အမေက…အမေ



 

(၁)

အခန်းထဲ၌ တိတ်ဆိတ်နေ၏။ ကုတင်ပေါ်၌ တစ်ဖက်စောင်းလျှက်အိပ်ပျော်နေသော အမေ့ကိုမနိုးရက်။ သားပြန်ရောက်လာပြီလေဟု ဝမ်းသာလုံးစို့နေသည့်အသံနှင့် ပြောမထွက်သေး။ ကိုယ်စိတ်နှလုံးပင်ပန်းလွန်းနေသည့် အမေ့ကို ဘယ်လိုမေးရမည်လည်းဟုသာ အတွေးထဲစိုးမိုးနေသည်။ ကြမ်းပြင်ပေါ်၌ ဖုန်တို့ခပ်ပါးပါးလေးတင်နေ၏။ သည်မနက်အဖို့ အမှိုက်မလှဲရသေးမှန်း ကျွန်တော် သိလိုက်သည်။ သည်လို မနက်စောစောအချိန်မှာတောင် အမေ့အနား တစ်ယောက်မှရှိမနေတာကိုတော့ ကျွန်တော့် စိတ်ထဲက ခံပြင်းမှု ဒေါသမီးတွေကို ဟုန်းဟုန်းတောက်စေသည်။ အခန်းထဲကို မျက်စိကစားကြည့်တော့ အံ့ဩရပြန်သည်။ အမေအမြတ်တနိုးရှိခဲ့သည့် အဝတ်ဗီဒိုကြီးနှင့် တစ်ချို့သော ပရိဘောဂတွေ ဘယ်ရောက်ကုန်ပါလိမ့်။ လွန်ခဲ့သည့် သုံးနှစ်ကနှင့်မတူ တိတ်ဆိတ်လွန်းနေသည့် အိမ်သည် ယခု ကျွန်တော်ရောက်နေသော နွေးထွေးသော အိမ်လေးမှ ဟုတ်ပါလေစဟု သံသယဖြစ်မိပြန်သည်။ ကျိုးကြောင်း ကုန်စင်ကို အမေဖုန်းဆက်တိုင်း ဘာကြောင့်မပြောရသည်လဲ ဟု သိချင်နေမိသည်။ အမေမပြောသည့်တိုင် သိနေနှင့်သည့် အဖြေတွေအတွက် ရင်ထဲမှာတော့ အစိုင်အခဲတစ်ခုအဖြစ် ဖြစ်တည်နေမိပြီးပြီ။

          “​ပြောပါဦး နင်တို့လုပ်ချင်တိုင်းလုပ်ရအောင် ငါက တစ်ခြားမြို့ကို အလုပ်သွားလုပ်ပေးတယ်လို့ထင်နေကြတာလား “ တစ်ယောက်မှ စကားသံထွက်မလာ။ အရင်တုန်းကတော့ မိန်းကလေးဖြစ်ပြီး မိန်းမမဆန်သည့် သည်ညီမနှစ်ယောက်ကို ကျွန်တော် ကွယ်ရာမှာလည်း စိတ်ချထားနိုင်ခဲ့သည်။ အဖေမရှိတော့ပဲ အမေလုပ်နေရသည့်အလုပ်က မြေကြီးကို ရွှေသီးအောင်လုပ်နေရသည့် အလုပ်ဆိုတော့ အတော်လေး ပင်ပန်းသည်။ တက်ညီ လက်ညီလုပ်ရမည့် အချိန်တွေမှာ သည်ညီမတွေက ပျင်းချင်သေးသည်။

ဒါကိုပင် “ထားလိုက်ပါ သားရယ် မိန်းကလေးတွေဆိုတော့ မောမှာပေါ့”

ဟု အမေကပြောသည်။ အမေကရော ဟု ကျွန်တော်ပြန်မေးသည့်အခါမှာတော့

အမေက..အမေလေ” တဲ့။ ဘယ်အခါကြည့်ကြည့် ခြံထဲ၌ တကုတ်ကုတ်ရှိနေတတ်သော အမေ့ကို တစ်ခါတစ်ခါ မလုပ်ပါနဲ့တော့ ဟု တားမြစ်ချင်သည်။ သို့ပေမယ့် စိတ်ထဲ၌မြားတစ်စင်းလို စူးနစ်ဝင်နေသော လူနေချုံကြား စိတ်နေဘုံဖျား အတွေးကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ခဲ့။

နင်တို့တွေ ဘယ်အရွယ်ရှိသေးလို့လင်ယူသားမွေးလုပ်ရအောင် ခုကြည့် အမေကို…” စကားတို့ ပြောမထွက်တော့။သည်အချိန်မှာ အမေကြားနေနိုင်လောက်သည့်စကားတွေကို ပြောမထွက်။ စိတ်ထဲကသိနှင့်နေသည့် အမေ့အထာတွေကို သားတစ်ယောက်ပဲ သိနေခဲ့တာလားဟု မေးချင်နေသည်။

သားရောက်လာပြီလား” နောက်ကျောမှ အသံဖျော့ဖျော့။ဘယ်အချိန်ကြားလိုက်ရ ကြားလိုက်ရ ပီသချိုမြသည့်အသံ။ “ခုလေးပဲရောက်တယ် အမေ “ အသံတို့မတုန်အောင် ဂရုစိုက်ပြီးပြောလိုက်မိသည်။ အမေ့ကိုတော့လှည့်မကြည့်သေး။ မျက်ဝန်းထဲက အရည်ကြည်တွေကို အမေ့ကိုမမြင်စေချင်။

သားရယ် ခရီးရောက်မဆိုက် နားပါဦးလား မင်းညီမတွေကို ဆူမနေပါနဲ့တော့။ အမေရယ် ခွင့်လွှတ်တယ်ဆိုတာလည်း အတိုင်းအတာနဲ့ပါ “  ဟုတော့ မပြောဖြစ်လိုက်။

ကျွန်တော်တို့ မောင်နှမသုံးယောက် အရွယ်ရောက်ပါပြီဆိုကတည်းက လိုအပ်တာမှန်သမျှ အမေကဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အိမ်ထောင်ဦးစီးနေရာကို အမေလက်လွဲယူခဲ့သည့် အချိန်တွေက ကျွန်တော်တစ်သက်ဟု ဆိုချင်ဆိုနိုင်သည်။

ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဈေးရောင်းသည့်အခါရောင်း ခြံစိုက်သည့်အခါ စိုက်နှင့် အမေအအားနေသည်ကို တစ်ခါဆိုတစ်ခါမျှ မမြင်ဖူးသေး။ မျက်စိထဲမှာ သွက်သွက်လက်လက်နှင့် အပင်တွေစိုက်နေသော အမေ့ကို မြင်ယောင်နေမိသေးသည်။

(၂)

“အမေဘာလို့ ဒီအကြောင်းတွေမပြောတာလဲ “အမေမဖြေပဲ ပြုံးပါသည်။ “အဝေးမှာနေတဲ့ ငါ့သား စိတ်ဆင်းရဲ့မှာ စိုးလို့ပေါ့ “ဟု အမေပြောသည်။ “အမေကရော စိတ်မဆင်းရဲ့လို့လား အမေ” ဟုဆိုတော့ အမေက အမေလေ တဲ့။ အမေတစ်ယောက်တည်း ရုန်းကန်နေရသည့် အချိန်မှာ အခန့်သားနေရသော ကျွန်တော့်တို့မောင်နှမတွေသည် ဟိုတုန်းကတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စားတွေ။ ကံကောင်းထောက်မစွာ တက္ကသိုလ် ဒုတိယနှစ်ယောက်တော့  အမေစကားတစ်ခွန်းပြောသည်။

အမေလေ အမေ့သားနဲ့ သမီးတွေကို ပညာတတ်ကြီးတွေ သိပ်ဖြစ်စေချင်တာ ဘာလို့လဲ သိလား အမေ့လို့ မဆင်းရဲ့ရအောင် မနှိမ့်ကျအောင်ပေါ့ အမေ့လိုနေပူပူမှာ ခြေမ ချွေးမကျရတဲ့ အလုပ်ကိုလည်း ငါ့သားနဲ့သမီးတွေကို မလုပ်စေချင်ဘူး အရိပ်ထဲမှာနေပြီး ဘောလ်ပင်ကိုင်ရတဲ့ အလုပ်မျိုးပဲလုပ်စေချင်တာ အမေက ယောကျာ်းရ ကံမကောင်းဘူး လက်ကျောမတင်းတဲ့ မင်းအဖေ အရက်သမားကြီးလိုလည်း မင်းကို မဖြစ်စေချင်ဘူး ဒါဟာ အမေ့ရဲ့ ရင်ထဲကဆန္ဒတွေပဲ “

ဟုဆိုလိုက်သည့်နေ့က ကျွန်တော့်ရဲ့မေ့မရသည့် နေ့ပင်။ အလုပ်မလုပ်ပဲ သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး လည်ပတ်နေသည့် ကျွန်တော့်ကို  အမေက စကားတစ်ခွန်းနှင့် အလိမ္မာနည်းသုံးပြီး ရပ်တန့်စေခဲ့သည်။

အမေ့လို မိန်းမသားတစ်ယောက်တောင် နေပူစပ်ခါးမှာ အလုပ်လုပ်နိုင်သေးတာပဲ ဟုတွေးမိပြီး အမေ့ကို ကူခဲ့သည်။ တကယ်တမ်း ကျွန်တော်လုပ်ကြည့်မှ အမေ့အလုပ်တွေသည် ပေါ့ပေါ့တန်တန် အလုပ်တွေမဟုတ်မှန်း နားလည်ရသည်။ အမေလွယ်ပိုးနေကျ ဆေးပုံးကြီးသည် ကျွန်တော်ပိုးလိုက်သည့်အခါ အတော်လေးမှန်းသိရသည်။ အမေထမ်းနေကျ ထမ်းပိုးသည် ကျွန်တော့် ပခုံးထက်မှာတော့ အသားမာတက်စေသည်။ အမေစကားတစ်ပြောပြောနှင့် ပေါက်နေကျဖြစ်သော ပေါက်ပြားက ကျွန်တော်လက်တွေကို သွေးကြည်ဥစေသည်။ ဒါတွေကို အမေက မညည်းမငြူ နေ့တိုင်း ဝတ္တရားမပျက် လုပ်နေကျ။ သည်လိုမလုပ်ရလျှင် အမေက ကိုယ်လက်တွေ ကိုက်ခဲပြီး ဖျားချင်သည်ဟု ဆိုသည်။ ကျွန်တော်က

အမေ ဒီလောက် ပင်ပင်ပန်းပန်း လုပ်နေတာတောင် မောပုံမပေါက်ဘူးနော် “ဟုပြောတော့ “အမေက အမေလေ “တဲ့။

အဲသည်အချိန်ကစပြီး အိမ်ဗာဟီရအလုပ်တွေကို မညည်းမငြူ ကျွန်တော်လုပ်တတ်ခဲ့သည်။ ညီမနှစ်ယောက်ကတော့ ဘာသိဘာသာ။ တံမြက်စည်းလှဲရကောင်းမှန်းမသိသော၊ အိုးခွက်ပန်းကန် ဆေးကြောရကောင်းမှန်းမသိသော၊ ဘုရားပန်းအိုးရေလဲရကောင်းမှန်းမသိသော ကျွန်တော့် ညီမနှစ်ယောက်နှင့် ကျွန်တော်က တကျက်ကျက်။အမေကတော့ “အငယ်လေးတွေမို့ပါ” ဟု ပြုံးပြုံးလေးဆိုသည်။ ကြာတော့ မီးဖိုချောင် ကိစ္စတွေအစ ဧည့်ခန်းရှင်းလင်းရေး အဆုံးထိ ကျွန်တော့်ခြေ ကျွန်တော့်လက်ဖြစ်လာသည်။ အမေကတော့ နစ္စဓူဝအလုပ်တွေကို လုပ်မြဲ။ လေးလံလှသည့် ဆေးပုံးကြီးကို ထမ်းမြဲ။ ရေထမ်းဆိုင်းကို ပိုးမြဲ။ မလုပ်ပါနဲ့ အမေရယ် ကျွန်တော်လုပ်ပါ့မယ် ဟု မနည်းပြောယူရသည်။နွေနွေ၊ မိုးမိုး၊ ဆောင်းဆောင်း အမေတစ်ရက်မှ အလုပ်မပျက်ဖူးပေ။ တစ်ခါတစ်ခါ ညီမနှစ်ယောက်ကို ချော့ချော့မော့မော့နှင့် “သွားသွား အမေပန်း စိုက်နေတယ် သွားစိုက်ကူလိုက်ဦး အစ်ကို ရေလောင်းလိုက်ဦးမယ် ပြီးရင် မုန့်ဖိုးပေးမယ် “ဆိုတာကတစ်မျိုး၊ တစ်ခါတစ်ရံမှာတော့  “နင်တို့ နှစ်ယောက်က အမေ့ကို မသနားဘူးလား ဟိုမှာ အမေကတော့ နေပူကြီးထဲမှာ မြေပေါက်နေတယ်၊ နင်တို့က တီဗွီကြည့်နေတယ်..သွားမြက်လိုက်ကောက် ပေးလိုက် ငါလုပ်လိုက်ရ.” ဟု ခြောက်လန့်ပြီးတော့ တစ်ဖုံ ပြောရဆိုရသည်။

ထိုအခါမျိုးတွေမှာတော့ နှုတ်ခမ်းကြီးဆူပြီး ခြေစောင့်က “လုပ်မှမလုပ်တတ်ပဲ” ဟု အော်သွားတာမျိုးလည်းရှိသည်။ အမေကတော့ သားရယ် အမေဟာ အမေလုပ်နေတာ ဟုတ်နေပါပြီ မင်းညီမတွေလုပ်မှ အမေပိုပင်ပန်းနေပါမယ် လုပ်တတ်တာလည်း ဟုတ်ပဲနဲ့ ဟု ဆိုတတ်သည်။

 

(၃)

 “အမေပင်ပန်းမှာ စိုးလို့ပါဗျာ ကျွန်တော်နဲ့ အမေ နှစ်ယောက်တည်းမှမဖြစ်တာ “ ဟု ပြန်ပြောလိုက်သည့် အခါမျိုးတွင် “အမေဖြစ်အောင်လုပ်နိုင်ပါတယ် သားရယ် အမေက အမေပဲလေ” ဆိုသော စကားကို ပြုံးပြုံးကြီး ပြန်ပြောတတ်သည်။ ထိုအခါ ကျွန်တော်ရင်တွင်းက အမျိုးအမည် မသိသော ခံစားချက်များကြောင့် မျက်ဝန်းတို့ စိုစွတ်ရပြန်သည်။

သည်လိုနှင့် ကျွန်တော်ဘွဲ့ရပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်ရန် အဆင်သင့်ဖြစ်နေချိန်မှာတော့  အမေနှင့် မခွဲချင်။ အမေကတော့ “ဘဝရဲ့ခြေလှမ်းအစက ခုမှစမှာသား အမေ့ခြံထဲမှာပဲ နေလို့ကတော့ ဒီအပင် ဒီပန်း ဒီခက်ရင်း ဒီပေါက်ပြားနဲ့ပဲ သားဘဝ တိုးတက်မှာ မဟုတ်ဘူး လူတွေရဲ့ အကြောင်း လူတွေရဲ့ သဘောသဘာဝကို သိချင်ရင်တော့ လူတွေကြားထဲ သားလျျှောက်ရမယ် သား အမေ့ကို စိတ်မပူနဲ့ အမေလုပ်နေကျ အလုပ်တွေက သန်းခေါင်အပြင် ညဉ့်မနက်တော့ပါဘူး “ ဟုဆိုသည်။

`        ကျွန်တော်နေသည့် မြို့နှင့်သုံးည အိပ်လေးရက်သွားရသော မှော်ဒေသတစ်ခုသို့ အတောင်ဖြန့် ခရီးနှင် ပြန်သန်းခဲ့သည်။ ခရီးမထွက်ခင် လိုအပ်သည်များကိုတော့ တစ်ခါမှ အလုပ်မနားဖူးသော အမေက အလုပ်တစ်ရက်နားပြီး ပြင်ဆင်ပေးသည်။  “ငှက်ဖျားရှိတယ်ကြားတယ် ဒီဆေးယူသွား ဒါက ခြင်ထောင် ပြောရဦးမယ် ရောက်လေရာအရပ် ရတနာသုံးပါးဦးထိပ်ထား ညတိုင်း ဘုရားရှိခိုးအိပ်ကြားလား တစ်ခုခုဆို ဘေးအိမ်ကို ဖုန်းဆက်နော် သား”  အမေကတော့ ပြုံးပြုံးနှင့် ပြောလည်းပြော ပြင်ဆင်လည်း ပြင်ဆင်ပေးနေသည်။ ညီမနှစ်ယောက်ကတော့ “အမေကလည်း အစ်ကိုက ကလေးမှ မဟုတ်တော့တာ “ဟုပြောတော့ “ဟဲ့ ငါက အမေ” ဟုဆိုပြန်သည်။

ကျွန်တော်ကတော့ လိုချင်တာမှန်သမျှရနိုင်သော အရပ်မှာ ခြေမမှားအောင် ထိန်းနေရသည်။ စိတ်တစ်ချက် နယ်ကျွံမည်ဆိုတိုင်း အမေ့ကိုမြင်ယောင်ပြီး အတွေးတို့ ကြက်ပျောက် ငှက်ပျောက်။ အတွေးတစ်ချက်မှားလိုက်သည်နှင့် ဘဝကြီးပါ ဗြောင်းဆန်သွားနို်င်သော အရပ်မှာ နုံနေလို့လည်းမဖြစ်သေး။ လူတွေအကြောင်းကို လူအများနှင့်နေသည့်အခါမှ သိခွင့်ရခဲ့သည်။ သည်နောက်ပိုင်း အမေဘယ်လိုနေ ဘယ်လိုစားသည်ကို ဖုန်းဆက်မေးရသည်။ အမေကတော့ ဖုန်းဆက်တိုင်း အဆင်ပြေပါတယ် သားရယ် ဆိုသောစကားတစ်လုံးကို လက်ကိုင်ထား အပ်ကြောင်းေတွေထပ်အောင် ပြောတုန်း။

ကျွန်တော်က ကျွန်တော့် ညီမနှစ်ယောက်နှင့် အမေဘယ်လိုနေလည်း သိချင်၍ အိမ်ဘေးဖုန်းကိုဆက်ပြီး တီးခေါက်ကြည့်မှ ခေါင်းထဲ ဗြောင်းဆန်ကုန်သည်။

“မောင်မင်းနိုင် မသိဘူးလား မင်းညီမ သင်းသင်းနဲ့ မြတ်ခြယ် ယောကျာ်းရသွားပြိလေ။ ဗျာ။ မင်းသွားပြီး နောက်နှစ်ပဲ ခုမင်းအမေက သူတို့တွေကို အိမ်ပေါ်ခေါ်တင်ကျွေးထားတယ်လေ အင်းပြောရရင်တော့ မကောင်းပါဘူး။ ရပါတယ် အန်တီ ပြောပါ ကျွန်တော်နားထောင်နေပါတယ်။ မင်းညီမနှစ်ယောက်လုံး မလိမ္မာဘူးကွယ်  ယူထားတဲ့ယောကျာ်းတွေကလည်း လက်ကြောမတင်း  အလုပ်မလုပ်တစ်ရက် လုပ်တစ်ရက် မင်းအမေ ရှိတာတွေ ထိုင်စားနေကြတာ ခုဆို မင်းအိမ်က တီဗွီနဲ့ ဗီရိုနှစ်လုံးတောင် အန်တီအိမ်မှာ မင်းအမေကလာထားထားတာ။”

“ဗျာ အမေက ကျွန်တော့်ကို ဘာမှမပြောဘူးဗျာ။”

“အေးကွယ် မင်းစိတ်ဆင်းရဲမှာ စိုးလို့နဲ့တူပါရဲ့ ဖြစ်နိုင်ရင် မင်းပြန်လာခဲ့ပါ မင်းအမေ သိပ်နေမကောင်းဘူး။”

ကျွန်တော်မြို့ကို အားချင်းပြန်ရောက်ခဲ့ရသည်။အိမ်အဝင်ဝ မှာကတည်းက အရင်ကစိုပြေခဲ့သော အမေ့လက်ရာ ပန်းစင်တွေက ငြိုးငြိုးခြောက်ခြောက်။

 

(၄)

“အမေကလည်း နေမကောင်းတာတောင် ကျွန်တော့်ကို ဖုန်းမဆက်ဘူး။ မင်းအလုပ်ပျက်မှာစိုးလို့ပါ သားရယ်။ အလုပ်က အမေ့လောက်မှ အရေးမကြီးတာ”  ဟုဆိုတော့ ဘာမှမပြော။

အမေ့မျက်ဝန်းတွေက အားဖျော့နေသည်ကိုမြင်ရတော့  အမေအားလျော့လာပြီလားဟု ထိတ်လန့်စွာ တွေးမိလိုက်သေးသည်။ ဟို အမိုက်မ နှစ်ယောက်ကိုတော့ ပြတ်ပြတ်သားသားပြောရတော့မည်။

ဧည့်ခန်းထဲမှာတော့ သူတို့ လင်သားတွေနှင့် မတုန်မလှုပ်ထိုင်နေကြသည်။ “သင်းသင်း” အလတ်မက မော့ကြည့်သည်။ “မြတ်ခြယ်” အငယ်မကတော့ ကြမ်းပြင်က မျက်လုံးမခွာ။ “နင်တို့နှစ်ယောက်လုံး အိမ်ခွဲနေကြတော့။”

“ ဟင်၊ “

“ဘာ။ ဘယ်လို။”

မထင်မှတ်ထားသော စကားကိုကြားလိုက်ရ၍ထင် အာမေဋိတ်သံတွေနှင့် ညံစီသွားသည်။

“အခုမှ အံ့ဩမနေနဲ့ အမေ့နား ကပ်စားပြီး လက်ကြောမတင်းတဲ့ ဟာတွေ အမေကပညာတတ်စေချင်လို့ ကျောင်းထားပေးတယ်  နင်တို့ (၁၀)တန်းတောင်မအောင်သေးပဲနဲ့ လင်ယူတယ် ။ပြီးတော ့အမေ့ကို လုပ်ကူမယ်မရှိဘူး ငါပို့ပေးတဲ့ငွေတွေပါ နင်တို့ နှစ်ယောက်က ကပ်ဖြုန်းတယ်ပေါ့  ဟုတ်လား..။ အမေက အမေပဲ ဆိုပြီးခွင့်လွတ်သမျှ ငါကတော့ နင်တို့နှစ်ယောက်ကို ခွင့်မလွတ်ဘူး။ သွားတော့ ..အထုတ်အပိုးပြင်ပြီး ဆင်းတော့။ “

“သား အမေပြော..။ “

“ထားလိုက်ပါ အမေရယ် အချိန်တန်ရင်တော့ သူတို့နားလည်ပါလိမ့်မယ်” ဟုသာ ပြန်ပြောမိသည်။ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို အမေ ဘာမှမပြော။

“အမေနားပါတော့ အမေရယ် ခု ကျွန်တော်လည်း အလုပ်လုပ်နေပြီပဲ အမေ့အနားလည်း ပြန်ရောက်လာပြီလေ အမေ ဘာလိုသေးလို့လဲ ဟုဆိုတော့ အမေကတော့ ဘယ်သားသမီးကိုမဆို တစ်ပြေးညီပဲ သား အမေဘယ်သားသမီးကိုမှ မခွဲနိုင်ဘူး ။ အမေ့မျက်စိအောက်မှာပဲ မြင်ချင်တယ်။ ဒါမှ အမေမျက်စိမှိတ်နိုင်မှာပေါ့ သားရယ် မင်းညီမနှစ်ယောက်ကို ပြန်ခေါ်လိုက်ပါ သားရယ် သူတို့ ခြံဝမှာပဲရှိပါသေးတယ်။  “

အမေစိတ်ချမ်းသာတာကိုပဲ မြင်ချင်ခဲ့သည့်ကျွန်တော်က  ဘာမဖြည့်ဆည်းပေးနိုင်စရာ မရှိသလဲ။

အမေက သူတို့ကို ခွင့်လွတ်တယ်ပေါ့ ဟုတ်လား အမေ။ “

ကျွန်တော့်အမေးဆုံးတော့

အမေက အမေလေ သားရဲ့ “ဟုတစ်ခွန်းတည်း မရိုးနိုင်သော စကားကို အမေဆိုလေသည်။ ခြံဝက သင်းသင်းနှင့် မြတ်ခြယ်တို့ လင်မယားတွေကတော့ မျက်ဝန်းတွေမှာ နောင်တမျက်ရည်တွေနှင့် ကျွန်တော်နှင့် အမေ့ကိို ငေးကြည့်နေကြသည်။

အမေ့ရဲ့ သားသမီးတွေကို ခွင့်လွတ်နိုင်စိတ်ကို ကျွန်တော် ဘာမှမပြောလိုတော့။ အမေရဲ့ ခွင့်လွတ်ကြည့်ကြည့်နေသော မျက်နှာကို ကျွန်တော်ငေးကြည့်လိုက်သည်။ ငေးမဝနိုင်သော အမေ့၏အပြုံး။ ကျွန်တော့်၏ ခွင့်လွတ်သည့်အကြည်။ညီမနှစ်ယောက်က နားလည်စွာနှင့် ခြေလှမ်းတွေအမေဆီသို့။ အမေ့ရင်ခွင်ဆီမှာ အငိုမျက်လုံး အပြုံးမျက်နှာ ကိုယ်ဆီနှင့် မျက်နှာတွေအပ် ။

 

အမေသမီးတို့ကို ခွင့်လွတ်တယ်ပေါ့နော်။ “

“အမေက အမေပဲလေ သမီးတို့ရဲ့ “    ဟု တိုးတိုးညင်သာ ကျွန်တော်ကြားလိုက်ရသည်။

သော်ဇင်(လွိုင်ကော်)

၂၂-၂-၂၀၁၀

တနင်္လာနေ့

၁၁း၃ဝနာရီ။

One comment

  • kai

    March 23, 2012 at 2:26 pm

    ဟုတ်ပါတယ်..။
    ဘာပဲဖြစ်ဖြစ်… နောက်ဆုံးတော့.. အမေက.. အမေပါပဲ..။
    အင်း..
    ဒီစကားကို.. သားသမီးတွေဖက်ကလည်း . .ပြောလို့ရပါတယ်..။
    အမေဘာလုပ်လုပ်..ဘာဖြစ်ဖြစ်.. အမေကအမေမို့.. နားလည်ကြပါပေါ့လို့…။

Leave a Reply