မိုးကောင်းကင်ကို တံတွေးထွေးသူများ

Zaw WonnaMarch 17, 20121min1384

တွေ့ရပြန်ပြီ။
အခုတလောမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်နေတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ တော်တော်များများ တွေ့လာရပါတယ်။ Facebook ထဲမှာလည်း အတော်များများ တွေ့မိပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံရေးပါတီက၊ ဒါမှမဟုတ် ဘယ်သူ့ လက်ကိုင်တုတ်လဲ ဆိုတာကိုတော့ မသိပါ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကိုတော့ သတိထားမိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လို ဆိုတာကိုလည်း အတိအကျ မသိပေမယ့် ဒီလို ဝေဖန်တိုက်ခိုက်ခြင်းအားဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ ထမြောက်အောင်မြင်မယ်လို့ ထင်ထားပုံ ရပါတယ်။ ဒါပေမယ့် သူတို့ မတွက်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံလူထု လူတန်းစား အသီးသီးက ဘာကြောင့် ထောက်ခံကြတယ် ဆိုတာပါ။

နိုင်ငံခြားမှာနေ၊ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီးမှ မြန်မာ့နိုင်ငံရေးအတွက် ဆောင်ရွက်နေတဲ့ သူ့ကို ဘာလို့ လူထုက ထောက်ခံနေရတာလဲ။ ရှင်းပါတယ်။ အမေစုဟာ မြန်မာပြည်သူတွေရဲ့ ရှေ့မှောက်မှာ မှတ်ကျောက်အတင်ခံ ပြီးပါပြီ။ ဒီနိုင်ငံအပေါ်မှာ သူ့ထက်ပိုပြီး စေတနာ ထားတဲ့၊ ပိုအနစ်နာခံတဲ့ လူတွေ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လက်ရှိအချိန်မှာ သူ့ထက်ပိုပြီး စွမ်းဆောင်နိုင်သူ မရှိဘူးဆိုတာ လူတိုင်း နားလည်ကြပါတယ်။ ပါတီခေါင်းဆောင် တစ်ယောက်ရဲ့ စည်းရုံးရေး ခရီးစဉ်ဆိုတာကလည်း တကယ်တမ်းကျတော့ ပြည်သူလူထုက ကြည်ညိုပြီးသားဖြစ်တဲ့ လူထု ခေါင်းဆောင်တစ်ယောက် လူထုအကြား ရောက်လာတာထက် ဘာမှကို မပိုတာ။

ဒေါ်စု မဲဆွယ်ပုံကလည်း ရှင်းရှင်းလေးပါ။ (NLD ကိုပဲ မဲပေးကြပါတဲ့)။ ပြည်သူတွေ အနေနဲ့ ဘယ်ပါတီကို ထောက်ခံရမယ် မဲပေးရမယ် ဆိုတာကလည်း ဒီလူတွေ ရင်ထဲမှာ အသေအချာ စိတ်ဒုန်းဒုန်း ချထားပြီးသားပါ။ အဲဒီလို အခြေအနေမျိုးကိုမှ မွှေနှောက်ဖို့ ကြံစည်ဝံ့တဲ့ သူကောင့်သားများကိုတော့ နိုင်ငံရေးပါး မဝလိုက်လေခြင်းလို့ပဲ တွေးမိပါတယ်။ ဆရာကြီး ဒဂုန်တာရာက ပြောဖူးပါတယ်။ နိုင်ငံရေးလုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာတဲ့။ ဒါဆို အခု သူတို့ လုပ်နေတဲ့ အလုပ်က နဂိုက ကိုယ့်ကို ခင်မင်လေးစားရင်းစွဲ ရှိတဲ့ လူတွေတောင် ရွံမုန်းလာအောင် လုပ်တာမျိုး ဖြစ်နေတော့ မိုးကောင်းကင်ကို တံတွေးနဲ့ လှမ်းထွေးတဲ့သူလို ဖြစ်နေမှာပေါ့။ တကယ်လို့ နိုင်ငံရေးပါတီ တခုခုကို ကိုယ်စားပြုမယ် ဆိုရင်လည်း ကိုယ့်သေတွင်းကို ကိုယ်တူးသလို ဖြစ်နေမှာပါပဲ။ ကျနော် ဉာဏ်မီသလောက် စဉ်းစားကြည့်မိတာပါ။

4 comments

  • Zaw Wonna

    March 17, 2012 at 2:40 pm

    သူရတဲ့ ဆုကြေးဒေါ်လာသိန်းချီကို သားအရင်းတွေတောင်ပေးမစားဘဲ၊ ဒီတိုင်းသူပြည်သား လူငယ်တွေကို ပညာသင်ထောက်ပံ့ကြေး တပြားမကျန်ပေးခဲ့တယ်။ အကျယ်ချုပ်ကလွတ်တဲ့အချိန်မှာ အဲဒီ ခင်ဗျားတို့ကြည်ညိုပါတယ်ဆိုတဲ့ ခေါင်းဆောင်မှာ
    ပိုက်ဆံတပြားမှ မရှိဘူး၊ NLD ပါတီရုံးခန်းမှာ. အသံချဲ့စက်ငှားဖို့ ပိုက်ဆံငါးသောင်းတောင်
    မပြည့်ဘူး၊ အန်တီစု အိမ်မှာ ရေခဲသေတ္တာပျက်နေတာတောင် မပြင်နိုင်ဘူးတဲ့။
    ဒါတွေကို အန်တီစုက ဘယ်သူ့ကိုမှ မပြောစေချင်ပေမယ့် အတွင်းသိ သိရတာကို ကျနော်
    ဖွင့်ချပါတယ်။ (ချိုတူးဇော် Fb မှ)

  • myanmarcitizen

    March 17, 2012 at 3:22 pm

    ဟုတ်ပါ့ နှစ် ၂ဝ ကျော်ကြာအောင် မှတ်ကျောက် တင်ခဲ့သူပါ။

  • ကိုရင်မောင်

    March 17, 2012 at 5:07 pm

    ရှိမှာပါဒါကြောင့်လဲတချိန်ကဗိုလ်ချုပ်ကိုပြည်သူတွေကချစ်ခင်လေးစားနေကြပေမဲ့
    ဗိုလ်ချုပ်ကိုမနာလိုမရှုစိမ့်ကြည့်မရတဲ့ဦးစောလိုလူမျိုးတွေလဲရှိခဲ့တာဘဲမဟုတ်လား…
    နောက်ဆုံးတော့လေထဲမှာနှစ်ပေလောက်လွတ်ပြီးဇာတ်သိမ်းသွားရတာဘဲလေ
    တိုင်းပြည်ကောင်းအောင်လုပ်နိုင်တဲ့ခေါင်းဆောင်ကောင်းတယောက်တော့ဆုံးရှုံးသွားရတာပေါ့
    ဦးစောလိုလူမျိုးမဖြစ်ဘို့တော့အရေးအကြီးဆုံးဘဲ….

  • MTY

    March 17, 2012 at 8:24 pm

    လောကမှာအဆိုးနဲ့အကောင်းဒွန်တွဲနေပါတယ်။
    ဗိုလ်ချုပ်အောင်ဆန်းရှိလို့ဦးစောလဲရှိတာ
    ့ဦးစောလဲရှိလို့ဗိုလ်ချုပ်အောင်ဆန်းရှိတာ
    ဒီလိုတွေးလဲရတယ်။
    နိုင်ငံရေးမှာအပြန်အလှန်ဆိုတာမျော်လင့်ထားရမှာဘဲလေ
    ဝမ်းသာပါတယ်ဒီလိုPost,Commentမျီုးဖတ်ရတာ
    (ဆဲတာတွေမပါလို့)

Leave a Reply