ဘယ်လိုလုပ်ရပါ့မလဲရှင်ရယ် ။

ကျွန်မ ခေါင်းတွေလည်းပူ ၊ ရင်တွေလည်းပူနဲ့ ဘာလုပ်ရမှန်းကို မသိတော့ပါဘူး ။ မသိပေမဲ့လည်း ကျွန်မ ဆုံးဖြတ်ချက်ချရတော့ မှာပါ။ ဒီရေကိုတော့ မသိပေမဲ့ အချိန်ဆိုတာ လူကို မစောင့်ဘူးဆိုတာတော့ အရမ်းကို စိတ်ညစ်စရာ ဖြစ်နေရပါတယ် ။ နာရီစက်တံများ ရပ်လို့ ရရင် ရပ်ထားချင်လှပါတယ် ။ ဒါမှ လကုန်ရင် ဒီအိမ်ပေါ်က ဆင်းပေးရမယ်ဆိုတဲ့ အချိန်ဆီကို မရောက်အောင်ပေါ့ ရှင်ရယ်။

ရှင် ။ ဟုတ်ကဲ့ ။ကျွန်မ အသက် အခု ၂၂ နှစ်ရှိပါပြီ။ ကျွန်မ အကြောင်းလား နဲနဲ ပြောပြပါ့မယ်ရှင် ။ ကျွန်မ ပညာရေး ကံခေခဲ့ပါတယ် ရှင်ရယ်။ စာတော်တဲ့ ကလေးမ လေးရယ်လို့ ငယ်ငယ် က လူတစ်ကာ ချီးမွမ်းခံခဲ့ ရတဲ့ ကျွန်မဟာ ရှစ်တန်းမှာ အမေ အဖေရဲ့ အိမ်ထောင်ရေး အပြို အကွဲမှာ ဆန့်ကျင်ဘက်လားရာကို ရောက်ရှိသွားပါတယ်။ အဖေနဲ့ အမေ ဘာကြောင့် ကွဲတယ် ဆိုတာ အိမ်တွင်းရေးမို့ မပြောပါရစေနဲ့ ။ အမေနဲ့ ကျန်ခဲ့တဲ့ ကျွန်မ အကိုရယ် ကျွန်မ ရယ်ဟာ လူ့လောက ဆိုတာကို စတင်ရင်ဆိုင်ခဲ့ ရပါတယ်။ စိတ်ပြတ်တဲ့ အဖေလို့ ပြောရမလား ၊ ရက်စက်တဲ့ အဖေလို့ ပြောရမလား ၊ ထွက်သွားတဲ့ နေ့ကစပြီး ကျွန်မတို့ကို တစ်ချက်လောက်တောင် စောင်းငဲ့ ကြည့်ဖော်မရခဲ့ပါဘူး ။ ကော့သောင်းဘက်မှာ အလုပ်သွား လုပ်နေပြီး နောက်အိမ်ထောင် နဲ့ နေနေတယ် ဆိုတာ အဖေ နဲ့ ပါတ်သက်ပြီးနောက်ဆုံးကြားရတဲ့ သတင်းပါဘဲ။ အဲ့ဒီံ့ဒါဏ်ရာ ဒါဏ်ချက်ဟာ ကျွန်မကို အတန်းထဲမှာ ဟိုးအောက်ဆုံး အဆင့်ကိုရောက်ရှိခဲ့ ပြီး ဆယ်တန်းမအောင်တဲ့ သူ ဖြစ်ခဲ့ပါတယ်။ ဆယ်တန်းထပ်ဖြေဖို့ဆိုတာလည်း အိမ်စီးပွားရေး အခြေအနေကြောင့် မဖြေဖြစ်တော့ဘဲ အလုပ်ခွင်ထဲရောက်ခဲ့ပါတယ်။ အဲ့ဒီံ အချိန် ကျွန်မ အသက် ၁၇ နှစ် ဘဲ ရှိပါတယ်။ ကျွန်မရောက်ခဲ့တဲ့ အလုပ်ခွင်က အဲ့ဒီ့ အချိန်ကခေတ်စားခဲ့တဲ့ ဆံပင်ညှပ် ခေါင်းလျှော် ပြီးရင် နှိပ်ပေးရတဲ့ ဗြူးတီးဆလွန်းပါ ။

ရှင် ။ အသန့်ပါ ရှင်ရယ် ။ ယောင်္ကျားကြီးများလာတဲ့ ဆိုင်ဆိုပေမဲ့ ခေါင်းလျှော်တဲ့ ခုံပေါ်မှာသာ နိုပ်ပေးရ၊နင်းနယ်ပေးရတာပါ။ အဲ နှာဘူးထတဲ့ သူများတော့ လက်ဆွဲ မထိသထိ လုပ်တာတွေတော့ လောက်တော့ခံရတာပေါ့ရှင်။မကြိုက်ပေခဲ့ သည်းညဉ်းခံရတာပေါ့ ။

ရှင်။ ဟုတ်ကဲ့။ အကိုလား။ အကို လည်း ကျွန်မလိုဘဲ အဖေထွက်သွားတဲ့ အချိန်ကစလို့ ကားစက်ပြင် ၀ပ်ရှော့ တစ်ခုကို အမေ ပို့လိုက်တာ ခံလိုက်ရပါတယ် ။ အမေကတော့ ဈေးရောင်းမယ်လုပ်လိုက် ။ အရင်းပြုတ်လိုက်နဲ့ သံသရာလည်ခဲ့ပါတယ်။ အမေ ကောင်းရောင်းကောင်းဝယ် လုပ်ခဲ့ရင်တော့ ဒီလောက် အခြေအနေမဆိုးနိုင်ပါဘူး။ နှစ်လုံးသုံးလုံး ချဲထိုးရတာနဲ့ အမေ မကြာခဏ ကြွေးတင်ရင်းကနေ မွဲသထက်မွဲလာတဲ့ အပြင် ကျန်မာရေးပါခြူခြာ လာတဲ့ အတွက် ကျွန်မလည်း ဆိုင်အိပ်ဆိုင်စားကနေ ထွက်ရတဲ့ အခြေအနေ ရောက်သွားပါတယ်။ အမေ့ကို ပြုစုဖို့ စောင့်ရှောက်ဖို့ တာဝန်တွေ ကျွန်မဆီရောက်ခဲ့ပါတယ် ။ အဲ့ဒီ့တော့ ကျွန်မ၀င်ငွေ ဘယ်လာမှန်တော့မလဲ ရှင်ရယ်။ ရှင်နည်းရာ အဂ္ဂလူထွက် အဲ့ဒီ့ အချိန်မှာ ကျွန်မ အကိုကလည်း သူအလုပ်လုပ်တဲ့ ကားဝပ်ရှော့ ဆရာ့အိမ်က အိမ်ဖော်မလေးကို ခိုးပြေးသွားပါတယ် ။အခုတော့ သူလည်း သူ့အပူနဲ့ သူ။ သူ့ဒုက္ခနဲ့သူ။ အမေအိမ်လာဖို့နေနေသာသာ သတင်းတောင် မေးဖော်မရပါဘူး။ သူကော အမေ့ဆွေမျိုးတွေကောက သူမသာ ကိုယ်အသုဘ တစ်ယောက်နဲ့ တစ်ယောက် သိပ်မခြားတဲ့ ဘ၀တွေပါ။ ကူညီချင်စီတ်ရှိရင်တောင်မှ မကူညီနိုင်ကြတဲ့ ဘ၀တွေပါ။

ကျန်းမာရေးမကောင်းတဲ့ အမေရယ် ၊ ၀င်ငွေမမှန်တော့ တဲ့ ကျွန်မရယ်နဲ့ လုံးခြာလည်လိုက် နေရာကနေ အခုတော့ အခုတော့ ကျွန်မတို့ နေတဲ့ အိမ်ရှင်တွေက အိမ်ပြောင်းပေးဖို့ တောင်းဆိုနေပါပြီ။ အခုနေတဲ့ အိမ်က နေတာကြာလာတော့ သူတို့လည်း လခပိုလိုချင်တာရယ် ၊ ကြာကြာနေရင်နောက် ဆင်းခိုင်းလို့မရမှာကိုစိုးရိမ်လို့ ရယ် ကျွန်မတို့ကို ဆက်မထားနိုင်တော့ဘူးလို့ ပြောပြလာပါတယ်။ တောင်းပန်ရင်း အိမ်ရှာရင်းနဲ့ဘဲ သူတို့ပြောင်းခိုင်းတာ နှစ်လ ကျော်လာပါပြီ။ အခုနေတဲ့ အိမ်က အိမ်လခ ၂၅၀၀၀ ကျပ်သာ ပေးရပေမဲ့ အခု လိုက်မေးတဲ့ အိမ်တွေ အားလုံးက အနည်းဆုံးလေးသောင်းနဲ့ ခြောက်လ စာချုပ်ချုပ်ရမယ်ဆိုတော့ ပွဲစားခ အပါ ကျွန်မ ပိုက်ဆံ သုံးသိန်းလောက်လိုနေပါတယ် ။ ဘယ်မှာ သွားရှာရမလဲဟင် ။ ပေါင်စရာလည်း မရှိ။ ရောင်းစရာလည်း မရှိတော့တဲ့ အပြင် ဘယ်သူကမှလည်း အလုပ်အကိုင် အသေအခြာ မရှိတဲ့ ကျွန်မတို့ သားအမိကို မချေးခြင်ကြပါဘူး။ ချေးရင်လည်း ပြန်ဆပ်ဖို့ ဆိုတာ ခက်ခဲတာ အမှန်ပါဘဲရှင်။

အိမ်ရှင်တွေကလည်း ဒီလ ကုန် နောက်ဆုံးဘဲ။ နောက်ထပ် ဘယ်လိုမှ ဆက်မတိုးပေးနိုင်တော့ဘူး ။ ပြောင်းရင်ပြောင်း မပြောင်းရင် ရပ်ကွက်တိုင် ရဲတိုင်ပြီး အတင်းဆွဲချမယ် ပြောလာပါပြီ။ ကျွန်မရှက်လှပါတယ် ။ ပြောင်းလည်း တကယ့်ကိုပြောင်းပေးချင်ပါတယ် ။ ဒါပေမဲ့ … အဲ့ဒီ့ ဒါပေမဲ့က ရှင်တို့ကိုပြောပြထားပြီးတဲ့ သုံးသိန်းသော အသပြာ ဘယ်က ရှာရမှန်းမသိတာပါဘဲ။

ရှင် ။ ဟုတ်ကဲ့။ မရှက်တန်း ၀န်ခံရရင် ကျွန်မမှာ ချစ်သူ ရှိပါတယ်။ သူက သူက ပြောရရင်တော့ လက်ကြော မတင်းတာလား ဘာလဲ မပြောတတ်တော့ပါဘူးရှင်ရယ် ။ သဘောင်္လိုက်မယ် ၊ နိုင်ငံခြားမှာ သွားအလုပ်လုပ်မယ်ဘဲ ပြောနေပြီး ဘယ်မှာမှလည်း အလုပ်ဝင်မလုပ်ပါဘူ။ အလုပ်တစ်ခု ၀င်လုပ်ပါဆို ရတဲ့လခ နဲ့ ဘာသွားလုပ်မှာလည်း။ ကားခနဲ့ ဆေးလိပ်ဖိုး၊လ္ဘက်ရည်ဖိုးလောက်သာ ရတာ။ တစ်လ ဘာကျန်မှာမို့လည်း။NGO လိုမျိုး လစာကောင်းရင်တော့လုပ်မယ် ဆိုတာနဲ့ ဘယ်မှာမှလည်း ၀င်မလုပ်ပါဘူး။ အချိန်တွေသာ ကုန်လာခဲ့ပြီး ကျွန်မခုလို အခက်အခဲဖြစ်လို့ ကူညီအဖြေရှာပေးပါဦးဆိုတော့လည်း သူလည်းသူ့မိဘဆီက လက်ဖြန့်တောင်းနေရတာ။ပေးမှာ မဟုတ်ဘူး။ သူငယ်ချင်းထဲမှာလည်း ချေးပေးမဲ့သူမရှိဘူးဆိုတဲ့ အဖြေသာ ရခဲ့ပါတယ်။ မပြောချင်တော့ပါဘူးရှင်ရယ်။

ရှင် ။ဟုတ်ကဲ့ ။ ကျွန်မဟာ ချောမောသူတစ်ယောက်ဆိုတာလည်း အမှန်ပါဘဲ။ စပွန်ဆာလား မရှိပါဘူးရှင်ရယ်။ ဆံပင်ညှပ်ဆိုင်လုပ်နေတုန်းက ကျွန်မကို ကြိုးစားခဲ့ဘူးသူများရှိခဲ့ပါတယ် ။ ဒါပေမဲ့ ကျွန်မရဲ့ သိက္ခာ၊ ကျွန်မကိုယ်ကျင့်တရားကို အလွန်တန်ဖိုးထားခဲ့ပါတယ် ။ ကျွန်မရဲ့ အပျိုစင် ဆိုတာကို ကျွန်မအိမ်ထောင်ကျတဲ့နေ့ကြမှ စွန့်လွှတ်မယ်ဆိုပြီး နေထိုင်ခဲ့ပါတယ် ။ ကျွန်မချစ်သူ ကလား။ ပြောရရင် တည်းခိုခန်းသွားဖို့ သူခေါ်ပါတယ်။ ကျွန်မ ငြင်းဆန်ခဲ့လို့ မကြာခဏ ကျွန်မကို စိတ်ကောက်ပြခဲ့သလို တောသူဆိုပြီး လည်း အပြောခံခဲ့ရပါတယ် ။ ဒါပေမဲ့ ကျွန်မ အလိုမလိုက်ခဲ့ပါဘူး။ ကျွန်မ ထိန်းသိမ်းခဲ့ပါတယ် ။ ကျွန်မ မြန်မာမလေး အမျိုးကောင်းသားသမီး အဖြစ်နေထိုင်ခဲ့ပါတယ်။

ရှင်။ ဟုတ်ကဲ့။ ကျွန်မတစ်ယောက်ထဲဆိုရင် ကျွန်မ နေစရာပေး၊ထမင်းကျွေးတဲ့ ဘယ်နေရာမဆို ၀င်လုပ်နိုင်ပေမဲ့ အမေ ရှိနေတော့ လုပ်လို့မရပါဘူး။ အိမ်ငှားမှ ဖြစ်မှာပါ။ အမေနဲ့ အဆောင်ခန်းငှားနေရင်လည်း ဒီလောက်ကျမှာဘဲလေ။ တစ်ယောက် ၁၅၀၀၀ ဆိုရင် နှစ်ယောက်ဆို ၃၀၀၀၀ ဖြစ်နေပြီလေ။ အမေက ကျန်းမာရေးမကောင်းတော့ အဲ့ဒီ့ အဆောင်တွေကလည်း လက်မခံပါဘူး။ လှိုင်သာယာ က အဆောင်ခန်းတွေကျတော့လည်း ဘေး အခန်းတွေ နဲ့ ထရံ့တစ်ချပ်သာ ခြားပြီး အရမ်းကပ်တော့ လူသံ ဟင်းချက်သံ ဆူညံသံတွေနဲ့ အမေ မနေနိုင်ပါဘူး။ ဒါကြောင့် ကျွန်မ ခေါင်းခြောက်နေရတာပေါ့ ရှင်ရယ်။ လကုန်ဖို့ က နှစ်ပါတ်လောက်ဘဲ လိုတော့တယ်။ ကျွန်မ ဆုံးဖြတ်ချက်ချရတော့မှာပါ။

ရှင် ။ ဟုတ် … ဟုတ် .. ဟုတ်ကဲ့ ။ ကျွန်မရဲ့ အပျိုစင် ဘ၀ကို သုံးသိန်းနဲ့ လဲဖို့ပါ ။
နောင် … နောင်ဘယ်လို လုပ်မလဲ ။ မစဉ်းစားနိုင်သေးပါဘူး ရှင်။ လောလောဆယ် ကျွန်မရဲ့ ထွက်ပေါက်အနေနဲ့ ဒီတစ်ခုသာတွေ့လို့ပါ။

ဘာလုပ်ရမလဲ ရှင်ရယ်……………………။။။။။။အကြံပေးနိုင်ရင် ပေးပါဦး။။။။။။။။။။။။။။။

(အသိတစ်ယောက် ၏ ပြောပြချက်အား ပြန်လည်ခံစားတင်ပြပါသည်)

About ကထူးဆန်း

has written 107 post in this Website..