ခိုးကူးနှိမ်နင်းရေးစီမံချက်ကြောင့် မူရင်းဗီဒီယိုအခွေများ အရောင်းမြင့်တက်

klnJune 9, 20101min410

ဇွန်လ ၁ရက်တွင် စတင်ဆောင်ရွက်နေသော ခိုးကူးနှိမ်နင်းရေး စီမံချက်ကြောင့် တရားမဝင်ကူးယူဖြန့်ချိခြင်းများ အရှိန်တန့်သွားခဲ့ပြီး လဆန်းပိုင်းတွင် ဖြန့်ချိခဲ့သော မြန်မာဗီဒီယိုဇာတ်လမ်းခွေများ၏ မူရင်းဖြန့်ချိသည့်ချပ်ရေများ ထက်ဝက်နီးပါးမြင့်တက်ခဲ့ကြောင်း ၃၅လမ်းဝန်းကျင်ရှိ ဗီဒီယိုဖြန့်ချိရေးအချို့ထံမှ သိရသည်။ “ ကျွန်မတို့ မာန်ထက်ချီ ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးက ဇွန် ၁ရက်မှာ “ချိုးကူးသံ” ဇာတ်ကားဖြန့်တယ်။ ရန်ကုန်တစ်မြို့တည်းအတွက် မူရင်းချပ်ရေ ၁၅၀ဝ ရိုက်ရတယ်။ အရင်ကထက် ၅၀၀ဝနီးပါး ပိုရိုက်ရတယ်။ မနက် ၆နာရီခွဲက စပြီးဖြန့်တာ ည ၈နာရီလောက်မှ စာရင်းပိတ်ပါတယ်။ ခွေပြတ်လပ်သွားတာတော့ မဖြစ်ပါဘူး။ ကျွန်မတို့က ဆင်ဆာကို ပိုဝယ်ထားတယ်။ ကူးတဲ့စက်ကလည်း ကိုယ့်မှာ အသင့်ရှိတော့ လိုချင်တဲ့သူတွေကို အချိန်မီပေးနိုင်ပါတယ်။ ခုလို ခိုးကူးတွေကို ဖမ်းဆီးတာ တကယ်အောင်မြင်သွားရင် လုပ်ငန်းရှင်တွေလည်း အသက်ရှုချောင်တာပေါ့။ ပိုက်ဆံအကုန်ခံပြီး ရသင့်ရထိုက်တာပြန်မရရင် မကာမိဘူးလေ ” ဟု မာန်ထက်ချီရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးမှ တာဝန်ခံကပြောသည်။ “ ကျွန်မတို့ Lucky Seven ဗီဒီယိုထုတ်လုပ်ရေးက မေ ၂၈ရက်မှာ ပြန်ခဲ့တဲ့ “ဇောင်း” ဇာတ်ကားကို ခွေပြတ်လပ်တာဖြစ်သွားတယ်။ ဒါပေမဲ့ ချပ်ရေသိပ်အများကြီးတော့မဟုတ်ပါဘူး။ ဇွန်လဆန်းပိုင်းမှာ ဖြန့်ခဲ့တဲ့ ကိုသားကြီး(ဒွေး) ကားကျတော့ မူရင်းခွေချပ်ရေ လေးငါးထောင်လောက် ပိုရိုက်ရပါတယ်။ ဇွန် ၁ရက်နေ့ကဆိုရင် ဒီထုတ်လုပ်ရေးအများစုရှိတဲ့ ၃၄နဲ့ ၃၆ လမ်းတစ်ဝိုက်မှာ မူရင်းချပ်ရေ ပြတ်လပ်သွားတဲ့ ထုတ်လုပ်ရေးတွေ သတင်းကိုကြားရပါတယ် ” ဟု Lucky Seven ထုတ်လုပ်ရေးမှ ဒေါ်အေးအေးဝင်း ကပြောသည်။ ခိုးကူး ဖမ်းဆီးနှိမ်နင်းမှုကြောင့် ၃၅လမ်းအနီးရှိ ရုပ်ရှင်ရုံများအောက်ထပ်တစ်လျှောက် ရောင်းချနေသော လမ်းဘေးဆိုင်များ ပိတ်သိမ်းထားသည်ကို တွေ့ရပြီး ရန်ကုန်မြို့လယ်ခေါင်နေရာ အများစုတွင်လည်း လမ်းဘေးဆိုင်များ ရောင်းချခြင်းမရှိသည်ကို တွေ့ရသည်။ အချို့မြို့နယ်များတွင် အခွေရောင်းချခြင်းများ ရှိနေသော်လည်း မြန်မာစာတန်းထိုး နိုင်ငံခြားဇာတ်လမ်းတွဲများသာ ပါဝင်သည်ကိုတွေ့ရသည်။