ပျောက်ဆုံးသွားသော စာကြည့်တိုက်နှင့်တရားခံ (၁)

တဖြည်းဖြည်း နည်းပါးလာသော စာကြည့်တိုက်ရှိ စာအုပ်ဗီဒိုကိုကြည့်ရင်း စိတ်ပျက်လာမိသည်။ စာအုပ်လာငှားပြီး ပြန်လာမအပ်သော လူများကိုလည်း သူ မအံဩချင်တော့ပေ။ ပြန်လာအပ်သော စာအုပ်များကိုလည်းကြည့်လိုက်ဦး။ အဖုံးမရှိတော့သော၊ အထဲက စာရွက်များ စုပ်ပြဲနေသော၊ ဟိုတစ်ရွက် ဒီတစ်ရွက် တစ်ပိုင်းတစ်စ ဖြဲထားသော စာအုပ်များက များတထက်များလာသည်။ စာကြည့်တိုက်ထားရခြင်း ရည်ရွယ်ချက်သည် ကုမ္ပဏီရှိ ဝန်ထမ်များ အတွေးအမြင် ဗဟုသုတရရှိစေရန်က အဓိက အချက်ဖြစ်သည်။ စာဖတ်ခြင်းဖြင့် မွေ့လျော်စေရန်၊ စာအုပ်များမှပေးသော အသိပညာ၊ အတတ်ပညာ၊ တွေးဆ ဆင်ခြင်ခြင်းအနုပညာများ ရရှိစေရန်အလို့ငှာ ထားရှိပေးခြင်းဖြစ်ပါသည်။

အပျော်ဖတ် စာအုပ်များမှ စပြီး ကာတွန်း၊ အချစ်ဝတ္ထု၊ သုတ၊ရသစာအုပ်များ၊ တက်ကျမ်းများ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ အပတ်စဉ်ထုတ် ဂျာနယ်များ အဆုံး စုံလင်စွာ ထားရှိခဲ့သည်။ သို့သော် ထို စာကြည့်တိုက်ကလေးသည် တစ်စ တစ်စ လုံးပါးပါးလာခဲ့သည်မှာ ခုဆိုလျှင် စာအုပ်များ အရေအတွက် နည်းလာလေသည်။ စာကြည့်တိုက် မကြာခင် ပျောက်တော့မည်။ သို့ဆိုလျှင်…။

စာရေးသူတို့ပတ်ဝန်းကျင်တွင် အလွှာစုံများလာသော ဝန်ထမ်းများရှိပါသည်။ ထို ဝန်ထမ်းများသည် လူမျိုးစုံ လှသလို အကျင့် စရိုက်များလည်း စုံလင်လှ၏။ တစ်ဦးတစ်ယောက်ချင်းဆီ၏ စိတ်ဓါတ်များ  တစ်ဦးနှင့်တစ်ဦး မတူကြပေ။ ထို့ပြင် လူတန်းစား သုံးမျိုးအနက် အခြေခံလူတန်းစားမှ လာရောက်ကြသော ဝန်ထမ်းက အများဆုံးဖြစ်ပေရာ ပညာတတ်ဝန်ထမ်းမှာလည်း မရှိသလောက်ရှားလေသည်။ အများစုက တိုင်းရင်းသားများဖြစ်ကြပြီး ငယ်စဉ်အခါတုန်းက ပညာဘက်တွင် အလေ့မထုံမိကြသော သူများက များလေသည်။ အနှိပ်ဆုံး သူငယ်တန်းပင်မတက်ခဲ့ဖုူးသော သူများလည်းရှိလေသည်။ တစ်ချို့က ကျောင်းပင်မတက်ဖူးခဲ့။ ဘွဲ့ရပညာတတ်ဟူသည် လက်ချိုးရေတွက်လျှင်ပင် လက်ဆယ်ချောင်းပြည့်ရန်မှာ မနည်းကြီးရေတွက်ယူရလေမည်။ ထို အလွှာပေါင်းစုံများ အလည်မှ စာကြည့်တိုက်ကလေး…။ မည်ကဲ့သို့သောနည်းမျိုးဖြင့် တည်တံ့အောင် လုပ်ဆောင်ရမည်နည်းဟု ခေါင်းခြောက်ရသည်မှာ လွန်ပါမည်လော။

တစ်နေ့တာ အလုပ်ချိန်များ ပြီးဆုံးချိန်တွင် အားလပ်သော ဝန်ထမ်းများ၏ ကိုယ်ပိုင်အချိန်များ အတွက် အပျင်းပြေစေရန်တစ်ကြောင်းဖြင့်  စာကြည့်တိုက်ကလေးက အသုံးတော်ခံပေးသည်။ အပတ်စဉ်ဂျာနယ်များမှာ နောက်ကျပြီးမှာ ရောက်လာလေ့ရှိသော်လည်း မဖတ်ရသေးလျှင် အသစ်ဟု သဘောပိုက်က ပျော်ပျော်ကြီးဖတ်ကြသည်။ စာကြည့်တိုက်အတွက် သီးသန့်ဝန်ထမ်းမထားထားပေ။ စာအုပ်များ အလုအယက်လာရောက်ငှားရမ်းကြသည်။ ထို့ကြောင့် စာဖတ်သူများလေခြင်းဟု ဝမ်းသာ ပီတိဖြစ်ရသည်မှာအမှန်။ သို့သော် အမှန်ကိုသိလိုက်ရတွင်မူ စိတ်အပျက်ကြီး ပျက်ရတော့သည်။ အကြောင်းကား အဘယ်မူပါနည်း..။

စာအုပ်များ ဖတ်ခြင်းဆိုရာတွင် ရုပ်ပုံပါသော Fashion မဂ္ဂဇင်းများကို အရုပ်သာကြည့်ပြီး စာမဖတ်ကြ။ စာများများပါသော စာအုပ်များကို ပျင်းစရာကောင်းသည်ဟု ဆိုကြသည်။ ဂျာနယ်များဖတ်ရာတွင်လည်း ယနေ့ဖြစ်ပေါ်နေသော သတင်းအချက်အလက်များအစား မော်လ်ဒယ်ရုပ်ပုံများကိုသာ လှန်လောကြည့်ရှုပြီး ချောင်ထိုးထားလိုက်တော့သည်။ စာကြည့်တိုက်သို့ပြန်လည်အပ်နှံရန်ဝေးစွ။ စာအုပ်များမှာ မူလပါရှိသော ရုပ်ပုံလှလှများ မပါရှိတော့ပဲ ဘဝဆုံးမှ ရောက်လာတော့သည်။ တစ်ချို့က ပြန်လာမအပ်တော့။ ပျောက်ဆုံး ပျက်စီးသွားသော စာအုပ်များကို လိုက်လံရှာကြည့်လေရာ အများသုံးအိမ်သာများတွင် ဆုပ်ပြဲနေသော စာအုပ်များ၊ တစ်ပိုင်းတစ်စပြဲနေသော ရုပ်ပုံလွှာများ၊ (မရိုသေ့စကား) အိမ်သာသုံး စက္ကူဘဝသို့ရောက်ရှိနေသည်ကို ဝမ်းနည်းစွာတွေ့ရှိရလေသည်။ ထို့ကြောင့် စာကြည်ု့တိုက်ကလေးသည် ဆိတ်ငြိမ်စွာဖြင့် ပိတ်သိမ်းလိုက်ရလေတော့သည်။

ယခုဆိုလျှင် ပျင်း၍မျှ စာအုပ်ဖတ်ချင်လျှင် ပြင်ပတွင် အခကြေးငွေပေးပြီး ဖတ်ရှုရသည်။ အပတ်စဉ်ဂျာနယ်များကို နေ့စဉ် Up to Dateဖြစ်စေရန် အပြေးအလွှား ဝယ်ယူဖတ်ရှူနေရပြီ။ စာကြည့်တိုက်မရှိတော့မှ ပြန်လည် အလွမ်းသင့်နေတော့သည်။ အများစု အလေးမထားသောကြောင့် စာကြည့်တိုက် ပိတ်သိမ်းရသည်။ ထိုအများစု လူများကြောင့် စာအုပ်များ ပျောက်ဆုံးပျက်စီးရသည်။ စာအုပ်တစ်အုပ်ဖြစ်လာရန်မှာ မလွယ်လှပေ။ ကြိုးစားအားထုတ်ရေးသားသော စာရေးဆရာများမှ စ၍ ထုတ်ဝေသူများ၊ ပုံနှိပ်တိုက်များ၊ စာပေစိစစ်ရေးများ ၊ ဖြန့်ချီရေးသမားများ ကကြီးမှ အ ဆုံး ဖတ်ချင်စဖွယ်ဖြစ်အောင် ကြိုးစားခဲ့ကြရသည်။ စာရေးသူများကလည်း စာအုပ်ဖြစ်မြောက်ရေးအတွက် အချက်အလက် ကိုးကားရန်စာအုပ်များ စုဆောင်းခြင်း၊ လေ့လာခြင်း၊ ဖတ်မှတ်ခြင်း၊ သုတေသနပြုခြင်းစသည်များကို နေ့နေ့ညည အပတ်တကုတ်ကြိုးစားခဲ့ရသည်။ ထိုသူများ၏ ကြိုးစား အားထုတ်မှုကြောင့် ယနေ့တွင် စာအုပ်အဖြစ် စာရေးသူတို့လက်ဝယ်တွင် အလွယ်တကူ ဖတ်ရှုနိုင်ခြင်းဖြစ်သည်။ သိသင့် သိထိုက်သော ဗဟုသုတများကို စာအုပ်တစ်အုပ်တည်းမှ လေ့လာဖတ်ရှုရန်မလွယ်ကူသည့်နည်းတူ စာအုပ်စုံလက်လှမ်းမှီသမျှ လိုက်လံဖတ်ရှူရသည်။ ထိုထိုသော စာရေးဆရာများမရှိလျှင်၊ ထိုထိုသော ထုတ်လုပ်သူများ၊ ဖြန့်ချီရေးများ၊ ပုံနှိပ်တိုက်များ မရှိခဲ့ပါလျှင် စာရေးသူတို့သည် အသိပညာ၊ အတတ်ပညာ နုံနဲ့သော သူများ ဖြစ်ရန်မှာ မြေကြီးလက်ခတ်မလွဲပေ။

ထို့ကြောင့် စာအုပ်များကို ချစ်မြတ်နိုးသင့်သည်။ ယခုမူ စာအုပ်များကို စည်းကမ်းမဲ့စွာ ဖတ်ရှူကိုင်တွယ်ခြင်းကြောင့် စာကြည့်တိုက် ပပျောက်လုနီးနီးဖြစ်နေသည်။ စာရေးသူတို့ဝန်းကျင်တွင် စာဖတ်သူအလွန်ရှားသည်။ စာဖတ်သော သူနှင့် စာမဖတ်သောသူသည် အလွန်ကွာခြားပါသည်။

တွေးဆဆင်ခြင်နိုင်ရန်မှာမူ ဝေးကွာလွန်းလှသည်။ စဉ်စားဆင်ခြင်ဉာဏ်ကွာခြားသည်။ အပြောအဆို ကွာခြားသည်။ ထို့အပြင် ကွာခြားမှုများက ပြောမကုန်တော့။ စာဖတ်ခြင်းအလေ့နှင့်ပျော်မွေ့နေသောသူသည် အတွေးအခေါ်ပိုင်းမှစ၍ ဝေဖန်ဆုံးဖြတ်သည့်အဆုံး ချင့်ချင့်ချိန်ချိန် လုပ်ဆောင်သွားနိုင်သည်။ စာမဖတ်သောသူများ ဟောဟော ဒိုင်းဒိုင်းနှင့် အဆိုးမြင်ဝါဒီအဖြစ်သို့ရောက်မှန်းမသိ ရောက်ကုန်ကြသည်။

စာရေးသူတို့ပြောသော စကားများကို အမှန်မမြင်နိုင်တော့သည့်အထိ ဖြစ်ကုန်သော သူများကိုလည်း မြင်ရသည်။ အဘယ့်ကြောင့်နည်း။ စာအုပ်များသည် တန်ခိုးရှိသည်။ ထိုတန်ခိုးကြောင့်ပင် စာရေးသူတို့ စာအုပ်ဖတ်သော အသိုင်းအဝန်း တောက်ပြောင်လာရသည်။ အများ၏ လေးစားကြည်ညိုဖွယ်ရာ၊ အများ၏ တိုင်ပင်နှီးနှောဖွယ်ရာအဖြစ်သို့ရောက်ရှိရခြင်းသည် စာဖတ်ခြင်းအလေ့တစ်ခုကြောင့်ဟု ပြောရမည်။ စာအုပ်များထဲမှာ ဖတ်ရှူလေ့လာခဲ့သော အကြောင်းအရာများသည် မှီငြိမ်းကိုးကားပြောဆိုရာတွင် အသုံးဝင်သည်။ စာရေးသူတို့ လွဲမှားစွာခံယူထားသော အချက်အလက်များကိုလည်း အမှန်အဖြစ်သို့ရောက်အောင် နည်းပေးလမ်းပြနိုင်သည်။

စာများများဖတ်ခြင်းဖြင့် လူများကို ကူညီနိုင်သည်။ စာအုပ်များမှပေးသော အသိပညာ၊ ဗဟုသုတများသည် တဆင့်ပြန်လည်ပြောဆိုနိုင်လာသည်။ အများကြားထဲတွင် ထင်ပေါ်စေလိုခြင်းငှာ စာအုပ်ဖတ်ခြင်းမဟုတ်ခဲ့။ သို့မူ အများစုသော လူများသည် စာဖတ်သောသူများကို အမြင်ဇောင်းကြသည်။

စာမဖတ်လည်း ဘာအရေးလဲ?

စာအုပ်ဖတ်နေလို့ ပိုက်ဆံရသလား?

စာအုပ်ဖတ်တော့ရော ဘာတွေဖြစ်လာမှာလဲ?

စသဖြင့်မေးကြသည်။ တစ်ချို့က

တက်ကျမ်းတွေရေးနေတဲ့ တစ်ချို့စာရေးဆရာတွေ အပြင်မှာ ချမ်းသာသလား?

သူတို့တောင်ရေး မြောက်ရေး ရေးနေတာတွေကို ငါတို့ကဖတ်စရာလား?

သူတို့ရေးတာတွေ အမှန်လို့ ပြောနိုင်လို့လား?

သူတို့က ဆရာကြီးလား?

ဟု ခနဲ့မေးမေးကြပါသည်။

စာအုပ်ဟူသည် တောင်ရေးမြောက်ရေးရေးပြီး ဖြစ်မလာနိုင်သည်ကို သူတို့မသိကြ။ အကောင်းမြင်ဝါဒထက် အဆိုးမြင်ဝါဒက ဆိုးမိုးနေသည်။ စာအုပ်များဖတ်ပြီး မျက်စိမှိတ် ယုံကြဖို့မပြောလိုပါ။ အများက မှန်သည်ဟုပြောတိုင်းလည်း လက်မခံသင့်ပါ။ ကိုယ်ကိုယ်တိုင် တွေးဆဆင်ခြင် နှိုင်းယှဉ် ဝေဖန်သုံးသပ်ကြည့်ပါ။ သို့မှသာလျှင် မည်သည့်အကြောင်းအရာသည် အမှန်ဖြစ်နည်းဆိုသည်ကို ကိုယ်ကိုယ်တိုင် အဖြေထုတ်နိုင်ပါလိမ့်မည်။

စာမဖတ်လည်း ဘာအရေးလဲ?

စာမဖတ်လည်း ဘာအရေးလဲ? ဘာမှတော့မဖြစ်ပါ။ သေမသွားနိုင်ပါ။သို့သော် လူများနောက်ကောက်ကျပြီး နောက်လိုက်ဘဝတွင် ကျန်ရစ်ခဲ့နိုင်ပါသည်။

စာအုပ်ဖတ်နေလို့ ပိုက်ဆံရသလား?

စာအုပ်ဖတ်နေလို့ လတ်တလော ပိုက်ဆံမရနိုင်ပါ။ သို့သော် စာအုပ်များမှပေးသော အသိပညာများကြောင့် ဆင့်ပွားခံစား အကျိုးများလာနိုင်ပါသည်။

စာအုပ်ဖတ်တော့ရော ဘာတွေဖြစ်လာမှာလဲ?

စာအုပ်တစ်အုပ်ဖတ်ပြီး ချက်ချက်းလက်ငင်း အကျိုးခံစားခွင့်သည် ဖတ်ရှုုသူနှင့်သာလျှင်ဆိုင်ပါသည်။ စာအုပ်ဖတ်ပြီး ဆရာဝန်ကြီးဖြစ်လာနိုင်သည်။ အင်ဂျင်နီယာဖြစ်လာနိုင်သည်။ စာရေးဆရာ၊ဖြစ်လာနိုင်သည်။ ဖြစ်လာနိုင်စရာအကြောင်းများစွာရှိသည်။

အထက်ပါ မေးခွန်းများ မေးနေကြသော သူများကြောင့် စာကြည့်တိုက်ပျောက်ဆုံးရတော့မည်။ စာအုပ်အပေါ် တန်ဘိုးမထားသော သူများသည် စာအုပ်အတွင်းရှိ စာရွက်များကိုရောတန်ဘိုးထားနိုင်ပါဦးမည်လား.။

ဆက်ပါဦးမည်

သော်ဇင်(လွိုင်ကော်)

Date-19th-March-2012

11:27Pm

2 comments

  • zaw min

    March 19, 2012 at 11:59 pm

    ကိုသော်ဇင်ရေ…တန်ဖိုးဆိုတာ နားလည်တဲ့သူမှနားလည်တာဗျ…တန်ဖိုးထားတတ်တဲ့သူတွေအတွက်တော့ အဖိုးထိုက်တန်လှသော ရတနာသိုက်ပဲပေါ့ဗျာ…အဲဒီ စာကြည့်တိုက်လေး ပြန်လည်ဖွင့်နိုင်အောင် ဝိုင်းဝန်းကူညီစေချင်ပါတယ်…အကြံပြုပေးစေချင်ပါတယ်…

  • kyeemite

    March 20, 2012 at 8:24 am

    ကိုသော်ဇင်ရေ..ခင်ဗျားရဲ့စေတနာကိုနားလည်ပါတယ်..
    ကျွန်တော့်သဘောကတော့ ..ကိုယ်နဲ့အနီးစပ်ဆုံးလူကစပြီး
    တဖြည်းဖြည်းပညာပေးစည်းရုံးယူသွားရမှာပါဘဲ…
    အားလုံးကနားမလည်တောင်..တစ်ဦးတစ်ယောက်
    သဘောပေါက်သွားရင်လည်း..အကျိုးမနည်းပါဘူး..
    ကိုယ်တိုင်တောင် အိမ်က ကလေးတွေ စာဖတ်တဲ့အလေ့အထ
    ရလာအောင် စည်းရုံးသိမ်းသွင်း နေရတယ်..အစတော့မလွယ်ပေမဲ့..
    တဖြည်းဖြည်းတော့ စာဖတ်ခြင်းတန်ဘိုးကို
    သဘောပေါက်လာတာတွေ့ရပါတယ်..
    အားမလျှော့ပါနဲ့…

Leave a Reply