(ကိုချောသို့တောင်းပန်ခြင်း)- “သနပ်ခါးလေးမှ ဆင့်ပွား၍ ပြန်ဆိုတေးများကိုသတိရမိခြင်း……………………..”

           “သနပ်ခါးလေးမှ ဆင့်ပွား၍ ပြန်ဆိုတေးများကိုသတိရမိခြင်း……………………..”

(ကိုချောသို့တောင်းပန်ခြင်း)

မခိုင်နဲ့ချက်တင်မှာစကားပြောတော့ သူသနပ်ခါးပိုစ်လေးရေးထားတာသိလိုက်ရပါတယ်။

သူနဲ့ပြောရင်း တစ်ပါတ်လောက် ဓါတ်ပုံရော ပို့စ်ရော မန်းတာရောနားအုံးမယ်လို့ပြောလိိုက်ပါတယ်။

မခိုင်ပိုစ်ကိုဖတ်ပြီး မမန်းတော့ဘူး လက်မတစ်ချောင်းထောင်ခဲ့တယ်ဆို သတင်းပေးလိုက်ပါတယ်။

တကယ်လည်းကောင်းလို့ပါ။

နေ့လည်ပိုင်းအားတော့ ကော်မင်းတွေဖတ်ကြည့်တော့ ကိုချောရဲ့

(ဗဒင်လိုလူကြီးက သနပ်ခါးလိမ်းတဲ့ ကောင်မလေးတစ်ယောက်အကြောင်းရေးပြီး
ဂျေညီညီလိုလူကြီးက မုဒ် အပြည့်နဲ့ဆိုခဲ့တာ အာဇာနည် ကောင်းတယ်ဆိုတာ အလကားပါဗျာ။)

ဒီကော်မင်းလေးကို ဖတ်မိလိုက်တော့  သီချင်းတွေပြန်ဆိုတဲ့အကြောင်းက ရင်ထဲကိုရောက်လာပါတယ်။

အစကတော့ ဒီစာပိုဒ်လေးနဲ့သက်ဆိုင်တဲ့ ဂျေညီညီ့ အကြောင်းတင်ကူးတင်ဘို့ပါဘဲ။

နောက်တော့ စိတ်ကူးပေါက်လာတာရယ် ကိုယ်ရေးထားတာကိုကြော်ငြာဝင်ချင်တာရယ်ကြောင့်

“နားစည်ကိုထွင်း……………….”တစ်ပုဒ်လုံးကို ကော်ပီကူးတင်ပေးလိုက်ပါတယ်။

ကျနော်ရည်ရွယ်ချက်လဲအောင်မြင်ပါတယ်။

ဒီသီချင်းကို စိတ်ဝင်စားသူက ဘိုဘိုဟန်ုအကြောင်းမေးလာတော့ နောက်တပုဒ်တောင်ဆက်တင်ပေးလိုက်ရပါသေးတယ်။

ကိုပေါက်ကို လူသိပ်မသိခင် က ရေးထားဘူး တဲ့ ဒီလိုအဟောင်းအမြင်းလေးတွေကိုလဲ

ဖတ်စေချင်တဲ့စိတ်ကလေးကလဲရာနုန်းပြည့်ရှိတော့ ကိုယ်ကို ကိုယ် မတ်ကက်တင်းဆင်းရင်း

ဇွတ်ကြော်ငြာဝင်ရသပေါ့။

စကားအတင်းစပ်ပြီးပြောရရင် ကိုချော စိတ်ထဲမှာရှိနေသလို သီချင်းထုတ်လုပ်တဲ့ခုနှစ်

မှားတာက ပြဿနာအကြီးကြီးမဟုတ်ဘူးလို့ထင်ပါတယ်။

တကယ်လို့သာ သီချင်းထွက်တဲ့နှစ်လွဲနေတာကို ဦးတည်ပြောချင်ရင်

ဘယ်နေ့ဘယ်ရက်က ထွက်ထားတယ်ဆိုတာကို အဲဒီဂျေညီညီခွေဖြန့်တဲ့ဆိုင်လှမ်းမေးပြီး

ဘယ်နေ့ ကထွက်တာပါဆိုတာ အတိအကျတင်ပေးလိုက်မှာပေါ့။

ကျနော်အဲဒီတုံးကတည်းကပြောပြချင်တဲ့သိစေချင်တဲ့အကြောင်းအရာသည်

ဂျေညီညီ အရှိန်အဟုန်နဲ့အောင်မြင်စပြုနေချိန် သူ့သီချင်းခွေထွက်တဲ့ရက်မှာ

35ကျပ်75ကျပ်တန်ငွေစက္ကူတွေ တရားမဝင်ဘူးလို့ကြေငြာလိုက်တဲ့ရက်နဲ့တိုက်ဆိုင်သွား

လူတွေအားလုံးစိတ်ထဲမှ ဝမ်းနည်းပက်လက်ဖြစ် စီးပွားရေးတွေ နှောင့်နှေးကုန်တော့ ဘာမှ

စိတ်မဝင်စား။

မကြာခင်မှာ တစ်တိုင်းတစ်ပြည်လုံးအုံကြွလို့ အပြောင်းအလဲဖြစ်ခဲ့ပါတယ်။

“နားစည်ကိုထွင်းဆိုတဲ့သီချင်းအကြောင်းရေးနေချိန်က အခုလိုလွတ်လပ်စွာရေးခွင့်မရှိသေးတဲ့အတွက်

အခုလိုခပ်ပါးပါးလေးဘဲပုံဖော်ခဲ့ရပါတယ်။

(တစ်ဆက်ထဲပြောရရင် သူ့အကိုဖြစ်သူ ဂျေညီညီကလဲ အချစ်မိုးတို့ စွဲနေပြီတို့နဲ့အောင်မြင်လာချိန်မှာ
လူပျိုကြီးဘဲလုပ်တော့မယ်ဆိုတဲ့ ဂျွန်သင်ဇမ်းရဲ့သီချင်းလေးကို ပြန်ဆိုလိုက်ရာမှာ အောင်မြင်လို့ပိုလူသိများလာပါတယ်။
မှတ်မှတ်ရရ ဂျေညီညီအောင်မြင်နေတုန်းသူ့ဆီးရီးစ်တစ်ခု(တတိယဆီးရီးစ်ဖြစ်မယ်ထင်ပါတယ်) ဖြန့်တဲ့နေ့ဟာ မြန်မာပြည်ကို အလှည့်အပြောင်းဖြစ်စေဘို့အစပြုတဲ့အမှတ်တရ “စနေနေ့”နဲ့တိုက်ဆိုင်လို့ ဖြန့်ရင်းတန်းလန်းနဲ့ရပ်လိုက်ရတာနဲ့ အတူ
သူ့ကံဇာတာလဲ ခဏလေးနဲ့ မှေးမှိန်သွားတယ်လို့ပြောနိုင်ပါတယ်။
မှတ်မှတ်ရရ ခုနှစ်ကတော့ 1988 ပါ)လို့ရေးခဲ့ပါတယ်။
တကယ်ပြောချင်တာက အောင်မြင်သင့်တဲ့လူတစ်ယောက်နိုင်ငံရေးအပြောင်းအလဲအောက်မှာ

နစ်မြုတ်သွားခဲ့ရတယ်ဆိုတာကိုပါ။

အနုပညာသည်တစ်ယောက်အောင်မြင်ဘို့ဆိုတာ တိုင်းပြည် ငြိမ်းချမ်းမူ့သာယာဝပြောမူ့နဲ့လဲ

ပါတ်သက်တာကို ထောက်ပြချင်တာပါ။

 

ဒီပြန်ဆိုသီချင်းအကြောင်းကို ပြန်ပြောရမယ်ဆိုရင် ကျနော် မိတ်ဆွေကြီး

ကွယ်လွန်သူ မန္တလေးကိုနေဝင်း ကိုချန်ထားလို့တော့ မဖြစ်နို်င်ပါဘူး။

ပြန်ဆိုတေးများ ထုတ်လုပ်ခဲ့သူ ပွဲကန်ထရိုက် မန္တလေးကိုနေဝင်း လို့ဆိုလိုက်တာနဲ့

အဆိုတော် တော်တော်များများ အထူးသဖြင့် ကိုနေဝင်းနဲ့ အတွဲများခဲ့တဲ့ ပလေးဘွိုင်သန်းနို်င်တို့ ခင်မောင်ထူးတို့ဂျော်နီ တို့ ဂျေမောင်မောင်တို့ က သူ့ကို သတိရမှာအမှန်ပါဘဲ။

မန္တလေးကိုနေဝင်းနဲ့ကျနော်မိတ်ဆွေဖြစ်ခဲ့တဲ့အချိန် မှာ သူ့စိတ်ဝင်စားတဲ့သီချင်းဟောင်းတွေ

ပြန်ဆိုတဲ့အလုပ်ကို ကျနော်က အတော်လေးကူညီပြီးလုပ်ကိုင်ပေးခဲ့ဘူးပါတယ်။

ကျနော်ကလဲ သီချင်းတော်တော်များများကို သိနေသူ အဲတော့ သူသီချင်းတစ်ခွေထုတ်မယ်ဆိုရင်

ဘယ်သီချင်းထည့် ဘယ်သူကို ဆိုခိုင်း ဆိုပြီး သီချင်းရွေးပေးတဲ့ “တေးရွေးဆရာ”ဘဝကိုအလိုုလို

ရောက်ခဲ့ရပါတယ်။

ဒါတွေကလောကမှ မထူးဆန်းတဲ့အကြောင်းတွေပါ။

အဓိကပြောချင်တာက ပထမဆုံး စဆိုတဲ့အချိန်မှာ လူသိပ်မသိ နာမယ်မကြီးခဲ့ပေးမယ့်

နောက်လူပြန်ဆိုချိန်မှာ မှ လူအားလုံးသိခဲ့တဲ့ သီချင်းတွေအများကြီးရှိပါတယ်။

ကျနော်ကိုယ်တို်င်လဲ သီချင်းဟောင်းပြန်ဆိုရင် မူရင်းလောက်ဘယ်တော့မှ မကောင်းနိုင်ဘူးလို့

ထင်ခဲ့မိပါတယ်။

ဒါပေမယ့် ကျနော်ဆရာပြောသလို သီချင်းဟောင်းကိုနောက်လူပြန်ဆိုတော့

ကောင်းရဲ့သားနဲ့ တိမ်မြုတ်ပျောက်ကွယ်နေတဲ့သီချင်းလေးတွေပြန်ခေတ်စားလာမယ်။

တေးရေးဆရာလဲ ဂုဏ်တက် ဝင်ငွေလဲ ရလာမယ်လို့ ပြောခဲ့သင်ပေးခဲ့ဘူးပါတယ်။

ကဲ နောက်လူပြန်ဆိုမှ ပိုပြီးလူသိလာတဲ့သီချင်းလေးတွေ

ကောင်းပါရဲ့နဲ့ မေ့မေ့ပျောက်ပျောက်ဖြစ်နေရာကနေရာကနေ ပြန်လည်လို့လူတွေကြားထဲမှာ

ပြန်လည်ခေတ်စားလာတဲ့သီချင်းလေးအချို့ကို ဥပမာအနေနဲ့တင်ပြချင်ပါတယ်။

 

 

စဉ်      သီချင်းအမည်                                          ပြန်ဆိုသူ         မူရင်းဆိုသူ

(1)      မြိုင်နန်းစံပန်းတစ်ပွင့်                                  ဖိုးချို              ဂျေမောင်မောင်

(2)      အတောင်ပန်ပါရင်မင်းဆီကို                           ရင်ဂို              ဇော်မျိုးထွဋ်(အင်ပါယာ)

(3)      ပန်းခရမ်းပြာ                                            ခင်ဝမ်း           အောင်နိုင်

(4)      နဒီမင်္ဂလာ                                               ခင်ဝမ်း           ရာပြည့်

(5)      အဆိပ်ရည်အပြည့်နဲ့ပုံး                                 ဘိုဘိုဟန်        ကိုနေဝင်း

(6)      အားလုံးကိုကျော်ဖြတ်ရမယ်                          ဘိုဘိုဟန်        ကိုနေဝင်း

(7)      တစ်နေ့တစ်ယောက်တစ်ရက်တစ်မျက်နှာ ဟန်တင် ခိုင်ထူး ကိုနေဝင်း

(8)      မချစ်ရင်မနေနိုင်တာကလွဲလို့                         ထွန်းအိန္ဒြာဘို    အင်္ဂလန်စိန်

(9)      စိတြအတွေး                                           ခင်မောင်တိုး     ကိုအောင်(29လမ်း)

(10)    ဂန္ထဝင်ဆည်းဆာ                                                 အာဇာနည်       စိုးလွင်လွင်

(11)     ကော်ဖီသောက်တိုင်းလွမ်းတယ်                     ဇော်ဝင်းရှိန်      ဂျော်နီ(ချာတိတ်)

(12)    ရောဂါ                                                  အိုင်စီအဖွဲ့        စောဘွဲ့မှူး

(13)    အိပ်မက်မက်တယ်                                    နွဲ့ယဉ်ဝင်း        ပက်ထရစ်

(14)    ခေါင်းလောင်းလေးတွေမြည်နေပြီ                    ထူးအိမ်သင်     အောင်ကိုလတ်

(15)    လာမယ့်နှစ်မှာရီးစားထားမယ်                        ထွန်းအိန္ဒြာဘို    မြသီတာ

(16)    ငါ့ကိုမမေ့ပါနဲ့                                           ထွန်းအိန္ဒြာဘို    မြသီတာ

ဒီသီချင်းလေးတွေကတော့ အခု တထိုင်ထဲတွေးလိုက်တော့ စိတ်ထဲမှာ  မှတ်မိနေသလောက်လေးတွေပါ။

(နံမယ်မှားပြောမိရင်လဲ ဝိုင်းပြင်ပေးကြပါဗျာ စိတ်နဲ့မှတ်ထားတာကိုပြန်ရေးပြလို့ပါ)

အဲတော်ကျနော်ပြောချင်တာက ပြန်ဆိုလို့ လူသိများသွားတဲ့သီချင်းလေးတွေရှိနေပါတယ်။

နောက်လူဆိုမှ ပိုလူသိသွားတာကလဲ အခြေအနေအချိန်အခါတိုက်ဆိုင်သွားတာလဲပါ ပါမယ်။

အဲ မကောင်းဘဲနဲ့တော့ လူမကြိုက်ပါဘူး ကောင်းလို့သာကြိုက်တာပါ။

 

အချုပ်အနေနဲ့ပြောရရင် ကိုချောရေ

ကျနော်စိတ်ထဲမှာ ဂျေညီညီ သီချင်းထွက်တာ 1985လား 1987လား 1988လားဆိုတာကို

ကျနော်စိတ်ထဲမှာမရှိပါဘူး။

ကျနော်မှားပြောရင်လဲ ကျနော်အမှတ်မှားသွားတယ်ဆိုတာဝန်ခံလိုက်ရုံပါဘဲ။

ဒါက အမူ့ကြီးမဟုတ်သလို ပြဿနာလဲမကြီးပါဘူး။

ဂျေညီညီဆီဖုန်းဆက်လဲမေးဘို့ ကျနော်အတွက်တော့မလိုပါဘူး။

သူ့ကို ကျနော်ဖုန်းနံပါတ်ကိုပေးချင်ရင်ပေးလိုက်လဲရပါတယ်။

ကျနော်မှားပြောမိတယ်ဆိုတာကို ဝန်ခံလိုက်မှာပေါ့။

 

ဂျေညီညီကိုလဲ မသိပါဘူး။

ဂျေမောင်မောင်ကတော့ သိမယ်။

ဒါပေမယ့် ကိုပေါက် ကိုသိမှာမဟုတ်ဘူး။

လူမြင်မှ အော် ပေါက်ကရတွေရေးတဲ့ ကိုပေါက်(မန္တလေး)ဆိုတာ ခင်ဗျားလား ဆိုတာလောက်ဘဲရှိမှာပါ။

ကျနော်စိတ်ဝင်စားတာက နောက်လူဆိုလိုက်မှ နာမယ်ကြီးသွားတဲ့သီချင်းလေးတွေရဲ့

ရာဇဝင်ကို ဘဲစိတ်ဝင်စားလို့ မန်းလိုက်တာပါ။.

ကိုချောစိတ်ထဲအနှောင့်အယှက်ဖြစ်သွားရင်တော့ ဆောရီးပါ။

တကယ်လို့သာ ဒီခုနှစ်လွဲတာလေးလောက်ပြောချင်ရင် ခင်ဗျားဆီဖုန်းဆက်လို်က် စာပို့လိုက်မှာပေါ့ဗျာ။

တစ်ခုတော့ ပြောချင်ပါရဲ့ ကိုပေါက် က ဆရာမဟုတ်ပါဘူး.။

စာရေးတာ ဓါတ်ပုံရိုက်တာ အားလုံးဝါသနာရှင်အဆင့်ပါဘဲ။

ပရိုအဆင့်ဆရာအဆင့်ရောက်ဘို့ စိတ်ထဲလဲမရှိပါ။

ရောက်အောင်ကြိုးစားဘို့လဲအစီအစဉ်မရှိပါ။

အေးဆေးပါ ကိုချောရေ

ဘာမှ မဟုတ်တဲ့ကိစ္စ ပေါက်စနလေးပါဗျာ။

ဒါပေမယ့်ထပ်တောင်းပန်ပါတယ် ကိုချောရေ

ဆောရီး X တစ်သိန်းပါ။

 

ကိုပေါက်ရဲ့ ဖြေရှင်းချက် ပါးပါးလေး

(19-3-2012)

 

 

26 comments

  • Khin Latt

    March 19, 2012 at 5:22 pm

    ကိုပေါက်
    ဝင်ပြီး ဖွ လိုက် ဦးမယ်။ အဟိ … 😉
    သိခဲ့ဘူးတာက မြိုင်နန်းစံပန်းတစ်ပွင့် ရဲ့ တေးရေး သူရော မူရင်း ဆိုသူပါ “ဆလိုင်းသွအောင်” လို့ မှတ်မိထားပါသည်။
    အဲဒီ သီချင်း က အကျွန်ုပ် ရဲ့ ဖေးဘရိတ် သီချင်း ဖြစ်ခဲ့ဘူးလို့ပါ။ ဖြစ်နေဆဲပါဘဲ။
    ဘယ်တော့မှ လဲ နားထောင်လို့ မရိုးနိုင်ပါ။
    မှားရင်လဲ ခွေးမလွှတ် ဘဲ ကြောင်သာလွှတ် လိုက် ပါတော့။ 😉
    ထိုထို သော ဗဟုသုတများနှင့် မျှဝေခြင်း များ အတွက် သီချင်းကြိုက် သူ ကိုလတ် မှ ကျေးဇူးအကြီးကြီး တင်ပါတယ် ဗျား။ 🙂

    ခင်မင်စွာဖြင့်
    ကိုလတ်

  • Ma Ei

    March 19, 2012 at 5:27 pm

    ပန်းခရမ်းပြာ နဲ့ နဒီမင်္ဂလာ ကို ခင်ဝမ်း လို့ဘဲသိထားတာ
    ( အောင်နိုင် ၊ ရာပြည့် ) လို့ ပြင်မှတ် လိုက်မယ်နော်…
    ကျေးဇူးပါ…

  • blackchaw

    March 19, 2012 at 5:29 pm

    ကိုပေါက်ရေ။
    အားလုံးအေးဆေးပါ ခင်ဗျာ။
    ကျွန်တော့် မရင့်ကျက်မှု ကြောင့် ဖြစ်သွားတယ်လို့ မှတ်ယူပါတယ်။
    ဒီပို့စ်ကို တတ်နိုင်ရင် ဖျက်ပစ်လိုက်ပေးပါခင်ဗျာ။
    ကိုပေါက်လို လူတစ်ယောက်အနေနဲ့
    ကျွန်တော်လို လူတစ်ယောက်ကို တောင်းပန်နေစရာမလိုပါဘူးခင်ဗျာ။
    အားလုံးအေးအေးဆေးဆေးပါ။
    ကျွန်တော့်ဘက်က စိတ်မကောင်းဖြစ်မိခဲ့တယ်ဆိုရင်လည်း
    ရင့်ကျက်မှုနည်းလို့ စိတ်သဘောထားသေးလို့လို့ ပဲ မှတ်ပေးပါ။
    အရွယ်ရှိသလောက်
    ရင့်ကျက်မှုမရှိသေးတဲ့အတွက်လည်း
    အားလုံးကိုတောင်းပန်ပါတယ်။

  • ဆူး

    March 19, 2012 at 5:37 pm

    ဒီပိုစ်ကို ဖတ်မှပဲ လေးပေါက် သီချင်း နဲ့ တော်တော် နီးစပ်တာပဲ.. ဆူး ဆိုရင် သီချင်းဆို တစ်ယောက်တည်း ရှိတဲ့ အချိန် ဖွင့်တတ်တဲ့ အလေ့ မရှိဘူး။
    သီချင်းနားထောင်တာ ဝါသနာ မပါတော့ သီချင်းဆိုတဲ့ အဆိုတော် ဆိုတာ သိပ်နာမည် ကြိးလွန်းမှ သိတာ များတယ်။
    အဟမ်း.. ဆူး သိတဲ အဆိုတော်ဆို နာမည်ကြီးပြီလို့သာ မှတ်..
    လေးပေါက် ကိုလည်း ဆူး သိတယ်။ 😛

  • Khin Latt

    March 19, 2012 at 5:38 pm

    ဘာဖြစ်လဲ ကိုဘချော ရယ်။
    ဒီအတိုင်းထားပါ။
    ဒီလို ကိုယ့်အမြင် သူ့အမြင် ငြင်းကြမှ အမှန်တွေ့ မှာမဟုတ်လား။
    တနည်း အဲလို ငြင်းခုန် ပြီး ရင် ပိုပြီး စိတ်ဓာတ်ချင်း နီးပြီး ပိုပြီး ချစ်ခင်ကြသတဲ့။
    ကိုဘချော နဲ့ ကိုပေါက် ပိုပြီး ရင်းနှီးသွားပြီ မဟုတ်လား။ 🙂
    မနာလိုဘူး ဗျို့။ 😉
    ကျုပ်လဲ ဘယ်သူ့ အမြီး ဆွဲရမလဲ ကြည့်လိုက်ဦးမယ်။ 😆

  • ဖားသက်ပြင်း

    March 19, 2012 at 5:41 pm

    Min ko chit lo dominic and lay phyu

    Pyan lar par tot jack mya thaung and lay phyu

    Lwan thu eain mat htoo eain thin and lay phyu…

    I think [thar gaung] album is the most successful cover version songs album

    Redards,
    Die-hard frog

  • ဆလိုင်းသွအောင်အရင် ဂျေမောင်မောင်တာကို နားထောင်ခဲ့ဘူးပါတယ်။

    သုညဒဿမသုညမေတ္တာစီးရီးမှာပါ။
    အဲဒီတုန်းက ကာဗာကဒ်မပေါ်သေးပါဘူး။
    နောက် မန်းလေးတက္ကသိုလ်ထဲမှာ ဆလိုင်းသွအောင်သီချ်င်းတွေ ကျောင်းသားထုကြားမှာပျံ့နှံနေတဲ့အချိန်
    တွေအများကြီးလဲရှိခဲ့ဘူးပါတယ်။
    အဲဒီတုံးက အတော်ကိုစောသလို ဂျေမောင်မောင်လဲ နာမယ်မကြီးသေးခင်အချိန်ကပါ
    နောက်မှ ဆလိုင်းသွအောင်နဲ့ဂျွန်သင်ဇမ်းက တောင်ဇလပ်ပင်အောက်က ချစ်သူဆိုပြီးခွေထွက်လာတာပါ.
    သူတို့က သူငယ်ချင်းတွေ ဖြစ်မယ်လို့ ထင်ပါတယ်။
    ဒါပေမယ် ကျနော့်လဲ အမှတ်မှားချင်ရင်မှားနိုင်ပါတယ် ။
    ကျနော်ကျောင်းသားဘဝ 1973-74ခုနှစ်စွန်းစွန်းလောက်က အဖြစ်တွေကိုးဗျာ။.

    • Khin Latt

      March 19, 2012 at 8:32 pm

      ဖြစ်နိုင်ပါတယ် ကိုပေါက်ရယ်။
      ၁၉၇၃ ကတော့ သီချင်းတွေ နားထောင် ခံစားဖို့ အချိန် မရောက်သေး။ ဆော့ ကောင်းတုန်းရှိသေးတယ်။ 😀
      ဒါပေမဲ့ တေးရေး ကတော့ ဆလိုင်းသွအောင် အမှန်ပါဘဲ။

  • နတ်ဆိုးလေး

    March 19, 2012 at 7:18 pm

    အနော်တို့ကတော့ မမှီတော့ မသိတော့ဘူးဗျာ ဒါကြောင့်ဘာမှပြောတော့ဝူးနော်…အားလုံးကို လေးစားပါတယ်။ နတ်ဆိုးလေး

  • ရွှေဘိုသား

    March 19, 2012 at 7:31 pm

    ကျနော်လည်း မှီသလောက်ပြောရအုံးမယ် အာဇာနည်ပြန်ဆိုထားတဲ့
    ဦးဗဒင် ရဲ နေရာ၂ သီချင်းလည်း အာကြီးပြန်ဆိုမှ ပိုကောင်းလာတယ်လို့ထင်ပါတယ်
    နောက် သနပ်ခါး ရောပေါ့ဗျာ ကျနော်ဒါတော့ ဒါပဲမှီတယ်ဗျာ သားစိုးတို့လို မဟုတ်ဘူးဗျ ပိုကောင်းအောင်ဆိုနိုင်တယ်လို့ထင်တယ် ကျနော် ခေတ်လူငယ်မို့ အရင်လူကြီးတွေဆိုတာကို မကြိုက်တာတော့မဟုတ်ပါဘူး အခုတောင် ဦးဇော်ဝမ်း သင်္ကြန်သီချင်းတွေနားထောင်ရင်းပါ

  • water-melon

    March 19, 2012 at 7:41 pm

    ဘဘဦးချောကိုလည်း
    ကျွန်တော်ဖရဲ ဒီကနေတောင်းပန်ပါတယ်ဗျာ
    ကျွန်တော်က အပျော်သဘောအနေနဲ့ပြောတာပါ ဦးချော
    စိတ်ထဲကမပါပါဘူးခင်ဗျာ
    စိတ်မကောင်းမဖြစ်ပါနဲ့
    ရန်ကုန်လာရင် မုန့်အများကြီးဝယ်ကျွေးနော်
    ဦးချော တူမက ချောတယ်ဆို :mrgreen: ( စတာ)
    ခင်တဲ့ မဖရဲ

  • MaMa

    March 19, 2012 at 7:58 pm

    ကိုပေါက်က တောင်းပန်တယ်။
    ကိုချောက ကျေအေးပြီးသား ဖြစ်နေတယ်လို့ သိလိုက်ရတယ်။
    တိုက်ဆိုင်တုန်း ပြောပြရမယ်ဆိုရင်…
    ဆရာတော် အရှင်ဆေကိန္ဒ ဟောတဲ့ တရားတစ်ပုဒ်မှာ
    မိသားစု စိတ်ဓာတ်ဆိုတာကို ဝေယျာဝစ္စလုပ်သူတွေအကြားမှာ ရှင်သန်အောင် ဟောပြောပေးတော့.
    တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းမတိုက်ဆိုင်ရင် စိတ်ဆိုးပါ၊ ရန်ဖြစ်ပါ။
    သို့သော် ပြန်ခေါ်ပါတဲ့။ 🙂

  • mm co

    March 19, 2012 at 9:55 pm

    အဆိုတော်တွေအကြောင်းနဲ့ ရုပ်ရှင် မင်းသားမင်းသမီးတွေ အကြောင်း ပိုစ့်တွေ ကို ကျမဂေဇတ်ကို စဝင် ကာစတုန်းကဖတ်ရတော့ ရေးတဲ့သူကို မီဒီယာလောက က ပရော်ဖက်ရှင်နယ် တယောက်လို့ထင်မိသေးတယ်။ နောက်ပိုင်း ဂေဇတ်နဲ့ရင်းနှီး လာတော့မှ လေးပေါက်က ရဲ့လက်ရာတွေမှန်းသိလာတာ။ လေးစားပါတယ် လေးပေါက်။

  • “နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲမှာလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော
    (အပိုင်း11)(စွန့်ခွာသွားတဲ့ ကိုယ်ပိုင်သံစဉ်အလွမ်း)”

    ဂီတလောက ကိုဝင်လာကြတယ်ဆိုရင် ကိုယ်သုံးမယ့်နာမယ်ကို လှအောင်ဆန်းအောင် ခေါ်ကောင်းအောင် ပေးလေ့ရှိကြပါတယ်။
    လူစိတ်ဝင်စားအောင်ဖြစ်စေ ကိုယ်ကိုးကွယ်ဆည်းကပ်တဲ့ဆရာတော်ပေးတဲ့နာမယ်ဒါမှမဟုတ်ရင်လဲ နာမယ်ကြီးဗေဒင်ဆရာပေးတဲ့နာမယ်တွေကိုသုံးတတ်ကြပါတယ်။
    ဒီအထဲကနေ ရိုးရိုးလေး နဲ့ဖောက်ထွက်လာတဲ့သူကတော့ (ဖိုးချို)ပါ။
    ပိုင်စိုးမူ့ဧကရီတမ်းချင်း ဆိုတဲ့သီချင်းခွေလေးထဲက
    (ဆူးများတဲ့ပန်း။အဆောင်သူရဲ။အလွမ်းညဟေမာန်။ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ။လွမ်းသင့်ဝေသီ)စတာတွေနဲ့လူငယ်တွေကြား၊
    အထူးသဖြင့်တက္ကသိုလ်ကျောင်းသားတွေကြားမှာ အရမ်းကိုခေတ်စားလို့သွားပါတယ်။
    နောက်သူပြန်လည်ဖော်ထုတ်သီဆိုလိုက်တဲ့အတွက် ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ရဲ့
    မြိုင်နန်းစံပန်းတစ်ပွင့် (အရင်က ဂျေမောင်မောင်ဆိုဘူးတယ် လူသိပ်မသိခင်ကပေါ့)၊
    ဝေးလွင့်ခြင်းနောက်ဆုံးခြေရာ)တွေက ပိုအောင်မြင်သွားပါတယ်။
    သူကလဲသူ့ထွက်တဲ့ဆီးရီးစ်တိုင်းမှာ သူတို့သီချင်းတွေပါအောင်ထည့်ဆိုတတ်ပါတယ်။
    (ညိုှ့မျက်ဝန်း။ပြန်လည်တမ်းတခြင်း၊ကဗျာမျက်နှာ။ပြန်မြင်စေချင်တယ်။ချစ်သူကို။ချစ်သူ့ရင်ခွင်၊အချစ်သိုးသိုး၊မာလာဆောင်နွေရက်ရှည်၊အိပ်ဖန်စောင့်၊မပန်းရယ်မငိုနဲ့၊အိပ်ဖန်စောင့် ၊စံတော်ချိန်အမှီပြောင်းလဲခြင်း၊)တွေကတော့
    ပြောစရာမလိုအောင်ကောင်းတဲ့သီချင်း။
    သူ့ထဲမှာ ထူးခြားတဲ့သီချင်းကတော့ (တပင်ထဲရင်ထဲကနွယ်)ပါ။
    လူမောင်(ဆေး-1)ရေးတဲ့သီချင်းပါ။
    ဖိုးချိုကတော့ငယ်ငယ်ရွယ်ရွယ်နဲ့သူချစ်သော သူ့ကိုချစ်ကြသောဂီတလောက ကိုစွန့်ခွာသွားပါပြီ။
    သူမသေခင်မှာ သူ့သီချင်းတွေကို ပြန်လည်ဆန်းသစ်ရာမှာ အသံလေးမမှီတမှီနဲ့ကြိုးစားဆိုသွားတာကို
    နားထောင်ရတဲ့ ဖိုးချိုပရိတ်သတ်တိုင်းလွမ်းကျန်ရင်အောင်ချန်ထားခဲ့သလိုပါဘဲနော်။
    မြန်မာ့ဂီတလောက အကြောင်းပြောကြတဲ့အခါ သူမပါရင် မပြည့်စုံဘူးလို့ဆိုနိုင်တဲ့ဘယ်လိုမှမေ့ထားလို့မရတဲ့ သူကတော့
    ဖိုးချိုလို လောကကိုစွန့်ခွာသွားခဲ့ပါပြီ ။ သူကတော့ နာမယ်အဆန်းဆုံးငှက်လို့ချစ်စနိုးခေါ်ကြတဲ့ (ထူးအိမ်သင်)ပါ။
    သူ့ဘဝမှာ အကောင်းဆုံးလို့ဆိုရတဲ့ သီချင်းနှစ်ပုဒ်ကတော့
    (မဟာဝီရ အိုဗုဒ္ဓ နဲ့ ရာဇဝင်များရဲ့သတို့သမီးပါ)။
    (လရောင်ထဲကိုလမ်းလျှောက်ချင်တယ် ဘယ်ကိုရောက်နေလဲမစဉ်းစားဘူးကွယ်) ဆိုတဲ့ (ဆွေးတယ်)
    (သူငယ်ချင်းလေး ချစ်တယ် ဘယ်လိုပြောရမလဲ ကိုယ်ဒီလိုစိုးထိတ်မိပါတယ်)ဆိုတဲ့ သီချင်း။
    (ဝေးသွားတဲ့အခါ၊ရင်ခုန်ရင်အချစ်။ကာရံမညီသော)စတဲ့စုံတွဲသီချင်းတွေ။
    (နာရီသံတွေဆူညံလို့သွားပြီ…………………………..ဆိုတဲ့ နာရီပေါ်ကမျက်ရည်စက်များ)
    (ဂျဒ်ဆင်ထိပ်ကလရိပ်လိပ်ပြာရယ်………………..သူဘယ်ရောက်နေ…………ဆိုတဲ့သီချင်း)
    (ခေါင်းလောင်းကလေးတွေမြည်နေပြီ ငှက်ကလေးတွေလဲတေးဆိုပြီ နာရီစင်က သုံးချက်တီးသံမြည်ဆိုတဲ့သီချင်း……..
    နဲ့အလိုက်ကလေး ခပ်ဆင် တနေ့နေ့တော့ချစ်လာလိမ့်မည်……….ဆိုတဲ့သီချင်းတွေ)
    (အိမြ်ပန်ချင်တယ်ဟူး…………………..ဆိုတဲ့အမေ့အိမ်နောက် အမေ့ကျနော်ကိုစိတ်မပျက်ဘူးလား ကျနော်ဟာကမ္ဘာမြေကြီးရဲ့လို့ဆိုပြီး ချွဲလိုက်တဲ့အမေ့ရဲ့ဒုက္ခအိုးလေး)ကတော့အမေချစ်တဲ့သားရဲ့တမ်းချင်းတွေအပြင် အမေသီချင်းတွေတစ်ခွေစာတောင်ဆိုလိုက်ပါသေးတယ်။
    (ချစ်တိုင်းလဲမညား။နှလုံးသားရဲ့ကျမ်းစာ။။ညပုံပြင်။သက်ငြိမ်။ကလေးရေ။မျှော်လင့်ချက်သာမထားခဲ့ရင်)
    တွေကတော့ကိုယ်ပိုင်သီချင်းတွေဖြစ်တဲ့အပြင်
    ကော်ပီတေး ဝင်းမင်းထွေးရေးတာပေါ့ သူဆိုထားတဲ့အထဲက(ရွှေ။ဗင့်ဆင့်ဗင်ဂိုးတမ်းချင်း၊ထာဝစဉ်။)ကတော့လူကြိုက်များသောအကောင်းစားသီချင်းတွေပါ။
    အလွမ်းရဲ့မီးလျှံများကလဲ မေ့မရနိုင်တဲ့သီချင်းတွေပါ။
    ထူးအိမ်သင်ဟာ အရေးပိုင်သလို တူရိယာပစ္စည်းများကိုလဲ ကျွမ်းကျင် အဆိုကလဲအတော်လေးကိုရှာမှရှားလို့ဆိုရအောင်ပိုင်နိုင်ပါတယ်။
    ဒါပေမဲ့သူ့သီချင်းတွေရဲ့အဆုံးသတ်မှာ ခပ်တုန်တုန် ခပ်ဝဲဝဲလေး လုပ်ဆိုတာကိုတော့ နိုင်ငံခြား တီးဝို်င်း တစ်ခုဖြစ်တဲ့(ဘီးဂျီးစ်)တွေရဲ့
    အငွေ့အသက်မကင်းဘူးလို့ဆိုနိုင်ပါတယ်။
    သူကလဲ ရှောင်လေဝေးဝေးကို မကင်းနိုင်လို့ လူ့လောကထဲက အချိန်မတိုင်ခင်စွန့်ခွာသွားရသူ
    လွမ်းလောက်စရာလူတစ်ယောက်ပါဘဲ။
    ကိုယ်ပိုင်သံစဉ်လိုင်းများထဲမှာသူတို့လိုအငြိမ်သီချင်းတွေ အေးအေးလေးတွေ စာသားလှလှလေးတွေနဲ့တေးဖွဲ့တတ်သူတွေကတော့တစ်လိုင်းသီးသန့်ပေါ့။
    ဒီလိုသီချင်းအေးအေးလေးတွေနဲ့အောင်မြင်ခဲ့တဲ့သီချင်းလေးတွေကတော့
    (စံလင်း………….ကဗျာမပီစာမပီ)
    (စိုးစိုး……………..မင်းညဖြစ်ပါစေ)
    (အောင်နိုင်……….. ပန်းခရမ်းပြာ အဆောင်သူအလွမ်းပြေ)
    (သျိုင်းအောင်……….ဘဝလမ်းအစခရီး)
    (စီယံ………..စီးနဲ့ဝါး)
    (ရာပြည့်………..သတိမမူ ဂူမမြင်)
    စတဲ့သူတွေကတော့ ကိုယ်ပို်င်သံစဉ်နှစ်သက်သူတွေကြားမှာ ရေးပန်းစားခဲ့ပါတယ်။
    နောက်တယောက်ကတော့ ထူးအိမ်သင်လို ဖိုးချိုလို လောကကိုစွန့်ခွာသွားပြီဖြစ်တဲ့ ကိုယ်တိုင်လဲ သီချင်းတွေရေးဖွဲ့နိုင်စွမ်းရှိသူ တစ်ချက်လောက်တော့ငဲ့ကြည့်သင့်ပါတယ်လို့ ပြောဘူးတဲ့ (စိုးလွင်လွင်)ပါ။
    လူငယ်ထုကြားမှာ ဝုန်းကနဲခေတ်စားလာတဲ့ (ချစ်လူမိုက်။ခေါင်းငုံချစ်နေမယ်။လာမယ်ဆိုကြိုနေမှာလား)
    (ရွှေအိ်မ်စည်၊အနံကြီးကွင်းကျယ်။မောင့်မျက်ရည်ဝိုင်း၊)တွေကတော့မေ့မရနိုင်တဲ့သီချင်းတွေပါ။
    ဂန္ထဝင်ဆည်းဆာဆိုတဲ့ ဆံနွယ်လေးတွေနဲ့လေပြေကိုဖွဲ့ဆိုတဲ့သီချင်းကတော့ နောက်ဆိုသူ R ဇာနည်ကိုပါ ဂုဏ်တင့်စေတဲ့သီချင်းပေါ့။
    ထူးခြားတယ်ဆိုရမှာက မြန်မာသံစဉ်အေးအေးလေးနဲ့ဆင်တူတဲ့ (ချစ်ပြုံးစီချယ်)ပါ။
    ပိုထူးခြားတာကတော့ သင်္ကြန်သီချင်းခွေကို ပေါက်ထွက်သွားအောင်ဆိုထားခဲ့သလို
    (ရှာပုံတော်မင်းသားကြီး)ဆိုတဲ့ အဲဒီဆီးရီးခေါင်းစဉ်သီချင်းကတော့ သင်္ကြန်သီချင်းတွေထဲမှာ
    သင်္ကြန်မိုးလို တင်ကျန်ရစ်တဲ့သီချင်းဆိုရင်လဲ မမှားပါဘူးနော်။
    ဆက်ပြောရမယ်ဆိုရင် သူတို့လိုကိုယ်ပိုင်သံစဉ်သမားလောကကိုစွန့်ခွားသွားသူတစ်ယောက်ကတော့
    (ချောစုခင်ရဲ့ခင်ပွန်းဟောင်း) (ဒိုးလုံး)ပါ။
    ဘုုန်းကြီးပါစေ အသက်ရှည်စေလို့ ဆုတောင်းပေးမယ့်ကိုယ်တောင်းတဲ့ဆုမပြည့်ခဲ့သူလို့ဘဲပြောရမယ်ထင်ပါတယ်။
    သူကတော့ ဒီဘက်ခေတ် 2000ခုနှစ်မှာပေါ်လာသူပါ။
    (ချစ်ဦးမေ၊ အရိုးထိအောင်ရူး။ အကြင်နာနည်းလွန်းသူ၊မလုပ်နဲ့။)စတဲ့သီချင်းအပါအဝင်
    တစ်ခွေလုံးကောင်းပါတယ်လို့ပြောရလောက်အောင် ဆိုထားခဲ့သူပါ။
    သူ့ဆိုပုံ ဆိုပေါက် အသံအဆွဲအငှင်က ဘယ်သူနဲ့မှမတူအောင်ကောင်းသော အသံအနေအထားကိုပိုင်ဆိုင်သူဆိုရင်မလွန်ပါဘူး။
    နောက်တစ်ယောက်ကလဲ မြန်မာတစ်ပြည်လုံးကို တစ်ခွေထဲနဲ့ လွှမ်းပြီးလွမ်းအောင်လုပ်ထားခဲ့တဲ့ (ဗဒင်)ပါ။
    သူ့သီချင်းတင်မကဘဲ သူဝတ်တဲ့ အကျီအကွက်လက်တို အဆင်လေးကိုတောင် (ဗဒင်ကွက်)ဆိုပြီးရောင်းမလောက်အောင် အောင်မြင်ဘူးသူပါ။
    (ဘုရားကျောင်းလဲ မင်းက မတက်တာအတော်ကြာပြီ……………………………)
    (လိုက်လို့မရှာလဲ တွေ့တွေ့နေတယ်………………….ပျိုပျိုမေရေ)
    (ပြက္ခဒိန်စာရွက်များ တရွက်စီလှန်ပေမဲ့ မင်းအတွက် တစ်နေရာ ရင်မှာလေ ကိုသိမ်းထားတယ်…………………………)
    (ဒီအတိုင်းဘဲ ဆင်းလာခဲ့………………………………………)
    ဆိုတဲ့သီချင်းအပါအဝင် တစ်ခွေလုံးကောင်းတဲ့ အနှစ်တွေကို ချန်ထားခဲ့သူပါ။
    အသံအရမ်းမကောင်းပေမဲ့ သီချင်းကောင်းတွေကြောင့်လွမ်းနေရသေးသူပါ။
    အစကတော့ သူတို့အောင်မြင်ခဲ့တဲ့နှစ်အလိုက် သူတို့အကြောင်းရေးမယ်လို့စဉ်းစားထားပေမဲ့ ရေးနေရင်းက
    တော်လဲတော် အောင်လဲအောင်မြင်ပေမဲ့ ဘုန်းကြီးလို့သက်မရှည်သော လူငယ်ဘဝနဲ့တွင် ကုန်ဆုံးခဲ့ရတဲ့
    ကံတရားခြင်း အတော်လေးလဲ တူတယ်ဆိုနို်င်တဲ့ (ဖိုးချို။ ထူးအိမ်သင်။ စိုးလွင်လွင်။ဗဒင်။ဒိုးလုံး)တို့
    အကြောင်းကို နှမျောတသစွာ ယူကြုံးမရစွာ သတိရလွမ်းဆွတ်စွာနဲ့ ရေးလိုက်ရပါတယ်။
    တကယ်လို့များသူတို့သာ ရှိနေသေးရင် သိပ်ကောင်းတဲ့ သီချင်းတွေကို နားဆင်နေရအုံးမှာလို့လဲ တွေးမိပါတယ်။
    သူတို့အခုလိုဘာကြောင့်စောစီးစွာ အချိန်မတိုင်ခင် လူ့လောက ကထွက်ခွါရတယ်ဆိုတာကို
    အမှန်အတိုင်းပကတိအတိုင်း လေ့လာလို့ နောင်လာမယ့်မျိုးဆက်သစ်များ က ရှောင်နိုင်ကြမယ်ဆိုရင်………………………………………

    ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

  • “နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော
    (အပိုင်း 10)(ကိုယ်ပိုင်သံစဉ်လမ်းဖောက်သူများ) “

    မြန်မာပြည်ရဲ့စတီရီယိုလောကအစမှာတုံးတော့ သီချင်းတော်တော်များများ ဟာကော်ပီနဲ့အစပြုခဲ့ပါတယ်။
    ကိုယ်ပိုင်သံစဉ်ရှိတယ်ဆိုပေမယ့်လည်းနည်းပါတယ်။
    ဒါပေမယ့် ထီးဆိုင်တို့ စိုင်းခမ်းလိပ်တို့ကစလို့ ရိုးရှင်းတဲ့စကားလုံးတွေ သာမန်လူတွေနေ့စဉ်သုံးနေတဲ့စကားတွေကိုသုံးလို့ ကိုယ်ပိုင်သံစဉ် လှပတဲ့သီချင်းလေးတွေရေးဖွဲ့တာကို နားထောင်သူတွေက လက်ခံလာကြပါတယ်။
    ဒါတောင် လားရှိုးသိန်းအောင် ဆိုတဲ့(နေပါအုံးလို့ပြောမထွက်တယ် လယ်သူမလေးချစ်သူကိုခွဲရတော့ကွယ်)ဆိုတဲ့သီချင်းနဲ့
    ထီးဆိုင်ဆိုတဲ့(ဟိုတုန်းကမတွေ့ကြရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေတစ်မျိုးဖြစ်ခဲ့မယ်)သီချင်းနှစ်ပုဒ်က သံစဉ်အလိုက်တူနေတာကိုတွေ့ရပါတယ်။
    ဒါကိုဘယ်သူက မှ ဘာကြောင့်လို့ဖြေရှင်းတာ စောဒကတက်တာ မတွေ့ပါ။
    တူတာကိုတူတယ်လို့သဘောထားလို်က်ကြတော့လဲအေးဆေးပါ။
    ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။
    (ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်)
    အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို
    အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ
    ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။
    သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့
    (ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။
    ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။
    ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ
    (အပေါ်ထပ်က အသဲကွဲသီချင်းကို တီးခတ်လိုက်တော့ နှင်းတွေဟာပိုမိုသိပ်သည်းလို့လာတယ်)ဆိုတဲ့မျက်ရည်ကျတာကို သွယ်ဝို်က်သောနည်းနဲ့ပြလိုက်တာကတော့ သိပ်လှပတဲ့စာသားလေးပါ။
    (ခင်ဝမ်း)ရဲ့နာမယ်အကြီးဆုံးသီချင်းများ ကျနော်နှစ်သက်တဲ့သီချင်းများကတော့
    (ဧရာဝတီ။ နုတ်ဆက်ခဲ့ပါတယ်။ အမေ၊ပြည်မှာဆောင်း။မမချစ်။ခုနှစ်ပြည်ထောင် ။မြားဘုရင်။နဒီမင်္ဂလာ။သောင်ကမ်းခြေ၊နှင်းထုဖွဲ့ဆင်၊ဆောင်းလည်းမဝေးတော့ပြီမို့။ ချစ်ခြင်းတည်ခဲ့တယ်။)
    (ဆယ်လမွန်ငါးတို့အပြန်။မိုးတွေရွာစွေ။မိန်းကလေးများနဲ့စကားပြောရတာ တော်တော်ဘဲခက်တယ်)တို့ဖြစ်ပါတယ်။
    (အဝါရောင်မိုးဖွဲလေးအောက်မှာ တွေ့ခဲ့သူရယ် ချည်နှောင်တဲ့ သမုဒယကြိုးက ရစ်ဖွဲ့နှောင်တွယ်…………………
    တောင်စဉ်တောင်တန်းတွေ ပြာရီအုံ့မိူင်းနေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ တောင်ပေါ်သူလေးရေ ဆရာမလေးရေ…)
    ဆိုတဲ့ (တောင်ပေါ်ဆရာမလေး)သီချင်းက သံစဉ်စာသားလှပပေမဲ့ ခင်မောင်တိုးပြန်ဆိုတဲ့(ခုနှစ်နှစ်တာ သီချင်းများ)ထဲမှာ
    ပါမလာပါဘူး။အတီးမပါတဲ့ သီချင်းတစ်ပုဒ်ကတော့” ယိမ်း” ဆိုတဲ့ ကဗျာရွတ်တာလိုဆိုထားခဲ့တဲ့သီချင်းလေးပါ။
    အခုချိန်မှာ အားလုံးကိုနုတ်ဆက် လူလောကကြီးကိုစွန့်ခွာလို့တမလွန်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေရေးဖွဲ့သီဆိုနေအုံးမယ်ထင်ပါတယ်။
    ခင်ဝမ်းပြီးရင် ကိုယ်ပိုင်သံစဉ်တွေနဲ့အောင်မြင်သော အသံအားကောင်းကောင်း အသံလုံလုံ အသံရှည်ဘယ်လောက်ဆွဲဆွဲနစ်ဝင်မသွားသော
    သီချင်းဆိုရင်းဂစ်တာတီးတဲ့အခါမှာ ဂစ်တာကြိုးတွေကိုခတ်တဲ့လက်က ဝလုံးဝိုင်းသလိုမြင်နေရအောင်လက်ကို လှုပ်ယှားတတ်တဲ့
    အကျီအကွက်လက်တိုလေးတွေကိုနှစ်သက်လို့ရိုးရိုးလေးဝတ်ပြီးစင်ပေါ်မှာ သီချင်းတွေကိုအားရပါးရ မနားတမ်းဆိုတတ်တဲ့
    ထိမိသော လေးနက်သော စာသားတွေနဲ့ မြင့်တယ်လို့ပြောလို့ရတဲ့သီချင်းတွေကိုသာ ဆိုတဲ့သူကတော့ (ခိုင်ထူး)ပါ။
    မောင်သစ်မင်းရဲ့စာသား (အများနှယ်မပျော်ပါး ပါလားကွယ် ကမ္ဘာဒေါင့်ကြားနေရာလေးမှာ လောကကိုငေးမောကြည့်နေသလို အာခံတွင်းထဲငုံကထားတဲ့တေးတပုဒ်တော့ရှိမယ်ထင်ရဲ့………………လို့ဆိုတဲ့ (တေးမြုံငှက်)ကလေးပါ။(စိမ်းမြ သစ်ရွက်တို့ကြွေနေဆဲ ငါမျက့်ရည်စိုနေတုန်းပေါ့ တစ်ချို့တွေနေနိုင်လွန်းတယ် အိပ်မရည မှောင်လွန်းနေဆဲ )ဆိုတဲ့ နောက်ဆုံးအိပ်မက်
    (စဉ်းစားထား။ စိုးစံစားစေ။သီချင်းတပုဒ်ပန်းတစ်ဆုပ်။အဉ္ဇလီ။ရွှေလသာမှ။မိုးရဲရင်ဆောင်းရဲရမယ်။ခတ္တာ။)
    (ဆိုင်သူကိုယ်စီ၊ သို့ တစ်ရံတစ်ခါဆီ၊စစ်ကိုင်းလမ်း။ဘယ်သူမှမကောင်းဘူး။ဆို၊အချစ်သီချင်း)တွေကတော့ ပြောစရာမရှိအောင်ကောင်းတဲ့သီချင်းတွေပါ။

    ကွယ်လွန်သူ သန်းဌေးရေးလို့ စတိတ်ရှိုးပွဲတွေမှာ ခိုဖြူလေးတွေကို ပုခုံးပေါ်တင်လို့ အသံဟိန်းထွက်နေအောင်
    လည်ချောင်းကွဲမတတ်ဆိုခဲ့သော အားပါလှသောစာသားတွေနဲ့
    (ပြုံးပျော်ချင်ရင် ဝမ်းနဲတတ်ရမယ် ……….လိမ္မာတတ်အောင် မိုက်မဲ့ဘူးရမယ်…….
    ဒါဟာလောကရဲ့သစ္စာတရား……မပြေလည်တာတွေ မမျှတာတွေကြား…………
    ဘဝတစ်ခုပါ……… တိုက်တွန်းရအောင် တို့……….တို့လာတယ်)ဆိုပြီးအားပါးတရ ဆိုထဲ့လိုက်တဲ့
    လူတစ်ယောက်အမှန်တရားထဲမှာနေထိုင်ရဲအောင်ပြောရဲအောင်လိုအပ်တာတွေကိုညွှန်းဖွဲ့ထားတဲ့
    (တို့လာတယ်)သီချင်းကတော့ ခိုင်ထူးသီချင်းထဲမှာ အကြိုက်ဆုံးပါ။
    ခိုင်ထူးထက်စောလို့သည်လောက ကိုရောက်နှင့်သူဒါပေမဲ့ ခို်င်ထူးထက်နောက်မှ လူသိများလာတဲ့သူကတော့
    မန္တလေးအသိုင်းအဝိုင်းမှာဟိုအရင်ကတည်းက လူကြိုက်များခဲ့သောမန်းလေးသား ခင်မောင်တိုး (ခ) ကိုတိုးကြီးပါ။
    ကျနော်တို့ခပ်ငယ်ငယ်ကျောင်းသားဘဝထဲက
    (ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကိုတို့ )။(ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ဘဲခင်)တို့က ကြားဘူးပြီးသား
    အော်ဆိုနေကြသီချင်းတွေပါ။
    ဒါပေမဲ့ကိုတိုးကြီးတို့ လိစ္ဆဝီ တီးဝိုင်းဖွဲ့လိုက်မှနည်းနည်းလေးလူသိလာတဲ့သီချင်းတွေကတော့
    (သဇင်ည။ဝိုင်းရဲ့ဆည်းဆာ။သံယောဇဉ်ပြာစများ၊တို့ရင်ထဲ။မင်းတို့ဘယ်တော့လဲ၊တံခါးဖွင့်ပါ)တွေက
    သံစဉ်အေးအေးလေးတွေကြိုက်သူများကြားမှာ တစိမ့်စိမ့်လေးပျံ့နှံ့နေပါတယ်။
    ဒါပေမဲ့မန်းလေး စင်ယော်တေးသံသွင်းကထုတ်လုပ်လိုက်တဲ့ ကိုတိုးကြီးရဲ့သီချင်းဟောင်းအများစုပါဝင်တဲ့(မျက်သွယ်)ဆီးရီးစ်မှာ
    တစ်ပြည်လုံးအတို်င်းအတာထိပေါက်သွားခဲ့ပြီး (မဟာဆန်သူ)မှာတော့ထိပ်ဆုံးကိုမရောက်တရောက်ကနေ (ဝေးခဲ့ပြီပန်းခရမ်းပြာ)တော့
    ထိပ်ဆုံးကိုရောက်သွားပါတယ်။
    သူ့သီချင်းတွေထဲမှာ(ရောင်စဉ်ခုနှစ်သွယ်။မဟာဆန်သူ။ဝိုင်းရဲ့ဆည်းဆာ။ဆည်းလည်းလှို်က်သံ.စောင်းကြိုးရှိုက်သံ။
    ဒဏ္ဍာရီ။ကြိုးကြာသံ။လေပြေညင်း။အချစ်စစ်ဆိုတာ။မငြိမ်းသောမီး။ပန်းတို့ပွင့်တယ်လို့။ဝေးခဲ့ပြီပန်းခရမ်းပြာ။အမုန်းနောက်ကွယ်။အို……
    နက္ခတ်ပွဲသဘင်။ဒီတစ်ကြိမ်ဒီနွေ။) တော်တော်လေးကိုကောင်းတာတွေများပါတယ်။
    သည်ဘက် 2000ပြည့်လွန်နှစ်တွေမှာ သင်္ကြန်သီချင်းတစ်ခွေဆိုတဲ့အပြင် မန္တလေးသီချင်းများဆိုတဲ့မြန်မာသံတစ်ခွေရယ်
    ခင်ဝမ်းအမှတ်တရတစ်ခွေရယ် ပြန်ဆိုတေးအဖြစ်တွေ့ရပါတယ်။
    ထူးခြားတဲ့သီချင်းလေးကတော့ အရင် မန်းလေးသားကိုအောင်( ထွန်းအိန္ဒြာဘိုရဲ့ခင်ပွန်းဟောင်းပေါ့)ဆိုခဲ့ဘူးတဲ့
    (စိတြအတွေး)ပါ။
    ခင်မောင်တိုးတို့နဲ့အတူတူလောက် ပေါ်ထွက်လာတဲ့ ဆိုတာထက်ရေးတာကပိုများတဲ့ မောင့်လပြည့်ဝန်း ပိုင်ရှင်
    ကိုနေဝင်းပါ။
    အဆိပ်ရည်အပြည့်နဲ့ပုံး(သူအရင်ဆို နောက် ဘိုဘိုဟန်ဆိုပါတယ်)
    တစ်နေ့တစ်ယောက် တစ်ရက် တစ်မျက်နှာဆိုတဲ့သင်္ကြန်သီချင်း(သူလဲဆိုတယ် ဟန်တင်လဲဆိုတယ်)
    ဒါတွေကတော့နာမယ်ကြီးသီချင်းပါ။
    (ယာဉ်အမီရီရီပြုံးလို့ပြန်ပါ)ဆိုတဲ့ဆီးရီးစ်ကိုထုတ်တဲ့အခါ (ရေးနေတာပဲကောင်းပါတယ်)လို့အားပေးကြပါတယ်။
    နောက်တစ်ယောက်ကတော့မွန်းအောင်(ခ) ဒင်းနစ်ပါ၊
    သူလဲစင်ယော်တေးသံသွင်းက တေးရေးဆရာအဉ္စလီမောင်မောင်နဲ့ နိုင်မင်း တို့နဲ့အတူ တွဲလို့ ထင်ပေါ်လာသူပါ။
    လူငယ်ကျောင်းသားတွေကြားမှာ (8/82အင်းလျား။ဝတ်မူံ)ဟာတားမရဆီးမရနိုင်အောင်လူကြိုက်များခဲ့
    မမောနိုင်မပန်းနိုင်အဆောင်ရှေ့မှာ ဂစ်တာနဲ့ သံစဉ်တေးဖွဲ့ခဲ့ကြတဲ့သီချင်းတွေပါ။
    (မိုးလုံးမိူင်း။ယူပါမေရေယူ။ရိုးရိုးလေး။ရင်ခတ်အလွမ်း။ယု။လွမ်းရတဲ့ညတွေလွန်ပါစေ။ကုန်လွယ်လွန်းလိုက်တာ၊)
    (ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ။ပန်းစိုက်သူတို့ဝေဒနာ၊နှင်းစက်နဲ့လမ်း၊သဇင်ကြွေတဲ့ဆောင်း)စတာတွေကနာမယ်ကြီးပါ။
    သူ့သီချင်းတွေထဲက (ငြိမ်သက်ခြင်း)ဆိုတဲ့သီချင်းလေးကိုတော့ ကိုတိုးကြီးပြန်ဆိုစေချင်ပါတယ်။
    (ဝါဆိုရက်မစုံ်အခါတွင်း မို့လူခြေတိတ်တဲ့ စစ်ကိုင်းဘက်က တောရကျောင်းငယ်လေးတစ်ခုမှာ
    ယာယီနားခိုလှုံနေစဉ် နေရီညိုညိုညနေခင်း…………………..)ဆိုတဲ့စာသားတွေပါတဲ့သီချင်းလေးပါ။
    သံစဉ်စာသား အရမ်းကိုကောင်းပါတယ်။
    နားမထောင်ဖူးသူများ ရှာနားထောင်စေချင်ပါတယ် ဒီသီချင်းပိုင်ရှင်လေးကတော့ ဘယ်မှာနားခိုနေတယ်ဆိုတာ့မသိတော့ပါ။
    ကိုယ်ပိုင်သံစဉ်သီချင်းတွေပြောရင်ချင်းတိုင်းရင်းသားလေးတွေ ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ကို အရမ်းလွမ်းပါတယ်၊
    ကဗျာဆံဆံပြောရရင် အချိန်မတိုင်ခင်စောပွင့်လို့ ပန်သူမရှိဖြစ်ခဲ့ပေမယ့်
    နောက်ဆက်ခံသူကတော့အဆင်ပြေသွားပါတယ်။
    သူတို့နာမယ်ကြီးသီချင်းတွေကတော့(တောင်ဇလပ်ပင်အောက်ကချစ်သူ။အချစ်ဖော်ကောင်။အချစ်အားမာန်။ဖူးစာရှင်ဘယ်မှာလဲ။
    မြိူင်နန်းစံပန်းတပွင့်။ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ)တွေဟာသူတို့စခဲ့ တက္ကသိုလ်အဆောင်များရှေ့မှာ တန်းဝင်တေးတွေ
    ဖြစ်ခဲ့ပေမဲ့ ဖိုးချိုလက်ထက်မှာမှ လူတွေကြားမှာအောင်မြင်သွားပါတယ်။
    လောကကိုစောစွာစွန့်ခွာသွားတဲ့……………….ဖိုးချိုဆိုတဲ့ ကိုယ်ပိုင်သံစဉ်သမားလေးအကြောင်းပြောရမယ်ဆိုရင်………………………..

    • Ma Ei

      March 20, 2012 at 9:23 am

      ကိုပေါက် Comment ထဲက ခင်ဝမ်း အတွက်ရေးထားတဲ့
      အကြောင်းအရာတွေ အပို အလို မရှိပြည့်စုံနေပါတယ်…
      ခင်ဝမ်းရဲ့ ပန်းချီကားတွေအကြောင်းရေးမဲ့ Post ထဲမှာသုံးခွင့်ပြုပါ…

  • ကိုလတ် နဲ့ဆုံရင်
    မြိုင်နန်းစံပန်းတစ်ပွင့်
    ညို့မျက်ဝန်း
    အချစ်ရဲ့အားမာန်
    အချစ်ဖော်ကောင်
    နဒီမင်္ဂလာ
    ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ
    ဆည်းလည်းလှိုက်သံ သီချင်းတွေကို စည်းမကျ ဝါးလွတ်
    အသံပြဲကြီးနဲ့ဆိုပြပါမယ်။
    အပေါ်စာဖတ်ပြီးရင် မြိုင်နန်းစံရဲ့အဖေက ဆလို်င်းသွအောင်ဆိုတာကို အရင်ကတည်းက ဖော်ပြပြီးသားဆိုတာကို သိရောပေါ့ ကိုလတ်ရေ ကိုလတ်ရဲ့ တကတည်းဗျာ

  • Khaing Khaing

    March 20, 2012 at 1:53 pm

    လေးပေါက်ရေ သီချင်းဆို စာသားသံစဉ်ကိုကြိုက်ရင် ဆိုလိုက်တယ် ဘယ်သူဘယ်ဝါ ဘာတွေဘယ်လိုဆိုတာ မှတ်ရိုးထုံးစံမရှိဘူး ဘာလို့လဲဆိုတော့ မှတ်ရတာတွေကများလို့လေ …. “ဂန္တဝင်ဆည်းဆာ” အဲသီချင်းကြိုက်တယ် အဲသီချင်းပေါ်တုန်းက မီးမီးကဆံပင်အရှည်လေ တံခေါက်ခွက်ထိရှည်တာ … အဲသီချင်းကို မီးမီးဖြတ်သွားရင် ကောင်လေးတွေကစောင်းဆိုကြတယ် ဟိ ဟိ “ကော်ဖီသောက်တိုင်းလွမ်းတယ်” အဲဒါကတော့ သံစဉ်လေးကိုကြိုက်တာ … “င့ါကိုမမေ့ပါနဲ့” ဒါကတော့ ဟီး ဟီး တိုင်ဆိုင်မှုရှိလို့ကြိုက်တယ် ……

    • မောင်ပေ

      July 23, 2012 at 11:50 am

      မိုးအေးအေးလေးရှိချိန်မှာ
      လဘက်ခြောက်ကောင်း၂ခတ်ထားတဲ့
      အဖန်ရည်တစ်ကျိုက်နဲ ့
      အနီးစခန်းက
      ပဲစိမ်းကြော်လေး
      ဝါးချင်မိတာဗျ

  • mamanoyar

    July 23, 2012 at 11:58 am

    မှားနေပြီထင်တယ် ဦးပေရေ
    အနီးစခန်းက ပဲစိမ်းကြော်တော့ဟုတ်လောက်ဘူး
    21 မိုင်က ပဲစိမ်းကြော်မဟုတ်ဘူးလား
    ကြားဖူးတာပြောတာနော်

    • မောင်ပေ

      July 23, 2012 at 2:14 pm

      အဲဒါဆိုရင်လဲ
      နိုရာနဲ့ ကိုပေနဲ့
      အတူတူ သွားစားကြရအောင်ကွာ
      နော်
      ဟီဟိ

      • mamanoyar

        July 23, 2012 at 2:41 pm

        ဘာဆိုင်လို့လဲ ဦးပေရ
        သူ့ဘာသူ မှားပြောမိပြီး ရှက်ရမ်းရမ်းမနေနဲ့
        အင်းလေ အရက်သောက်တဲ့သူဆိုတော့
        ဒီလိုပဲပေါ့ ကယောင်ကတန်းပြောတတ်ပါတယ်
        21မိုင်နော် ပဲစိမ်းကြော်ရှိတာက နောက်မှတ်ထားဦးပေရေ

Leave a Reply