ဖုန်းတစ်လုံးကိုင်ဖို့နယ်မှာတော်တော်ခက်ခဲနေခဲ့တာ အခုတော့ တန်ဖိုးနည်းဖုန်းတွေရောင်းနေတော့ ရဲခေါင်ဘတင့် ၀ယ်လိုက်တယ် ၀ယ်တယ်ဆိုတာလည်းအရစ်ကျစနစ်ကြောင့်ဝယ်နိုင်ခဲ့တာပဲ။

ဟမ်းစက်ကိုလေးသောင်းနဲ့ဝယ်လိုက်တယ်။ဖုန်းက နယ်မြို့မှာ ကြိုးဖုန်းတွေရှိတယ် ။အထွက်ကောက တစ်မိနစ်ကို ၂၅ကျပ်ပဲရှိတယ်။ ရဲခေါင်တို့ ဖုန်းက တစ်မိနစ်၅၀ကျပ်။စီဒီအမ်အေတွေလည်း တစ်မိနစ်၅၀ကျပ်။

အ၀င်ခေါ်ဆိုမူက အလကားပေါ့။

ဖုန်းလက်ထဲရောက်ကတည်းက တသသပေါ့။အိပ်လည်းအိပ်ရာထဲမှာထားရ၊အပြင်ထွက်လည်းခါးမှာချိတ်ရ၊မနက်လက်ဖက်ရည်ဆိုင်ထိုင်လည်း ဖုန်းကအဓိကယူသွားရတယ်။မိတ်ဆွေတွေကိုလည်း

ဖုန်းနံပတ်ပေးရ၊ဘာအလုပ်မှ မယ်မယ်ရရမရှိပေမယ့် လိပ်စာကဒ်လေးရိုက်ထားရတယ်။ဟန်ပါပါလေးဝေငှလိုက်၊ စကားစရှာရင်းပေးလိုက် ဖုန်းနံပတ်ပါတယ်လေ။ဖုန်းဆက်နော်လို့လည်း မမေ့မလျှော့ပြောရသေး။

တစ်နေ့တစ်နေ့ ကိုယ်က ဟိုခေါ်ဒီခေါ်ခေါ်ရတယ်။မျောက်အုံးသီးရသလိုမျိုး။

ဟဲလို အိအိခိုင်လား …ရဲခေါင်ဘတင့်ပါ။ အိမ်မဲမှာနေတယ်လေ….ဟောမေ့နေပြီလား တလောက ပုသိမ်ကားပေါ်မှာ ဖုန်းနံပတ်ပေးခဲ့တယ်လေ။အိုကေ ..ဖုန်းဆက်ပါ။

ဟဲလို…. ဦဖြူဖွေးလား ဆောင်းပါးကောင်းတယ်။ထပ်ရေးပါ။အားပေးနေမယ်

ဟဲလို…..ဒေါ်ဂွက်ထော်လား ၊ရွာသာယာကမလား ဦးပိတ်ရဲ့သားလေ..မှတ်မိလား ဒါကျွန်တော့်ဖုန်းလေ…နောက်ကိစ္စရှိဆက်နော်။

ဤသို့ ဤနှယ်ဆက်သွယ်မူများပြုပြီး သကာလ ရဲခေါင်ဘတင့် ဖုန်းပိုးဝင်နေခဲ့လေတော့သည်။ဖုန်းကဒ်ကလည်း ခဏပြီးခဏငွေသွင်းရ၊ ပိုက်ဆံကာဒ်ကလည်းကုန်လှချည်လားလို့ အဖိုးကညည်းတာကို ရဲခေါင်ဘတင့်ကမကြိုက်။သူကတော့ ဖုန်းဆက်ရတာ သဘောတွေ့နေသည်။

တီ..တီ..တီ …….။

ခါးကြားကဖုန်းသံမြည်လာတော့ ရဲခေါင်ဘတင့် လူပုံ လလယ်မှာ ဟန်ပါပါထုတ်လိုက်သည်။သို့သော်ဖုန်းလိုင်းက မရှိတော့ Miss Call မစ်ကော စာသားပေါ်နေသည်။ အင်္ဂလိပ်လိုကလည်း မတတ်တော့ ဘာရေးထား

မှန်းမသိ။အရေးကြီးတယ်ထင်ပြီးခေါ်တော့သည်။

ဟလို..ခုဏကျွန်တော်ဖုန်းကိုခေါ်တာဘယ်သူလဲဟင်…ဟုမေးတော့ ….ငါချောင်းဝပိုင်းက လှအေးပါ ဖုန်းစမ်းကြည့်တာပါ။အော်အေးဒါပဲလား……..။

ရဲခေါင်ဘတင့် မျက်နှာရှံ့မဲ့သွားပြီးဖုန်းကိုပြန်ထည့်လိုက်သည်။

တီတီတီ……..ဖုန်းသံမြည်လာသည်။ ရဲခေါင် ဖုန်းကိုထုတ်လိုက်ရပြန်သည်။ Miss Call မစ်ကောပဲ။အခုဟာက ကြိုးဖုန်းနံပတ်ပေါ်လာသည်။

ဟေ့ရဲခေါင်…ငါကြက်ဖတစ်ကောင်လောက်လိုချင်တယ် မင်းရောင်းမယ့်သူတွေ့ရင် ဖုန်းဆက်လိုက်။  မင်းနေကောင်းလား။ဟိုကောင်မလေးနဲ့ရော အဆင်ပြေလားကွ..အေးကွာ ဆက်ကြိုးစားကွ………..

………………………………………………………………………………………………………………………………။

လှအေးကရှေ့ဟောင်းနှောင်းဖြစ်တွေပြောနေသည်။တဆွေးတနွေးပြောသည်။ဖုန်းတောင်ပူလာသည်။အင်း ငွေကဒ်ကလည်းကုန်ခါနီးနေပြီ။ရဲခေါင်ဘတင့် ဖုန်းကိုစိတ်ပျက်လက်ပျက်ငုံ့ကြည့့််နေလိုက်မိသည်။

တီတီတီ…….ဖုန်းသံမြည်လာသည်။ ဟလို ရဲခေါင်ပါ ….။

အေးငါအေးကြည်မပါ အထက်ပိုင်းကလေ..နင့်ကိုငါပြောစရာစကားရှိတယ် ပြန်ခေါ်လိုက်နော်။

အော်အေးကြည်မ ..လူပုံက ဖုန်းလေးတကိုင်ကိုင်နဲ့ ငွေကုန်မှာလည်းစိုးသေးဟု ရဲခေါင်တီးတိုးရေရွတ်လိုက်မိသည်။ ဘာကိစ္စလည်းမသိရ၍မိမိဘက်ကခေါ်ရမည်လေ။မတော် ကိုယ်ကြိတ်ပိုးနေတဲ့ ရတနာအကြောင်းများပြောလေမလားဟူသောစိတ်ဖြင့်  ဖြေးညင်းစွာဖုန်းခလုတ်တွေကိုနိပ်မိသည်။

ဟလို ..အေးကြည်မလား ..နင်ဘာပြောစရာရှိလဲ။

ဒီလိုပါ ငါအကူညီတစ်ခုတောင်းမလို့ …နင်သူငယ်ချင်း တင်အောင်က ငါ့ကို ချစ်စကားပြောထားပြီး အခု ဟယ် မသိချင်ယောင်ဆောင်နေတယ် အဲ့ဒါ …….။ငါက မိန်းကလေးလေ…နင်သိတယ်မလား အသက်ထက် အရှက်က…….။

ရဲခေါင်ဖုန်းပိတ်လိုက်သည်။ သင်းကိစ္စတောင်ငွေကုန်မှာ နှမျှောနေတဲ့ကောင်မ လင်ထရူးမ  ဟု ရေရွတ်ဆဲလိုက်မိသည်။တီတီတီ…တီတီတီ…တီတီတီ……………။

မက်ဆေံဝင်လာပြန်ပြီ ။ဘိုလိုဘာတွေရေးထားသည်မသိ။  You call my phone .တဲ့။ ဖုန်းခေါ်ခိုင်းတာဖြစ်မယ်။နံပတ်က …ဟာ ရတနာဖုန်းနံပတ် ဟဲလို ရတနာလား…

´

လူကြီးမင်းရဲ့မြန်မာငွေလက်ကျန်မလုံလောက်တော့ပါသဖြင့်ခေါ်ဆို မရနိုင်ပါ

………………..။သေရော..သောက်ဖုန်း။

အော်လူတွေ ဖုန်းလေးတကိုင်ကိုင်နဲ့  အရီးမြတို့ကြတော့လည်း ဖုန်းကို ပြောစရာရှိမှ ဖွင့်တယ်။အချိန်ပြည့်ပိတ်ထားတယ် ပိုက်ဆံကုန်မှာစိုးလို့၊ ခင်မြင့်တို့ကြတော့လည်း ကိုယ်က ဘယ်တော့မှစမခေါ် အမေ

နေမကောင်းလို့ ဆေးရုံတင်ရမှာတောင် ညီမဆီ ဖုန်းဆက်မပြော စက်ဘီးနဲ့ သွားပြောတယ်။ကြိုးဖုန်းကိုင်သူတွေကျတော့လည်း တစ်မိနစ် ၂၅ကျပ်တောင်ကုန်မှာစိုးလို့ အရေးကြီးကိစ္စတွေရှိလည်း တဖက်လူ ဆက်တာစောင့်နေတယ်။ကဲ ဘယ်လိုလူတွေလဲဟုရဲခေါင်ဘတင့်တွေးမိလေတော့သည်။မိဂျမ်းစိန်ကြတော့လည်း ဖုန်းဆက်ဖို့ မက်ဆေံပို့ရတာနဲ့။ ဟော အေးကြည်မကလည်း မစ်ကောလုပ်ရတာနဲ့။

ငွေကဒ်ကုန်မှာစိုးရင် ဖုန်းမကိုင်နဲ့လို့အော်လိုက်ချင်တယ်။

ရဲခေါင်ဘတင့်လည်း  နေ့ခင်းဘက် တစ်နေကုန်အိပ်နေလိုက်သည်။ဖုန်းလည်းပိတ်ထားခဲ့သည်။ညဆယ့်တစ်နာရီထိုးတာနဲ့ ငေါက်ကနဲထပြီးဖုန်းခလုတ်နိပ်တော့သည်။

ဟလို……ကို စည်သူနဲပ စကားပြောချင်လို့ပါ။  ဟုတ်ကျွန်တော် ရဲခေါင်ဘတင့်ပါ  ဘာရယ်မဟုတ်ပါဘူး..အရေးမကြီးပါဘူး ဟို သင်္ဘောဘယ်နေ့တက်မှာလဲ သိချင်တာပါ..ဟုတ်ကဲ့ ..ဟုတ်ကဲ့

ဟလို……ကမ်းကြီးလား  အော်ကဗျာရေးသေးလားလို့ မတွေ့တာကြာပြီ စုံတောက်ကို ကဗျာတွေ့ပို့ပါ စာသမားပဲသည်းခံလိုက်ပါ…။

ဟဲလို ဆရာထက်လား  …ရဲခေါင်ဘတင့်ပါ ။

ဟေ့ကောင် ဒါအိပ်ချိန်ကွ ..ဘာတင့်ပဲဖြစ်ဖြစ်ဆေးကုမပေးဘူး ကျိုးလို့လား အဆစ်လွဲတာလား။

မဟုတ်ပါဘူး ရဲခေါင်ပါ   ရွာထဲရောက်သေးလား ဘာစာတွေ………

ဟေ့ကောင်လူလိုနားလည်နော်…ငါက ဆေးဆရာကွ  လူနာဆိုရင်ပြောမယ်… ဘာညာကိကွတွေလာမပြောနဲ့  မင်းငါသိတယ်…..မင်းစိတ်ရောဂါသည်ပဲ  ငါလာမယ် သည်းခြေဆေးရှိတယ်

မဟုတ်ရပါဘူးဆရာ………..။ကျွန်တော်ရဲခေါင်ပါ ဖုန်းကငွေကဒ်တွေကုန်လွန်းလို့ပါ ညမှ ဆက်ရင် တ၀က်ဈေးဆိုလို့………….။

ဟေ့ကောင်….ဘာတွေပြောနေတာလဲ ပိုက်ဆံကုန်မှာစိုးရင် ဖုန်းမကိုင်နဲ့ ကြာားလား အိပ်ရေးပျက်တယ် …ငါဆရာထက်ကွ ကမ္ဘာဖျက်သွားမယ် ..စနေသားနော်ဟင်း…ဟင်း ။

ရဲခေါင်ဘတင့်လည်း အနှီသို့ပြောခံရသောအခါ ဖုန်းချလိုက်ရလေတော့သည်။ထိုအချိန်တွင်ပင် မစ်ကော(Miss Call) ၀င်လာလေသောအခါ…………။

 

 

 

About htet way

has written 133 post in this Website..