအဖွဲ့အစည်းများအား ဖွဲ့စည်းခွင့် ပေးသွားရပါမယ်။

အလုပ်သမားများရဲ့ ရပိုင်ခွင့်များ အပြည့်အဝရရှိရေးအတွက် အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး၊ အလုပ်သမား အခွင့်အရေးကို ဥပဒေနဲ့အညီ အကာအကွယ်ရရှိနိုင်ရေးကို ဆောင်ရွက်သွားရပါမယ်။ အလုပ်သမားတိုင်း တရားမျှတမှု၊ တန်းတူညီမျှ အခွင့်အရေးရရှိမှု၊ လုပ်ပျော်သော အလုပ်ခွင်အခြေအနေ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေရရှိခွင့်၊ လုပ်ခလစာရရှိခွင့်၊ အလုပ်လက်မဲ့ဖြစ်ခြင်းမှ အကာအကွယ်ရရှိခွင့် ရစေရပါမယ်။ အဓမ္မအလုပ်စေခိုင်းခြင်းကို တားဆီးပိတ်ပင်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်များနဲ့ ညီညွတ်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်သွားရပါမယ်။
လူငယ်တွေဟာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တိုင်းပြည်ရဲ့ အဖိုးအတန်ဆုံး အင်အားစုတွေဖြစ်လို့ လူငယ်တွေအတွက် ပညာသင်ကြားရေး အဆင့်အတန်း မြင့်စေဖို့၊ ပွင့်လင်း လွယ်ကူစေဖို့နဲ့ ပညာအဆင့်အတန်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေမှာ အလုပ်အကိုင် ရရှိစေဖို့ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလုပ်အကိုင်သစ်များ ဖန်တီးပေးရင်းနဲ့ လူငယ်တွေရဲ့ အလုပ်လက်မဲ့ပြသနာကို ဖြေရှုင်းဆောင်ရွက်ပေးရပါမယ်။ နိုင်ငံရဲ့ အနာဂတ်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေရဲ့ စွမ်းရည်တွေကို ဖော်ထုတ်ပြီး နို်င်ငံတည်ဆောက်ရေးမှာ ခိုင်မာတဲ့စွမ်းအားစုအဖြစ် အသုံးပြုသွားပါမယ်။

ကျောင်းသားများကိုယ်တိုင် ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုသွားရပါမယ်။ နိုင်ငံရဲ့ ၅ဝ ရာခိုင်နှုန်းမကဖြစ်တဲ့ အမျိုးသမီးများရဲ့ အခွင့်အရေးများ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တိုးချဲ့ရေး တို့ကိုလည်း အလေးပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။

ယခု ကျွန်မတင်ပြသွားခဲ့တဲ့ မူဝါဒသဘောတရား အများအပြားကို ကျွန်မရဲ့ စည်းရုံးရေး ခရီးစဉ်တလျှောက်မှာ ပြောပြီးဖြစ်ပါတယ်။ ဒါတွေဟာ နားထောင်လို့တော့ ကောင်းပါရဲ့ .. တကယ်ပဲ အကောင်အထည်ဖော် နိုင်ပါ့မလားလို့ ပြည်သူများက တွေးနေကြမယ်ထင်ပါတယ်။ လွယ်လွယ်နဲ့တော့ ကျွန်မတို့ လိုလားတောင့်တနေတဲ့ ပြည်ထောင်စုကြီးထူထောင်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့အားလုံး ညီညီညွတ်ညွတ်နဲ့ ဆန္ဒ၊ ဝိရိယ၊ စိတ်ဓာတ်၊ ပညာဆိုတဲ့ အောင်မြင်ခြင်းတရား လေးပါးကို ဆုပ်ကိုင်ပြီး ကြိုးစားသွားကြရင်တော့ ဖြစ်နိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ခက်ခဲတဲ့ အလုပ်တာဝန်တွေကို ဇွဲ လုံ့လနဲ့ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ဆယ်စုနှစ်နဲ့ချီပြီး ရှိခဲ့ပါတယ်။ နိုင်ငံ့အတွက် နောက်တစ်ဆင့်တိုးပြီး ခက်ခဲတဲ့အလုပ်တွေကို အောင်မြင်စွာ ထမ်းဆောင်ပေးနိုင်ဖို့ တာဝန်ပေးတဲ့အနေနဲ့ ကျွန်မတို့ ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များကို ထောက်ခံရွေးချယ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ကျွန်မတို့ရဲ့ တံဆပ်ကတော့ အနီရောင် အောက်ခံပေါ်မှာ ရွှေရောင်ခွပ်ဒေါင်းနဲ့ ဝဲဘက်ထိပ်စွန်းနားမှာ ထောင့်ငါးထောင့်ရှိတဲ့ ကြယ်ဖြူကြီးပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းလည်း ပါပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူတွေ မဲပေးကြပါ။

ကျေးဇူးတင်ပါတယ်။

 

မှတ်ချက်။  ။ Eleven Media Group Website မှကူးယူပါသည်။

http://www.weeklyeleven.com/index.php?option=com_content&view=article&id=12808:2012-03-14-17-13-28&catid=42:2009-11-10-07-36-59&Itemid=112

6 comments

  • Wow

    March 16, 2012 at 1:47 pm

    မိန့်ခွန်းကိုတော့ နှစ်ခါပြန်နားထောင်ဖြစ်တယ်။ စာနဲ့ဖတ်ရတော့ပိုကောင်းတာပေါ့…

  • kyeemite

    March 16, 2012 at 2:37 pm

    ကူးထားပါတယ်ခင်ဗျား..
    အကြိုက်ဆုံးစကားစုကတော့..
    “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရွေးကောက်ခံမဟုတ်တဲ့ လွတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။ ဆိုလိုတာက လက်ရှိလွှတ်တော်အသီးသီးမှာ ပြည်သူက ရွေးကောက်ထားခြင်းမဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေတဲ့အတွက် ဒီမိုကရေစီမူများနဲ့ မကိုက်ညီပါဘူး။”..နဲ့
    “ကျောင်းသားများကိုယ်တိုင် ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုသွားရပါမယ်။”

  • star flower

    March 16, 2012 at 4:25 pm

    “ကျောင်းသားများကိုယ်တိုင် ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုသွားရပါမယ်။”
    အဲဒိစကားကိုလည်းကြိုက်ပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 16, 2012 at 9:00 pm

    သူကြီးရေ……အခုအွန်လိုင်းတွေပေါ်ကဟာက ဆင်ဆာဖြတ်ထားပြီးသားဟာလားဗျ
    ဆယ့်သုံးမိနစ်နဲ့လေးဆယ့်လေးစက္ကန့်စာရှိတဲ့ဗွီဒီယိုဖိုင်ကလေ….
    သူကြီးစာပဲဖတ်တော့မယ် ပိုသိရအောင်။

  • Burmese or Chinese

    March 17, 2012 at 4:19 am

    “ကျောင်းသားများကိုယ်တိုင် ဖွဲ့စည်းတဲ့ လွတ်လပ်တဲ့ ကျောင်းသားသမဂ္ဂများကိုလည်း ဥပဒေနဲ့အညီ ခွင့်ပြုသွားရပါမယ်။”

  • alinsett

    March 17, 2012 at 6:52 pm

    အဲဒီ အစီအစဉ် မကြည့်ဖြစ်လိုက်ရဘူး။

    အခု သူကြီး.တင်ပြပေးလို ့ကူးလိုက်ပြီ။
    ကျေးဇူးပါပဲ..သူကြီးမင်းရေ…

Leave a Reply