ဗိုလ်ချုပ်အောင်းဆန်း ပုံ စတစ်ကာ ကပ် ထားသောကားများ နန်းတွင်းဝင်ခွင့်မပေး…………………

Sitt Thwe KyawMarch 20, 20121min1027

နိုင်ငံခြားသားခရီးသည်တင်တဲ့ကားကိုတော့ သည်လောကမှာ တိုးရ်ကားလို့ခေါ်ပါတယ်။
သည် တိုးရ်ကားတွေဘာလို့နန်းတွင်းဝင်ရသလဲဆိုရင် ဧည့်သည်ကို မြနန်းစံကျော် ရွှေနန်းတော်ပြဖို့ပါ။
နန်းတွင်းကို (၁၉)လမ်းအရှေ့ပေါက်ကပဲဝင်ရတယ်၊ အဲဒီမှာ ရှေးဟောင်းရဲ့ zone fee (US$) ကောက်တဲ့ဂိတ်ရှိလို့ပါ။

ကားက ဂိတ်ကို်ရောက်ပြီး ဘာလုပ်ရလဲဆိုရင်…..လုံခြုံရေးဂိတ် အနောက်လွတ်တဲ့နေရာမှာရပ်ထားပြီး
ယာဉ်မောင်းက လုံခြုံရေးဂိတ်မှာ အမည်၊ယာဉ်အမှတ်၊လူဦးရေပြောပြီး ယာဉ်မောင်းလိုင်စင်ပါပေးခဲ့ရတယ်။
တိုးရ်ဂိုက်က လမ်းတဘက်မှာရှိတဲ့ ရှေးဟောင်းဂိတ်မှာသွားပြီး zone fee ဆောင်ပြီးရင်လည်းဆောင်ပြီးကြောင်း
လက်မှတ်ပြ၊ မဆောင်ရသေးရင်လည်း ဆောင်ရပါတယ်။ (သည်အလုပ်ကို တိုးရ်ဂိုက်မပါရင် ယာဉ်မောင်းက
လုပ်ပေးရပါတယ်။)
အဲသည်လုပ်ငန်းစဉ်တွေပြီးမှ မီးပွိုင့်က မီးစိမ်းပြမှ နန်းတွင်းထဲ ဝင်ရပါတယ်။

မနေ့က(18.3.2012) ညနေ(၄)နာရီ လောက်က ကျွန်တော်ကားဖြစ်ခဲ့တဲ့ဖြစ်ရပ်မှာ………
အထက်က လုပ်ငန်းစဉ်တွေပြီးလို့ ကားအထွက်မှာ မျက်နှာချင်းဆိုင်က မီးပွိုင့်ဂိတ်မှာထိုင်နေတဲ့
အရာရှိက ကားလေကာမှန်အထက်ထောင့်မှာ ကပ်ထားတဲ့ ဗိုလ်ချုပ်ပုံကိုမြင်သွားတယ်ထင်ပါတယ်။
ကားက မီးစိမ်းလို့ မုဒ်ကိုဖြတ်ပြီး အထဲကိုအဝင်မှာ အတွင်းဂိတ် ကရဲဘော်ကထွက်တားပြီး၊ဗိုလ်ချုပ်စတစ်ကာကို
အရာရှိက ခွာခိုင်းကြောင်း၊ မခွာပါက နန်းတွင်း သို့ဝင်ခွင့် မပေးနိုင်ကြောင်း ပြောပါတယ်။
မင်းတို့တပ်မတော်ဖခင်ပုံကိုစစ်ယူနီဖောင်းဝတ်ထားပြီးခွာခိုင်းပေမယ့်
ငါတို့က လေးစားကြည်ညို လို့ ကပ်ထားတာ မခွာ နိုင်ဘူး၊
ဝင်ခွင့်မပေးလည်းသည်နားမှာရပ်ထားမယ်၊မင်းတို့ခွာမယ်ဆိုလည်း ကားပေါ်မှာ နိုင်ငံခြားဧည့်သည်ပါနေသည့်အတွက်
မသင့်တော်ကြာင်း ကို တိုရ်ဂိုက် ကလည်းဝိုင်းကူပြောပါတယ်။
ခွာမယ်ဆိုရင် ခွာခိုင်းတဲ့ အရာရှိကိုယ်တိုင်လာခွာလှဲ့ပါ လို့ပြောတော့၊ရဲဘော်က အရာရှိကိုသွားခေါ်ပါတယ်။
ဒါပေမဲ့ အရာရှိရောက်မလာပဲ အခြားရဲဘော်တစ်ယောက်ရောက်လာပါတယ်။
၎င်းရဲဘော်က စတစ်ကာကပ်ထားသောကားများ မည်သည့်ကားမဆို နန်းတွင်း သို့ဝင်ခွင့်မပြုရန်
အထက်မှညွှန်ကြားထားကြောင်းပြောပါသည်။ ထို့နောက် ၎င်းရဲဘော်မှပင် သူ့အား နားလည်ပေးပါရန်
တောင်းပန်ပြီး သူ လည်းပဲ တပ်မတော်သား တယောက် ဖြစ်လို့ ဗိုလ်ချုပ်ကိုလေးစားပါကြောင်း၊
မခွာ ပဲသွားခွင့်ပြုခဲ့ရင်လည်း အထက်မှ သူ့ အားအရေးယူ အချုပ်ချခံရမည်ကိုကြောက်ရပါကြောင်း၊
ဗိုလ်ချုပ် ပုံ စတစ်ကာကို စစ် ယူနီဖောင်းဝတ်ရဲဘော်မှ ခွာယူပြီး ပုံကို လွှင့်မပစ်ပဲ ယာဉ်မောင်းအား
ပြန်ပေးကာ၊ အခြားနေရာရောက်မှ ပြန်ကပ်ပါရန် ပြောပြီးသူ့အားလည်းနားလည်ခွင့်လွှတ်ပေးရန်
တောင်းပန်သွားပါသည်။

ယင်းသို့ဖြစ်နေစဉ် ဘေးမှ အရပ်ဝတ်ရဲဘော်တဦးမှ အမေစု မန်းလေး လာတဲ့နေ့က နန်းတွင်းအတွင်းရှိ
ဝန်ထမ်းမိသားစုအားလုံးကို အပြင်ထွက်ခွင့်မပေးကြောင်း နှင့်  ဗိုလ်ချုပ်အောင်ဆန်းပုံ စတစ်ကာ ကပ်ထားသော
ရဲဘော် တဦး ၏ဆိုင်ကယ်အား ဖမ်းဆီး ပြီး ဆိုင်ကယ် ကိုသိမ်းကာ ရဲဘော်ကိုအချုပ်ချထားကြောင်းပြောပါသည်။

ယင်းနောက် နန်းတွင်းမှပြန်အထွက်တွင် လုံခြုံရေးဂိတ်မှာထားခဲ့ရတဲ့ ယာဉ်မောင်းလိုင်စင်ပြန် အယူတွင်
တာဝန်ကျ လုံခြုံရေးရဲဘော် မှ လဘက်ရည်ဖိုးပေးခဲ့ပါဦး ဟုတောင်းပါသည်။

7 comments

  • ကိုရင်မောင်

    March 20, 2012 at 3:28 pm

    တို့နိုင်ငံမလဲပြောင်းလွဲဘို့တော်တော်အချိန်ယူရအုံးမယ်ထင်တယ်…
    အားဏာရူးတွေအာဏာကိုလက်လွတ်ရမှာတော်တော်ကြောက်နေပုံရတယ်…

  • kyeemite

    March 20, 2012 at 3:42 pm

    အော်..ဒုက္ခ ဒုက္ခ..
    တပ်မတော်အနေနဲ့ အမြင်မှန်မရသေးဘူးဆိုတာပြတာဘဲ..
    အမိန့်နာခံနေရတဲ့ အောက် ခြေရဲဘော်တွေကိုတော့ နားလည်ပေးနိုင်ပါတယ်..
    .ဒီလိုအမိန့်မျိုးထုတ်တဲ့ကောင်တွေ..ဖအေကိုစော်ကားတဲ့ကောင်တွေ..
    ကိုတော့ရွံတယ်ဗျာ..

  • အသူရာ

    March 20, 2012 at 4:17 pm

    အော်…………. ဖခင် အရင်းကို ဘေးဖယ်ထားပြီးတော့
    ပထွေးကို အဖေခေါ်ချင်တဲ့ကောင်တွေရှိတုန်းပဲကိုး ဟူးးးးး 😥

  • minn zaw

    March 20, 2012 at 10:29 pm

    နန်းတွင်းက စစ်တပ်ပိုင်တယ်လို့ ဘယ်လိုမျက်နှာနဲ့ ပြောရဲသလဲ။ စစ်အစိုးရလက်ထက်တုန်းက လုပ်ချင်သလို

    လုပ်ခဲ့သမျှ သူတို့ပြောတဲ့ ဒိမိုကရေစိ(..??.)ခောတ်မှာ အပိုင်စီးလို့ မရဘူး။

    ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ တကယ့်တပ်မတော် က မရှိတော့တာ ကြာခဲ့ပါပြီ။

    စစ်တပ်ကို တပ်မတော်လို့ကို ပါးစပ်ကထွက်လို့မရတာ လူမှန်းသိတတ် စ က ပါ။

  • piti

    March 21, 2012 at 9:52 am

    NLD တံဆိပ်တွေ၊ အလံတွေကို ဖြုတ်ခိုင်းနေတာ ပါတီတစ်ခုရဲ့ အလံတွေမို့လို့ အဝင်မခံဘူးဆိုရင် ကြံ့ဖွံ့ပါတီရဲ့ အလံပါတဲ့ ကားတွေ၊ တီရှပ်(အလကားရလို့)ဝတ်ထားတဲ့သူတွေကိုကြတော့ ဝင်ခွင့်ပေးတာ မြင်နေရကတော့ စိတ်ထဲကျလိကျလိဖြစ်ခဲ့တယ်။ နိုင်ငံတော်ကို တရားဝင် ခွင့်ပြုထားတဲ့ ပါတီချင်းအတူတူ ခွဲခြားခံနေရတာကိုတော့ စိတ်မကောင်းဖြစ်ရတယ်။

    ပါတီအမှတ်အသားတံဆိပ်၊ အလံပါတဲ့ကားမို့ အဝင်မခံတာကို လွန်လွန်းနေတဲ့ သူတွေ တပ်မတော်ရဲ့ ဖခင်အစစ်၊ အရင်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ကပ်ထားတဲ့ကားကိုတောင် ဝင်ခွင့်မပေးဘူးဆိုတော့…………. ခေတ်သစ်အဇာတသက် မဖြစ်စေချင်ပါဘူးဗျာ………

  • Lwin Aung

    March 21, 2012 at 1:05 pm

    What are Major General Ye Aung doing?

Leave a Reply