ပုဇွန်တောင်ချောင်းကို ဌာနပိုင်ရေယာဉ်များက မုန်တိုင်းရှောင်ရန် အသုံးမပြုတော့

klnJune 9, 20101min460

မုန်တိုင်းကာလအတွင်း မုန်တိုင်းရှောင်သောပုဂ္ဂလိက ရေယာဉ်များအဆင်ပြေစေရေးအတွက် ပြည်တွင်းရေကြောင်းဌာနပိုင်ရေယာဉ်များကို မုန်တိုင်းရှောင်ရန် ပုဇွန်တောင်ချောင်းအားသတ်မှတ်ဇုန်မှ ဖယ်ထုတ်လိုက်သည်ဟုသိရသည်။ “မုန်ုတိုင်းကာလမှာနီးရာပုဇွန်တောင်ချောင်းမှာကရေယာဉ်တွေစုပုံနေမှာ အဝင်အထွက်ကျပ်တည်းနိုင်တယ်။ ဒါကြောင့် အဆင်ပြေအောင် ဌာနကရေယာဉ်တွေကို အခြားနေရာတွေမှာပဲ မုန်တိုင်းရှောင်ဖို့ပြောင်းလဲသတ်မှတ်လိုက်တယ်” ဟုပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနမှ တာဝန်ရှိသူကပြောသည်။ မုန်တိုင်းရှောင်ရန်သတ်မှတ်ဇုန်ကို ယခင်ပုဇွန်တောင်ချောင်း၊ ကရင်ချောင်း( စာဖြူစု- တွံတေးတူးမြောင်းအနီး) ၊ဝါးတစ်ရာချောင်း(ထန်းတစ်ပင်) တို့အဖြစ်သတ်မှတ်ခဲ့ပြီးထိုမှ ပုဇွန်တောင်ချောင်းကိုပယ်ဖျက်၍ ကျန်နှစ်နေရာတွင်သာ ဌာနမှ ရေယာဉ်များကို မုန်တိုင်းရှောင်စေမည်ဖြစ်သည်။ ထိုနေရာဒေသများသို့ မုန်တိုင်းရှောင်ရန်သွားရောက်ရမည့် ရေယာဉ်များတွင် လိုအပ်မည့် လောင်စာဆီများအတွက်လည်း ယခုအချိန်တွင် အပိုဆီအဖြစ်ရေယာဉ်တိုင်းတွင်တင်ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။