ဇွန်လ ပထမပတ်ထုတ်ဝေတဲ့ သစ္စာဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာမောင်ဝံသရဲ့ နိုင်ငံရေးသမားဋီကာ ဆိုတဲ့ဆောင်းပါးလေးကို ဖတ်လိုက်ရတော့ ကျနော့်ခေါင်းထဲမှာ နိုင်ငံရေး သမားဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်သွားတော့တယ်။ ယခုကာလဟာ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပတော့မယ့်ကာလဆိုတော့ ဒီဆောင်းပါးဟာ စာဖတ်ပရိသတ်တွေ အတွက် အလွန်ကို အသုံးဝင်တဲ့၊ မှတ်သားဖွယ်ရာကောင်းတဲ့ ဆောင်းပါးလေးတပုဒ် ဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အတွက် ဂျာနယ်မှာ ရေးထားတဲ့စာတွေကို တကူးတက အချိန်ယူ ပြန်ရိုက်ပြီး တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

…………………………………………………………………………………………………………………

နိုင်ငံရေးသမားဋီကာ

မောင်ဝံသ

နိုင်ငံရေးသမား (Politician) နဲ့ နိုင်ငံပြုခေါင်းဆောင် (Statesman) ကို ခွဲခြားရှင်းပြတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ဖတ်ရှုလေ့လာကြပြီး နိုင်ငံရေးသမားတွေကို ကိုယ်ကျိုးရှာ သမားတွေလို့ ထင်မြင်ယူဆသူတွေ အတော်များနေတယ်ဗျ။ နိုင်ငံရေးဆောင်ရွက်သူ အားလုံးကို လွှမ်းခြုံပြီး နိုင်ငံရေးသမား (Politician) လို့ ခေါ်ဆိုပါတယ်။

နိုင်ငံရေးသမားတွေဟာလည်း ပုထုဇဉ်တွေဖြစ်လို့ လောဘ၊ ဒေါသ၊ မာန်မာနများ ရှိကြစမြဲ ဖြစ်ပါတယ်။ အနည်းအများတော့ ကွာခြားကြမှာပေါ့။ အဲဒီအပေါ် မူတည်ပြီး နိုင်ငံရေးသမားဆိုး၊ နိုင်ငံရေးသမားကောင်းရယ်လို့ ကွဲပြားလာကြတယ်။ ဆိုးတယ် ကောင်းတယ်ဆိုတာ သူတို့နဲ့ ဆက်ဆံနေရတဲ့ လူထုက အကဲဖြတ် သတ်မှတ်ကြတာပါ။ ကောင်းကျိုး၊ ဆိုးကျိုးဘယ်ဟာ လုပ်သလဲ။ အစိုးရအရာရှိတယောက်ဟာ သူ့အလုပ်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရင် အရာရှိကောင်း တယောက်လို့ ပြောနိုင်တယ်။ သူနဲ့ ဆက်ဆံရတဲ့ ပြည်သူတွေကို အကျပ်ကိုင်၊ ပညာပြပြီး လာဘ်လာဘရအောင်လုပ်ရင် အရာရှိဆိုးလို့ ပြောကြတယ်။ နိုင်ငံရေးသမားလည်း ထိုနည်း၎င်းပါပဲ။ ပြည်သူလူထုကို အလုပ်အကျွေးပြုရင် နိုင်ငံရေးသမားကောင်း၊ ပြည်သူလူထုကို အာဏာအလွဲသုံးပြီး ပြန်လည်နှိပ်စက်နေရင် နိုင်ငံရေးသမားဆိုးပါပဲ။ အရာရာကို ပြည်သူလူထု ကောင်းကျိုးလုပ်သလား၊ ဆိုးကျိုးလုပ်သလားနဲ့ပဲ တိုင်းတာရပါမယ်။

နိုင်ငံရေးသမားဆိုးဟူသည် သူလိုလူစားဖြစ်၏။
နိုင်ငံရေးသမားဆိုးဟူသည် သူလိုလူစားဖြစ်၏။

ပီတိကိုပဲ စားရမယ်

အစိုးရ၀န်ထမ်းနဲ့ နိုင်ငံရေးသမား ကွာခြားတာက အစိုးရ၀န်ထမ်းက သူ့ပညာနဲ့ ကျွမ်းကျင်မှု အားလျှော်စွာ လစာ၊ ငွေကြေးရရှိတယ်။ နိုင်ငံရေးသမားက လစာငွေကြေးမရဘူး။ စေတနာ့ ၀န်ထမ်းအလုပ်ဖြစ်တယ်။ သူ့ကို နိုင်ငံရေးလုပ်ရမယ်လို့ ဘယ်သူကမှ ခိုင်းတာမဟုတ်ပါ။ သဘောတရားအရပြောရရင် မိမိအလိုဆန္ဒအလျောက် အများအကျိုးကို ဆောင်ရွက်ချင်တဲ့စိတ် ထက်သန်လွန်းလို့ နိုင်ငံရေးလုပ်ကြတာ ဖြစ်တယ်။ နိုင်ငံရေးလုပ်ခြင်းဟာ မိမိကိုယ်ကိုမိမိ တာဝန်အပ်နှင်းပြီးလုပ်တဲ့ မစ်ရှင် (Mission) အလုပ် ဖြစ်တယ်။ ကုသိုလ်ဖြစ် အလုပ်ဖြစ်တယ်။ ဘာသာရေးစကားလုံးနဲ့ ပြောရင် သာသနာပြု အလုပ်မျိုး ဖြစ်တယ်။ ဒါဖြင့် နိုင်ငံရေးသမားဟာ နိုင်ငံရေးလုပ်လို့ ဘာရသလဲ။ ဘာမှ မရပါဘူး။ ဒါဖြင့် ဘာစားသလဲ။ ပီတိကိုပဲ စားရပါမယ်။ သူပါဝင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေး လုပ်ငန်းကြီးတစ်ခု အောင်မြင်သွားတာကိုကြည့်ပြီး တစိမ့်စိမ့်နဲ့ ပီတိဖြစ်နေမယ်။ အဲဒါ အရသာပဲပေါ့။ သူပါဝင်စွမ်းဆောင်ခဲ့တာကို အသိအမှတ်ပြုတဲ့အနေနဲ့ မော်ကွန်း တင်ခံရရင်လည်း ပီတိဖြစ်တာပါပဲ။ ရင်ဘတ်မှာ ဖဲဝါကြိုးလေး ချိတ်ဆွဲပေးတာခံရရင်ပဲ ပင်ပန်းနွမ်းနယ်ခဲ့သမျှ အနစ်နာခံခဲ့သမျှတွေအားလုံး ပြေပျောက်သွားတော့တာပေါ့။

တပည့်တွေကို ကြည့်ရ၊ ဆရာတွေကို ကျေးဇူးဆပ်ရ

နိုင်ငံရေးသမားတွေထဲမှာ ၀န်ကြီး၊ ၀န်ကလေး၊ အမတ်စသည်ဖြင့် နိုင်ငံရေး ရာထူးဌာနန္တရတွေ အသီးသီးရရှိသူတွေကတော့ လစာငွေကြေးတင်မက လုပ်ပိုင်ခွင့် အခွင့်အရေးတွေပါ ရကြတယ်။ လုပ်ပိုင်ခွင့်အာဏာတွေကနေ ငွေကြေးတွေ ဒလဟော ၀င်လာတယ်။ အဲဒီအခါ သူတို့ကို အဲဒီနေရာမျိုးရောက်အောင် ပခုံးနဲ့ထမ်းပြီး တွန်းတင်ပေးခဲ့တဲ့ တပည့်တပန်းတွေကို ပြန်ပြီး ကြည့်ရရှာတယ်။ တချိန်တည်းမှာ သူ့ကိုလာဘ်ရွှင်စေတဲ့ နေရာကောင်းပေးထားတဲ့ အထက်အရာရှိများကိုလည်း ကျေးဇူးတုန့်ပြန်ရတယ်။ ဒီလိုနဲ့ပဲ ရထားတဲ့လုပ်ပိုင်ခွင့် အာဏာလေးကို လက်မလွှတ်ချင်တော့ဘူး။ အာဏာတည်မြဲဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးတော့တယ်။ ဘယ်လောက်ဖြူစင်တဲ့ နိုင်ငံရေးသမားဖြစ်ပါစေ၊ အာဏာမှာ ယစ်မူးသွားတတ်တယ်။

နေရာနှင့် ခံယူချက် မတူသူ

နိုင်ငံရေးသမားတွေထဲမှာပဲ ရင့်ကျက်မှုရှိပြီး အမျှော်အမြင်ကြီးတဲ့ပုဂ္ဂိုလ်ကို Statesman လို့ ခေါ်ဝေါ်သုံးနှုန်းတယ်။ Statesman ဟာ နိုင်ငံရေးသမားပါပဲ။ သို့ပေမယ့် Politician နိုင်ငံရေးသမားဟာ အုပ်ချုပ်ရေးလုပ်ငန်းတွေ တာဝန်ယူလို့ရတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က ရွေးကောက်တင်မြှောက်ခံရဖို့ ဖြစ်တယ်။ လူသားရေးရာတွေဟာ သူ့အတွက် အရေးမကြီးဘူး။ ရာထူးနေရာရှိမှ သူ့သြဇာအာဏာကို လူတွေက လိုက်နာကြမယ်လို့ သိထားတယ်။ တိုင်းပြည်ကောင်းကျိုးလုပ်ဆောင်ဖို့ ပထမဆုံး အာဏာရအောင် လုပ်ရမယ်လို့ ခံယူထားတယ်။ Statesman နိုင်ငံရေးသမားတွေက လူသားရေးရာကို ပိုစိတ်ဝင်စားတယ်။ သူ့အတွက် နေရာဟာ အရေးမကြီးဘူး။ လူအများကောင်းကျိုးကို ဘယ်နေရာက လုပ်ရလုပ်ရ လုပ်မယ်လို့ ဆုံးဖြတ်ထားတယ်။ လူတွေကို ကူညီနိုင်သမျှ ကူညီတယ်။ Statesman နဲ့ Politician ကို ခွဲခြားပြီးပြောထားတဲ့ နာမည်ကျော် အဆိုအမိန့်တချို့ရှိတယ်။

“နိုင်ငံရေးသမားဟာ လာမယ့်ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်စားတယ်။ နိုင်ငံပြုခေါင်းဆောင်က လာမယ့် မျိုးဆက်အတွက် စိတ်ဝင်စားတယ်။”

ဒီအဆိုအမိန့်ကို အမေရိကန် နိုင်ငံရေးသမား၊ တရားဟောဆရာနဲ့ စာရေးဆရာ ဂျိမ်းဖရီးမန်းကလပ်က မိန့်ဆိုခဲ့တာပါ။ နိုင်ငံရေးလောကမှာတော့ အတော်လေး ပေါ်ပြူလာဖြစ်ပါတယ်။ အဲဒီအတိုင်းဆိုရင် နိုင်ငံရေးသမားဟာ မျက်တောင်မွှေးတဆုံးပဲ ကြည့်တတ်သူလို့ ယူဆရမလို ဖြစ်နေတာပေါ့။

အမေရိကန် သမ္မတကြီး အေဘရာဟမ်လင်ကွန်းကလည်း နိုင်ငံရေးသမားတွေနဲ့ ပက်သက်လို့ ထင်ရှားတဲ့ အဆိုအမိန့်တွေ မိန့်ဆိုခဲ့ပါတယ်။

“နိုင်ငံရေးသမားတယောက်အဖို့ ၀ါရင့်နိုင်ငံပြုခေါင်းဆောင် အမြန်ဆုံး ဖြစ်လာစေတဲ့ နည်းကတော့ ရွေးကောက်ပွဲမှာ ရှုံးဖူးခြင်းပါပဲ”

“သူ့နိုင်ငံရေးကို ခင်ဗျားလက်မခံနိုင်ရင် သူ့ကို နိုင်ငံရေးသမားလို့ ခေါ်တယ်။ အကယ်၍ လက်ခံနိုင်တယ်ဆိုရင် သူဟာ နိုင်ငံပြုခေါင်းဆောင်ပဲ”

“နိုင်ငံပြုခေါင်းဆောင်အစစ်ဆိုတာ စွန့်လွှတ်၊ စွန့်စားရဲသူကို ခေါ်တယ်”

ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်မည်

အထက်ဖော်ပြပါ အဆိုအမိန့်စာကိုးများအရ နိုင်ငံရေးသမားဆိုတာ နိုင်ငံတကာမှာလည်း လူအများရဲ့ ကိုးစားယုံကြည်ခြင်းကို သိပ်မရဘူးလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ နိုင်ငံပြုခေါင်းဆောင်အဆင့်ကို လူတိုင်းရောက်ဖို့ မလွယ်ပါဘူး။ မည်သို့ဆိုစေ အသက်ရှင်နေတဲ့အခိုက် တတ်နိုင်သမျှ အများအကျိုးကို သယ်ပိုးဆောင်ရွက်သွားကြရင်ဖြင့် နိုင်ငံရေးသမားများအပေါ် ပြည်သူ့မေတ္တာ ရောင်ပြန်ဟပ်လာမှာပါလို့ ပြောချင်ကြောင်းပါ ခင်ဗျာ။

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.